သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မန္တလေး ကျူးကျော်မြေများ ပြန် သိမ်းမည်


မန္တလေးတိုင်းအတွင်းက ကျေးရွာသူ ရွာသားများ
မန္တလေးတိုင်းအတွင်းက ကျေးရွာသူ ရွာသားများ
မန္တလေးတိုင်းဘက်မှာတော့ မြို့နယ်သုံးမြို့နယ်က ကျေးရွာတွေက ထောင်ချီတဲ့ အိမ်ခြေတွေကို စက်တင်ဘာလမှာ နောက်ဆုံးထား ဖျက်သိမ်းပေးဖို့ မန္တလေးတိုင်းဒေသကြီး အာဏာပိုင်တွေက ပြောဆိုလိုက်ပါတယ်။ ရက်ပိုင်းအတွင်းမှာ ကိုယ့်အစီအစဉ်နဲ့ ကိုယ်အမြန်ဆုံးပြောင်းကြဖို့ မန္တလေး စည်ပင်ဘက်က ခေါ်ပြီး သတိပေးတာဖြစ်တဲ့အတွက် ကျေးရွာသူ ရွာသားတွေ အခက်အခဲနဲ့ရင်ဆိုင်နေရတာပါ။ ဒီအကြောင်းအသေးစိတ်ကို မဆုမွန်က တင်ပြပေးထားပါတယ်။

မန္တလေးတိုင်း တိုင်းဒေသကြီးထဲက ချမ်းမြသာစည်မြို့နယ်
ပြည်ကြီး တံခွန်မြို့နယ် နဲ့ အမရပူရမြို့နယ်ထဲက မြို့ကွက်သစ်ဖော် ထားတဲ့နေရာတွေက ကျေးရွာ တွေမှာ နေထိုင်သူတွေကို ရက်ပိုင်း အတွင်းမှာဘဲ မိမိတို့အစီအစဉ်နဲ့ အမြန်ဆုံး ပြောင်းရွှေ့ကြဖို့ မန္တလေး စည်ပင်က ခေါ်ယူသတိပေး ပြောဆိုလိုက်တဲ့အတွက် ကျေးရွာသူ ရွာသားတွေ အခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရတယ်လို့ မန္တလေး မြို့ခံတွေက ပြောပါတယ်။

“အခုလိုပဲ လက်လွတ်စပယ်ပဲ ရွှေ့လိုက်ပါ ဆိုတဲ့အခါကျတော့ သူတို့မှာ ပြေးစရာ မြေမရှိပဲ ဖြစ်သွားတာပေါ့ဗျာ။ အဲ့တော့ သူတို့ရပ်တည်နေတဲ့ ဘဝလေးက ပျက်စီး သွားမှာ စိုးတဲ့အတွက် ဒီလိုနည်းနဲ့ ဆောင်ရွက်မယ့်အစား တခြားသင့်တင့်တဲ့ နည်းလမ်းတွေနဲ့ ဆောင်ရွက်စေချင်တဲ့ ဆန္ဒတွေနဲ့ ပြောကြတယ်။ ဥပမာအားဖြင့် ဆိုရင် သူတို့ကို မြေကွက်အစားပြန်ချထားပေးမယ်ဆိုရင်လည်း ချထားပေးပေါ့။ ဝေးချင် ဝေးပါစေပေါ့ဗျာ။

နောက်တချက်က သူတို့ရဲ့ ဒီလိုဟာမျိုးလေးတွေကို တက်နိုင်ရင် အခွန်အခတွေ နိုင်ငံတော်ကို ပေးဆောင်ပြီးတော့ မြေဂရမ်ဖောက်ပေးပါ။ နိုင်ငံတော်ရဲ့ အကျိုးစီးပွားအတွက်ဆို အခွန်အခတွေ ပေးဆောင်ပါ့မယ်။ မြေခွန်တွေ မြေဂရမ်ခတွေ လိုအပ်တဲ့ ဖိုင်းချရင်လည်း ချပေါ့ဗျာ။ ဒီအတွက် လိုအပ်တဲ့ ငွေကြေးတွေ ထပ်ပြီး ပေးဆောင်ပါဆို ပေးဆောင်ပါမယ်။ လက်ရှိနေမြဲအတိုင်းလေး နေချင်တယ်ပေါ့ဗျာ။ ဒီသဘောလေးကိုလည်း တချို့ပြည်သူများက ပြောပါတယ်။”

ဒီလိုမျိုး အစိုးရက သိမ်းယူထားခဲ့တဲ့ မြေကွက်တွေထဲက လယ်ယာမြေတွေမှာ တောင်သူတွေက အသုံးပြု နေထိုင်နေမူတွေကို မန္တလေးတိုင်း စည်ပင်သာယာရေး ကော်မတီ က လက်ရှိနေထိုင်သူတွေကို တစုံတရာ ညိုနိုင်းခြင်းမရှိဘဲ ပြန်သိမ်းယူဖို့
ကြိုးပမ်း ဆောင်ရွက်နေတာဖြစ်တယ်လို့ မန္တလေးမြို့ခံတွေကပြောပါတယ်။

အစိုးရရဲ့ ခွင့်ပြုမိန့်နဲ့ သိမ်းယူပြီးတော့ လျော်ကြေးတွေ ပေးထားပြီးသားဖြစ်တယ်လို့ မန္တလေးတိုင်း စည်ပင်က ပြောဆိုခဲ့တဲ့အကြောင်းကိုလည်း မန္တလေးမြို့ခံ ကိုမင်းထက်ငြိမ်းချမ်းကပြောပါတယ်။

“ အဲ့ဒီ့မြို့ကွက်သစ်တွေကို မြေသိမ်းယူစဉ်တုန်းကတဲ့၊ ၁၉၉၁ခုနှစ်ကပေါ့ တောင်သူတွေ နစ်နာမှုမရှိစေဖို့အတွက် နစ်နာကြေးတွေ တဧကကို ငွေကျပ်လေးထောင်နှုန်းနဲ့ မြေအစားပေးပြီးသားဖြစ်ပါတယ်တဲ့။ ဒီမြို့ကွက်သစ်မြေတွေကို မြို့ကွက်သစ်ဖောက်ထုတ်ရေးအဖွဲ့က စနစ်တကျ အကွက်ရိုက်ဖော်ထုတ်ပြီးတော့ မူလမန္တလေးမြို့ထဲက ကျူးကျော်မြေတွေ၊ နောင်တခါ မီးလောင်ခံရတဲ့သူတွေ နောက် ပတ်လမ်းဖောက်စဉ်က ဖယ်ရှားပေးခံရတဲ့သူတွေ၊ နောက် ကန်တော်ကြီး ခရိုင်လှပရေးစီမံကိန်း ဆောင်ရွက်စဉ်က ဖယ်ရှားပေးခဲ့ရတဲ့သူတွေ နောက် လုပ်သက်၂၅နှစ်နဲ့ အထက် ဝန်ထမ်းတွေကို နေရာချထားပေးပြီးသား ဖြစ်ပါတယ်တဲ့။

အဲ့သလို မြို့ကွက်သစ်ဖော်ထုတ်မူ လုပ်ငန်းတွေကို လွန်ခဲ့တဲ့ နှစ်၂၀ကျော် ကတည်းက ဆောင်ရွက်ထားခဲ့ပြီး ဥပဒေလုပ်ထုံးလုပ်နည်းနဲ့ အညီ အကောင်အထည် ဖော်ထားပြီးသား ဖြစ်တဲ့အတွက် တောင်သူတွေ နစ်နာမူမရှိဖို့အတွက် အဲ့တုန်းကငွေကြေးတွေ မြေကွက်တွေကို စီမံပေးခဲ့ပြီး ဖြစ်တဲ့အတွက် ဝင်ရောက်ပြီး ဝင်းခြံကာရံပြီး နေတဲ့တချို့ထဲမှာ မူလလယ်ပိုင်ရှင်တချို့လည်းပါတယ်။

တချို့က မသိနားမလည်လို့ ဝယ်လို့ရတယ် ထင်ပြီးတော့ ဝယ်ပြီး နေတဲ့သူတွေ ရှိတယ်။ တချို့ကတော့ မြေပွဲစားတချို့က စည်းရုံးဟောပြော ဖြားယောင်း သွေးဆောင်လို့ မြေနေရာရလိုမှုနဲ့ ဝင်ရောက်နေထိုင်သူတွေလည်းရှိတယ်လို့ သူတို့သုံးသပ်ပါတယ်တဲ့။ အဲ့သလို နေတဲ့သူတွေဟာ တရားမဝင် ဝင်ရောက်နေထိုင်သူတွေ ဖြစ်ကြလို့ ဖိတ်ကြားပေးဖို့ သတင်းစာကနေ ၈လပိုင်း ၁၅ရက်နေ့ နောက်ဆုံးထား ဖယ်ရှားပေးဖို့ ကြေငြာထားခြင်း ဖြစ်ပါတယ်တဲ့။

တချို့က ဖယ်ရှားခြင်းမရှိပဲ ဆက်လက်နေထိုင်တယ်လို့ သိရတယ်တဲ့။ ဒါကြောင့် မသိတဲ့သူတွေ သိရအောင်လို့ အခုလို ခေါ်ယူတွေ့ဆုံရှင်းလင်းတာပါဆိုပြီးတော့မှ သူတို့က ချမ်းမြ သာစည်မြို့နယ်မှာလည်း ပြောခဲ့ပြီးပြီ။

တခါ နိဂုံးချုပ်အနေနဲ့ဆိုရင် နိုင်ငံတော်က ဥပဒေ လုပ်ထုံးလုပ်နည်းနဲ့ အညီ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ကတည်းက စနစ်တကျ ဆောင်ရွက်ထားတာဖြစ်တဲ့အတွက် အခုနေထိုင်သူတွေဟာ ဥပဒေမဲ့နေထိုင်သူတွေဖြစ်တဲ့အတွက် ဖယ်ရှားပေးဖို့ သတ်မှတ်ချက်က ကျော်လွန်သွားပြီ ဖြစ်တဲ့အတွက် ကိုယ့်အစီအစဉ်နဲ့ အေးအေးချမ်းချမ်း ဖယ်ရှားပေးဖို့ သူတို့ပြောလိုပါတယ်ပေါ့ဗျာ။

တကယ်လို့ ဖယ်ရှားပေးခြင်း မရှိဘူးဆိုရင် တရားဥပဒေနည်းလမ်းအရေ အရေးယူဆောင်ရွက်သွားမယ်ဆိုပြီးတော့မှ ခေါ်ရှင်းပြတာ။ ဆွေးနွေးပွဲ မလုပ်ဘူး။
အဲ့တော့ အားလုံးက နားထောင်ပြီးပဲ ပြန်ကြရတယ်။

အဲ့ဒီ့အတွက် တော်တော်စိတ်မကောင်းဖြစ်ကြတယ်။ တချို့လည်း ကြိတ်မနိုင်ခဲမရဖြစ်ကြတယ်။ တချို့လည်း ရုတ်တရက်ပေါ့ဗျာ။ မူးမိုက်သွားပြီး ဘာလုပ်လို့ လုပ်ရမှန်းမသိဖြစ်သွားကြတာပေါ့ဗျာ။”

အစိုးရတာဝန်ရှိသူတွေဘက်က လက်ရှိနေထိုင်နေကြတဲ့ မန္တလေးတိုင်း ဒေသကြီးတွင်းက ရွာသူရွာသားတွေကို ဒီနေထိုင်နိုင်မူအတွက် အပြေလည်ဆုံးနည်းလမ်းနဲ့ ညင်ညင်သာသာ ကိုင်တွယ်ဖြေရှင်းပေးဖို့ကို မန္တလေးရပ်မိရပ်ဖတွေက လိုလားနေကြတယ်လို့လည်း ကိုမင်းထက်ငြိမ်းချမ်းကပြောပါတယ်။

ချမ်းမြသာစည်မြို့နယ်တွင်းက ကျေးရွာတွေကို စက်တင်ဘာလ ၁၆ရက်နေ့ နောက်ဆုံး ထား ဖျက်သိမ်းခိုင်းပြီး ပြည်ကြီးတံခွန်မြို့နယ်တွင်းက နေအိမ်တွေကို စက်တင်ဘာလ ၁၉ရက်နေ့ နောက်ဆုံးထားပြီး ဖျက်သိမ်းခိုင်းနေတာဖြစ်ပါတယ်။

တကယ်လို့ နောက်ဆုံးဖျက်သိမ်းပေးရမယ့် အချိန်ကျော်လွန်သွားရင် တာဝန်ရှိသူတွေ ဘက်က မြေထိုးစက်တွေနဲ့ ကော်ပြီး နေအိမ်တွေကို ဖျက်ပစ်မယ်လို့ ခြိမ်းခြောက်ကြောင်းကိုလည်း ကျေးရွာဒေသခံတွေက ပြောပါတယ်။

နောက် အစိုးရပိုင်နေရာတွေမှာ တရားမဝင်နေထိုင်မူနဲ့လည်း တရားစွဲဆိုခံရမယ်လို့ ခြိမ်းခြောက်နေတဲ့အတွက် ဒေသခံတွေမှာ နေထိုင်ရေးနဲပတ်သက်ပြီးတော့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ပြောပါတယ်။
XS
SM
MD
LG