သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မန္တလေး သံရည်ကျိုစက်ရုံ ဗုံးပေါက်ကွဲ၊ လူငယ် ၃ ဦး သေဆုံး


မန္တလေးမြို့မှာ ဒီကနေ့မနက်ပိုင်းက ပေါက်ကွဲမှုတခုဖြစ်ပြီး လူငယ်သုံးဦး သေဆုံးသွားပါတယ်။ စစ်အတွင်း က လက်ကျန်လို့ယူဆရတဲ့ ဗုံး ပေါက်ကွဲပြီး သေဆုံးခဲ့ကြရတာလို့ မန္တလေးမြို့ခံတဦးက ဗွီအိုအေကို ပြော ပါတယ်။ ဒါ့အပြင် နောက်ထပ် မပေါက်ကွဲသေးတဲ့ ဗုံးတွေကိုလည်း တွေ့ရတယ်လို့ ဆိုပါတယ်။ အပြည့်အစုံ ကို ဘန်ကောက်ကနေ ဝိုင်းတော်သား ကိုကျော်ကျော်သိန်းက သတင်းပို့ထားပါတယ်။

ပေါက်ကွဲမှုဟာ မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်က စက်မှုရပ်ကွက်မှာ မနက် ၁၀ နာရီခွဲပတ်ဝန်းကျင်က ဖြစ်ခဲ့တာပါ။ အဲဒီက သံရည်ကျိုလုပ်ငန်းတခုမှာ စုဆောင်း ဝယ်ယူထားတဲ့ သံထည်အဟောင်းတွေကို ထုနှက် တဲ့အချိန် ပေါက်ကွဲမှုဖြစ်ခဲ့တာလို့ ဖြစ်ရပ်ကို အသေးစိတ်သိထားတဲ့ မန္တလေးမြို့ခံတဦးက ဗွီအိုအေ ကို ပြောပါတယ်။

“သခင်ဖိုးလှကြီး လမ်းမှာဗျ။ သခင်ဖိုးလှကြီး လမ်းဆိုတာက ရန်ကုန် မန္တလေး ကားလမ်းမ အဟောင်းရဲ့ အရှေ့ ပေ တစ်ထောင်ကျော် လောက်ဝေးတဲ့ နေရာက သံအရည်ကျို စက်ရုံလေး တစ်ခုမှာ ဖြစ်တာဗျ။ အဲဒီက သံတွေက အဟောင်းတွေကို သူတို့က ဝယ်ထားတာ။ သံရည်ကျိုစက်ရုံလေးက။ သံအဟောင်းတွေ ဝယ်ထားတဲ့ အခါကျတော့ အဲဒီ သံအဟောင်းတွေထဲကနေ သံတိုသံစကို ရွေးရင်းဖယ်ရင်းနဲ့ မို့ ထုရင်းနဲ့ အဲဒီ ဗုံးတစ်လုံးက ကွဲသွားတာဗျ။”

ပေါက်ကွဲမှုကြောင့် အလုပ်သမား လူငယ်သုံးဦး သေဆုံးသွားပြီး မပေါက်ကွဲဘဲ ကျန်နေသေးတဲ့ နောက်ထပ်ဗုံးတွေကိုလည်း တွေ့ရတယ်လို့ သူက ဆက်ပြောပါတယ်။

“အလုပ်သမားလေး ငါးယောက် ရှိတယ်ဗျ။ အဲဒီ သံတိုသံစ သန့်ရှင်းတဲ့ အဖွဲ့က ငါးယောက်ဗျ။ အဲဒီ ငါးယောက် က အခုသေသွားတာက (၁၆) နှစ်၊ (၁၇) နှစ်၊ (၁၃) နှစ် အရွယ်လေး သုံးယောက်ခင်ဗျ။ မပေါက်ကွဲ သေးတဲ့ ဗုံးကို က သုံးလုံးကျန်သေးတယ်။ သံတိုသံစ ဝယ်တဲ့ ထဲမှာ ပါလာတာ။ ဟိုးတုန်းက ဗုံးတွေ ဖြစ်မယ်ဗျ။ ကျနော်တို့ ကတော့ ဒါတွေ နားမလည်ဘူးလေ။ သူတို့ အခု ဘေးနားမှာ ပြောနေတဲ့ ပုံစံအရတော့ ဟိုးရှေးတုန်း တည်းက ဗုံးတွေဗျ။ အခုကျန်တဲ့ မပေါက်ကွဲသေးတဲ့ အသေးစားဗုံးတစ်လုံးက ဆိုရင်တဲ့ ပြင်းအားတော်တော်ကို ကြီးတဲ့ ဗုံးတဲ့။ အဲဒီ အမျိုးအစားက။ စစ်အတွင်းက မပေါက်ကွဲသေးတဲ့ ဗုံးလို့ ယူဆလို့ ရပါတယ်။”

မန္တလေးမြို့ခံပါ။ ပေါက်ကွဲမှုဖြစ်ပြီးတဲ့နောက် စစ်ဘက်နယ်ဘက်က အကြီးတန်း တာဝန်ရှိသူတွေ လာရောက် စစ်ဆေးနေတယ်လို့ ပြောပါတယ်။ အခုလို ဗုံးအဟောင်းတွေ ပေါက်ကွဲပြီး အသက်ဆုံးပါး ရတဲ့ဖြစ်ရပ်တွေ အရင်တုန်း ကလည်း ဖြစ်ခဲ့ဖူးပါတယ်။ မြန်မာနိုင်ငံမှာ ဒုတိယကမ္ဘာစစ်လက်ကျန် မပေါက်ကွဲသေးတဲ့ဗုံးတွေ အတော်များများ ရှိနေဦးမယ်လို့ ခန့်မှန်းကြပေမဲ့ အရေအတွက် အတိအကျကိုတော့ မသိရပါဘူး။

XS
SM
MD
LG