သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သင်္ကြန်အကြို မန္တလေးမီး အိမ်ရာကျော်ပြာကျ


ဒီကနေ့မနက်ခင်းပိုင်းက အိမ်ခြေ ၁၀၀ ကျော် မီးလောင်ခဲ့တဲ့ မန္တလေးတိုင်းက အခြေအနေကို ပြောပြပေးပါမယ်။ ခြင်ဆေးခွေကနေ စတင်လောင်ခဲ့တဲ့မီးကြောင့် ဒီကနေ့ မနက်အစောပိုင်းတုန်းက မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့ နယ်မှာ အိမ်ခြေ ၁၂၀ လောက် မီးလောင်ပျက်စီးခဲ့ပြီး မိသားစု ၁၃၀ ကျော် အိုး အိမ်မဲ့ဖြစ်ခဲ့ရပါတယ်။ ဒီမနက်ခင်းမှာပဲ ပြည်ကြီးတံခွန်မြို့နယ်မှာလည်း မီးလောင်မှု တခုဖြစ်ခဲ့ပါသေးတယ်။ မန္တလေးမြို့က မီးလောင်တဲ့ အခြေအနေကိုတော့ ဗီအိုအေမြန်မာပိုင်း သတင်းထောက် ကိုမိုးဇော်က တင်ပြပေးထားပါတယ်။

မန္တလေးမြို့မှာ မြန်မာနှစ်သစ်ကူး အတာသဘင်ပွဲအတွက် ပြင်ဆင်နေကြချိန်မှာပဲ ချမ်းမြသာစည် မြို့နယ်က ချီပါရပ်ကွက်မှာ မီးလောင်ကျွမ်းခဲ့တာပါ။ မီး စတင်လောင်ကျွမ်းတာကတော့ မနက် အစော ၂ နာရီလောက်ကစတင်ပြီး ၄ နာရီခွဲလောက်မှာမှ မီးငြိမ်းသတ်နိုင်ခဲ့တာဖြစ်ပါတယ်။ မီးလောင်ခဲ့တဲ့ အိမ်အရေ အတွက်နဲ့ လောင်ရတဲ့အကြောင်းကိုတော့ မန္တလေးမြို့၊ ဗဟိုမီးသတ် ဦးစီးဌာန တာဝန်ရှိသူတယောက်က အခုလို ပြောပါတယ်။

“၁၂၀ပါဗျာ။ ရွေဘော်စာပေါ့။ အဲဒီပေါ်မှာ ခြင်ဆေးခွေထွန်းရာကနေ စလောင် တာ။ အလွယ်ဆုံး ပြောမယ်ဆို လွှစာမှုန့်ပေါ့။ အဲဒီပေါ်မှာ ခြင်ဆေးခွေ ထွန်းတာပေါ့။”

မီးလောင်မှုမှာ ထိခိုက်သေဆုံးတာမရှိကြောင်းနဲ့ ပျက်ဆီးဆုံးရှုံးတဲ့ ငွေကြေး ပမာဏကိုတော့ တွက်ချက်နေဆဲဖြစ်ကြောင်း ပြောပါတယ်။
မီးလောင်ချိန်မှာ စစ်ကိုင်း၊ ကျောက်ဆည်က မီးသတ်ကားတွေပါ လာရောက်ငြိမ်း သတ်ခဲ့ရပါ တယ်။ မီးဘေးသင့်သူတွေအတွက် ကူညီထောက်ပံ့ပေးနေတဲ့ ချမ်းမြသုခ လူမှုကူညီရေးအသင်းက တာဝန်ရှိသူတယောက်က လက်ရှိဆောင်ရွက်ပေးနေတဲ့အခြေအနေကို အခုလို ပြောပါတယ်။

“ အိမ်ခြေ၁၂၀ လောက် ပါသွားပါတယ်ခင်ဗျ။ မိသားစု ၁၃၅ အိမ်ထောင်ခင်ဗျ။ အခုလောလောဆယ် ကျနော်တို့ ထမင်းထုတ်တွေ ပို့ပေးတယ်။ သောက်ရေ သန့်တွေ ဝေပေးထားတယ်ဗျာ။ နောက်တခါ သူတို့ ဘုန်းကြီးကျောင်းထဲ မှာနေထိုင်ဖို့ ဖျာတွေ ဝယ်ပြီးတော့ ဝေပေးထားတယ်ဗျာ။ နောက်တခါ အခမဲ့ ဆေးခန်းပေါ့လေ သွားဖွင့်ပေးထားတယ်ဗျာ။ အဲဒါ လောလောဆယ် လုပ်ထားတယ်။ နောက် ကျနော်တို့ စတီးလ်ဇလုံတို့၊ ဇွန်းတို့၊ ခြင်ထောင်၊ မတ်ခွက် အဲဒါတွေ ဝယ်ပြီးတော့ လှူတော့မှာဗျ။ သွားဝယ်နေပါပြီဗျ။”

ရတနာလူငယ်၊ လောကပါလ စတဲ့ အခြား လူမှုရေးအသင်းအဖွဲ့တွေလည်း လာရောက်လှုဒါန်းတာတွေ ရှိကြောင်းနဲ့ လောလောဆည်မှာတော့ မီးဘေးသင့် သူတွေကို မာန်အောင်ဘုန်းကြီးကျောင်းနဲ့ ရတနာ့ဗိမာန်မှာ နေရာချထားပါ တယ်။

ချမ်းမြသာစည်မြို့နယ်မှာ မီးငြိမ်းသတ်ပြီးတဲ့နောက် ဒီမနက် ၆ နာရီလောက် မှာ ပြည်ကြီးတံခွန်မြို့နယ် မှာ မီးလောင်ခဲ့တာကြောင့် အနည်းဆုံး အိမ် ၉ လုံး ပျက်ဆီးဆုံးရှုံးခဲ့တယ်လို့ မန္တလေး ဗဟိုမီးသတ် ဦးစီးဌာနက ပြောပါတယ်။
ဒီနေ့ထုတ် ကြေးမုံသတင်းစာမှာတော့ ဒီနှစ်မတ်လအတွင်း မြန်မာနိုင်ငံ တဝှမ်းလုံးမှာ မီးလောင်မှုပေါင်း ၃၂၄ ကြိမ်ဖြစ်ပွားခဲ့ကြောင်းနဲ့ ဒီမီးလောင်မှု မှာ ပေါ့ဆမီးကြောင့် ၁၇၉ ကြိမ်နဲ့ အများဆုံးဖြစ်ကြောင်း သတင်း ထုတ်ပြန် ထားပါတယ်။ မတ်လအတွင်း မီးလောင်မှုကြောင့် လူ ၆၅၀၀ လောက် အိုးမဲ့ အိမ်မဲ့ဖြစ်ရပြီး လူ ၇ ယောက်အသက်ဆုံရှုံးရသလို ကျပ်ငွေသန်း ၁၅၀၀ ကျော် ဆုံးရှုံးကြောင်း ဖော်ပြထားပါတယ်။
XS
SM
MD
LG