သုံးရလွယ်ကူစေသည့် Link များ

မန္တလေး ညမထွက်ရအမိန့် တမြို့ထပ်တိုးပြီး အခြေအနေ ငြိမ်သက်


ရန်ကုန်ရှိ ဗုဒ္ဓဘာသာဝင်တွေနဲ့ မြန်မာရဟန်းတော်တွေက မန္တလေးက ဘာသာရေးဆန်တဲ့ အကြမ်းဖက်ဆူပူမှုတွေကို ကန့်ကွက်ကြောင်း ချီတက်ဆန္ဒဖော်ထုတ်ကြစဉ်။ (ဂျုလိုင် ၄၊ ၂၀၁၄)

မန္တလေးမြို့မှာ ဒီရက်ပိုင်းအတွင်း ဖြစ်ပွားနေတဲ့ ဘာသာရေးဆန်တဲ့ ဆူပူ အကြမ်းဖက်မှုတွေကြောင့် မန္တလေးတိုင်းအတွင်းက ပုသိမ်ကြီး မြို့နယ်ကို ပြစ်မှုဆိုင်ရာ ကျင့်ထုံး ဥပဒေ ပုဒ်မ ၁၄၄ - သတ်မှတ်ချိန်အတွင်း ညမထွက်ရအမိန့်ကို တိုးချဲ့ထုတ်ပြန်လိုက်တဲ့အတွက် အခုဆိုရင် ဆူပူ အကြမ်းဖက်မှုတွေကြောင့် ပုဒ်မ ၁၄၄ ထုတ်ပြန်ထားရတဲ့ မန္တလေးတိုင်းအတွင်းက မြို့နယ်ပေါင်း ၇ မြို့နယ် ရှိသွားပါပြီ။ မန္တလေးမြို့က အပျက်အစီးနဲ့ ဖမ်းဆီးထိန်းသိမ်းမှုရဲ့ နောက်ဆုံးအခြေအနေတွေကိုတော့ မသိင်္ဂီထိုက်က စုစည်းတင်ပြပေးထားပါတယ်။

မန္တလေးမြို့မှာ ဒီလ ၁ ရက်နေ့က စတင် ဖြစ်ပွားခဲ့တဲ့ ဘာသာရေးအသွင်ဆောင်တဲ့ အကြမ်းဖက် ဆူပူမှုတွေကို ထိန်းသိမ်းဖို့ မန္တလေး စည်ပင် သာယာ နယ်နိမိတ်အတွင်းက အောင်မြေသာဇံ၊ ချမ်းအေးသာဇံ၊ မဟာအောင်မြေ၊ ချမ်းမြသာစည်၊ ပြည်ကြီးတံခွန်နဲ့ အမရပူရ မြို့နယ်တို့ကို ဇူလိုင်လ ၃ ရက်နေ့က သတ်မှတ်ချိန်အတွင်း ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ထုတ်ပြန်ခဲ့တာပါ။ ဒီလို ထုတ်ပြန်ကန့်သတ်ပြီး မနေ့ ဇူလိုင်လ ၄ ရက်နေ့မှာတော့ ဆူပူမှုတွေ ထပ်ပြီး ဖြစ်ခဲ့တာမို့ မန္တလေးတိုင်း ပုသိမ်ကြီး မြို့နယ်ကလည်း ပုဒ်မ ၁၄၄ ကြေညာခဲ့ရပါတယ်။ မနေ့က ဆူပူမှုတွေကတော့ ညပိုင်းလောက်မှာ ငြိမ်သက်သွားခဲ့ပြီး အခု ကျမတို့ ဆက်သွယ်တဲ့အချိန်မှာလည်း အခြေအနေ တည်တည်ငြိမ်ငြိမ် ရှိနေတယ်လို့ မန္တလေးတိုင်း ရဲဌာနချုပ် တာဝန်ကျ ရဲအရာရှိ တဦးက ဖြေကြားပါတယ်။

မေး။ ။ ဒီကနေ့ မန္တလေးအခြေအနေလေး သိချင်လို့ပါ။

“မန္တလေးအခြေအနေ အေးအေးဆေးဆေးပါပဲ။”

မေး။ ။ အဖမ်းအဆီးတွေများ ထပ်ရှိပါသေးလားရှင့်။

“မရှိပါဘူး ခင်ဗျ။”

မေး။ ။ နောက်ထပ် ဆူပူမှုဖြစ်ရင်တော့ ရဲအနေနဲ့ ပစ်တော့မယ်၊ ဘာ…ညာလည်း ရေးထားပါတယ်ဆရာ။ အဲဒါမျိုးများ သတင်းထုတ်ထားတာ ရှိပါလားရှင့်။

“အဲလိုတော့ မရှိပါဘူး ခင်ဗျ။”

ဒါကတော့ မန္တလေးတိုင်း၊ ရဲဌာနချုပ်က တာဝန်ကျ ရဲအရာရှိတစ်ဦး လို၊ တို၊ ရှင်း ဖြေသွားတာဖြစ်ပါတယ်ရှင်။ နောက်ပြီးတော့ အခု ဒီ လက်ရှိ မန္တလေးမြို့တွင်း အခြေအနေတွေကိုတော့ မန္တလေး မြို့ခံ ရှေ့နေကြီး ဦးသိန်းသန်းဦးက အခုလို ပြောပါတယ်။

“ဟုတ်ပါတယ်ဗျ။ ဒီနေ့ အခြေအနေကတော့ အခုအခြေအနေကတော့ လောလောဆယ် ငြိမ်သက်နေတာပဲ။ ကာဖျူးအချိန်အတွင်းကတော့ စစ်တပ်ချထားတာ မတွေ့ရဘူး။ civil force ဆိုတော့ ပထမဆုံးတော့ ရဲတပ်ဖွဲ့ဝင်လာမှာပဲ။ ရဲတပ်ဖွဲ့ဝင်တွေမနိုင်တော့မှ တပ်က ပါမယ်လို့ ထင်တယ်လေ။ အရောင်းအဝယ်အသွားအလာတွေကလည်း ည ၈ နာရီလောက်ဆို ခြောက်သွားတယ်။ ရုံးတွေကတော့ အများစုက မန္တလေးက ဈေးမြို့ဖြစ်တဲ့အခါကျတော့ တကယ်အလုပ်လုပ်ရတာက ၁၂ နာရီ နောက်ပိုင်းပေါ့နော်။ ကုန်စိမ်းတန်းတွေ ကုန်စည်တွေရောက်တာ၊ ပန်းတွေရောက်တာ-စတဲ့ အဲဒီဟာတွေ မရှိတော့ အရောင်းအဝယ်က ကျသွားတာပေါ့နော်။ နောက်တခါ ညဆိုရင်တော့ World Cup ဘောလုံးပွဲကြည့်ကြတာလည်း အပြင်ထွက်ပြီး လက်ဖက်ရည်ဆိုင်တွေမှာ ထွက်ကြည့်ကြတာ၊ အခု အပြင်ထွက်လို့မရတော့ အရောင်းအဝယ်တွေအရတော့ ကျဆင်းတယ်လို့ ပြောရမှာပေါ့။”

မန္တလေးရဲ့ ဆူပူအကြမ်းဖက်မှုတွေအတွင်း လူ နှစ်ဦးသေဆုံး၊ ဒဏ်ရာရသူ ၁၄ ဦးနဲ့ ဖမ်းဆီးထားသူ လေးဦးရှိတဲ့အကြောင်း အစိုးရဘက်က သတင်းထုတ်ပြန်ပါတယ်။ နောက် ဘယ်သူဘယ်ဝါတွေကို ဖမ်းထားတယ်ဆိုတာတော့ မပြောသေးပါဘူး။ မန္တလေး မွတ်ဆလင်အသိုင်းအဝိုင်းက ဒေါက်တာ သန်းမြင့်ကတော့ ဖမ်းဆီးထားခံရသူတွေရဲ့ အခြေအနေကို အခုလို ပြောပြပါတယ်။

“အဖမ်းအဆီးကတော့ မနေ့က ဂျွန်းဗလီကို မနက်က ၇ နာရီကို တပ်ကလာတာပေါ့လေ။ ရဲကလာတာမဟုတ်ဘူး၊ တပ်က လာတယ်။ သတင်းရလို့ ရှာဖွေမယ်ဆိုပြီး ရှာဖွေတယ်။ ရှာဖွေပြီးတော့ ငါးဦး ဖမ်းဆီးသွားတာပေါ့။ ပထမနေ့က အဖြစ်အပျက်မှာ ဦးဆောင်တယ်လို့ ယူဆရသော အသင်းဆရာများပေါ့။ သူတို့က ဒီကနေပြီးတော့မှ ကြောက်အားလန့်အားနဲ့ အော်တဲ့အသံတွေ ပြုတာပေါ့။ အလာ --- ဆိုတဲ့ ကြောက်ပြီး အော်တဲ့အသံ ဦးဆောင်ပြီး ပြုတဲ့သူတွေနဲ့ နောက်ထပ် သုံးဦးပေါ့။ နောက်တခါ ညစောင့်တစ်ယောက်၊ အားလုံး ငါးဦးကို ခေါ်သွားတယ်။ စစ်မေးစရာရှိတဲ့အတွက်ကြောင့် ခေါ်သွားမယ်ဆိုပြီး ခေါ်သွားတယ်။ ညနေပိုင်းလွှတ်ပေးမယ်ဆိုပြီး သူတို့နဲ့ ပတ်သက်တဲ့ သူတို့နဲ့ ပတ်သက်တဲ့ ဂေါပကအဖွဲ့အစည်းနဲ့ ကျန်တဲ့သူတွေ သွားပြီး တောင်းဆိုတဲ့အချိန် လွှတ်ပေးမယ်လို့တော့ ပြောတယ်။ အခုထက်ထိတော့ မလွှတ်ပေးသေးဘူး ခင်ဗျ။”

မေး။ ။ ဘယ်ကို ခေါ်သွားတာလဲရှင့်။ ဘယ်မှာ ဖမ်းထားတာပါလဲ။

“ပထမတော့ သူတို့က တိုင်းကို ခေါ်သွားတယ်ခင်ဗျ။ ရဲ… တပ်က…တိုင်းကို ခေါ်သွားတယ်ခင်ဗျ။”

မေး။ ။ တိုင်းဆိုတာ တိုင်း၊ ရဲဌာနချုပ်လားရှင်။

“ဟုတ်ပါတယ်။ တိုင်း၊ ရဲဌာနချုပ်ပါ။”

မေး။ ။ တိုင်း၊ ရဲဌာနချုပ်ကို စစ်တပ်က လာခေါ်တာလားရှင့်။ အဲလိုလားရှင့်။

“လာခေါ်တုန်းက တပ်က လာခေါ်တာခင်ဗျ။”

မေး။ ။ စစ်တပ်ကပေါ့နော်။

“ဟုတ်ပါတယ်။”

လတ်တလောအခြေအနေကတော့ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားတာနဲ့အတူ မန္တလေးမှာ ဈေးဆိုင်တွေ ပုံမှန်ပြန်မဖွင့်နိုင်ကြသေးသလို လူနည်းစု မွတ်ဆလင် အသိုင်းအဝိုင်းကြားမှာလည်း မြို့တွင်းမှာ ညအိပ်ညနေ စိတ်ချလက်ချ မနေနိုင်ကြသေးဘူးလို့ ပြောကြပါတယ်။ နောက် ဒေသခံတွေကြားမှာလည်း စိုးရိမ်မှုတွေက ရှိနေကြဆဲပါ။ စီးပွားရေးလည်ပတ်မှုကတော့ အတော်ကို နှေးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီလို အကြမ်းဖက် ဆူပူမှုတွေ ပြေငြိမ်းရေးအတွက် ရည်ရွယ်ပြီး မနက်ဖြန်မှာတော့ သြဇာကြီးတဲ့ ဆရာတော်ကြီးတွေရဲ့ သြဝါဒခံယူပွဲ ကျင်းပဖို့ ရှိတဲ့အကြောင်း တက်ကြွလှုပ်ရှားသူ ကိုကျော်စိုးကလည်း အခုလို ပြောပြပါတယ်။

“ဆရာတော်ကြီးတွေကလည်း တိုင်း၊ ဒေသ အုပ်ချုပ်ရေးပိုင်းက ဝန်ကြီးချုပ်တွေရော၊ အားလုံးပေါ့ဗျာ။ ဝန်ကြီးတွေ အားလုံးကို သူက ဖိတ်စေချင်တဲ့အခါကျတော့ လမ်းညွှန်လို့ ကျနော်တို့ လိုက်လံ ဖိတ်ကြားပေးပါတယ်။ မနက်ဖြန်မှာ တက်နိုင်မယ်၊ မတက်နိုင်ဘူးဆိုတာတော့ ကျနော်တို့ မပြောနိုင်ပါဘူး။ တကယ်လို့ တက်နိုင်မယ်ဆိုရင်တော့ မန္တလေးမြို့အတွက် အကောင်းဆုံးအနေအထားမှာ ဝိုင်းဝန်းဖြေရှင်းရင် အကောင်းဆုံးအဖြေတစ်ခုကို ရသွားနိုင်မယ်၊ ညီညွတ်မှုကို ပြနိုင်မယ်လို့ ထင်ပါတယ်။”

နှစ်ပေါင်းများစွာ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်လာကြတဲ့ မန္တလေး လူမှုအသိုင်းအဝိုင်းကြားမှာ အခုလို အကြမ်းဖက်ဆူပူမှုတွေ ဖြစ်ခဲ့တဲ့အပေါ်မှာ အာဏာပိုင်တွေရဲ့ ကိုင်တွယ်ဖြေရှင်းပုံကို ဒေသခံတွေက အားမလို အားမရ ဖြစ်နေကြပါတယ်ရှင်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG