သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မန္တလေးဝန်ကြီးချုပ် ယာဉ်တန်း တိုက်ခိုက်မှု စုံစမ်းစစ်ဆေးမည်


မန္တလေးတိုင်းဝန်ကြီးချုပ် ဦးရဲမြင့် လိုက်ပါလာတဲ့ယာဉ်တန်း မိုင်းခွဲ တိုက်ခိုက် ခံရမှုကို ဘယ်အဖွဲ့အစည်းက ဘယ်လိုရည်ရွယ်ချက်နဲ့ တိုက်ခိုက်ခဲ့တယ်ဆိုတာ စုံစမ်းဖော်ထုတ်နေတယ်လို့ သမ္မတပြောခွင့်ရ ဒုပြန်ကြားရေးဝန်ကြီးက ပြောပါတယ်။ အရင်ကတည်းက တိုင်းဒေသကြီးဝန်ကြီးချုပ်တွေအတွက် လုံခြုံရေး အစီအမံတွေ ရှိထားပြီးဖြစ်ပေမဲ့ အခုလိုဝန်ကြီးချုပ်ကို ဦးတည်ချက်ထား တိုက်ခိုက်ခံတာဟာ ပထမဆုံးဖြစ်လို့ ဘာအကြောင်းရင်းကြောင့်ဆိုတာ သိရှိဖို့ စုံစမ်းနေပြီး ဝန်ကြီးချုပ်တွေရဲ့ လုံခြုံရေးပိုင်းကို ပိုပြီးတော့ တင်းတင်းကြပ်ကြပ် ဆောင်ရွက်သွားဖို့ ပြင်ဆင်နေတယ်လို့ ဒုပြန်ကြားရေးဝန်ကြီးက ပြောပါတယ်။ ဝန်ကြီးချုပ်ရဲ့ခရီးစဉ်အတွင်း လိုက်ပါသတင်းယူတဲ့ သတင်းထောက်နှစ်ဦးလည်း ဒဏ်ရာအနည်းငယ်ရရှိခဲ့ကြပါတယ်။ သတင်းအသေးစိတ်ကို မဆုမွန်က တင်ပြပေးထားပါတယ်။

ဇန်နဝါရီလ ၃၁ ရက်နေ့ ညနေပိုင်းက မန္တလေးတိုင်းနဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့အနီးမှာ မိုးကုတ်မြို့ကနေပြန်လာတဲ့ မန္တလေးတိုင်း ဝန်ကြီးချုပ် ဦးရဲမြင့် လိုက်ပါလာတဲ့ ယာဉ်တန်းကို ချိန်ပြီးတော့ ချိန်ကိုက်မိုင်းဗုံး ဖောက်ခွဲခဲ့တာ ဖြစ်ပါတယ်။ အခုလိုမျိုး မန္တလေးတိုင်း ဝန်ကြီးချုပ်ရဲ့ယာဉ်တန်းကို ဦးတည်ချက်ထားပြီး တိုက်ခိုက်ခဲ့တဲ့အပေါ် ဘယ်အဖွဲ့အစည်းရဲ့ လက်ချက် ဖြစ်တယ်ဆိုတာ အသေးစိတ် စုံစမ်းစစ်ဆေးမှုတွေပြုလုပ်နေတယ်လို့ သမ္မတပြောခွင့်ရလည်းဖြစ် ဒုတိယပြန်ကြားရေးဝန်ကြီးလည်းဖြစ်တဲ့ ဦးရဲထွဋ်က ဗွီအိုအေမြန်မာပိုင်းကို ပြောပါတယ်။

“တိုက်ခိုက်မှုဖြစ်တယ်ဆိုတာ မှန်ပါတယ်။ အဲဒီမှာ ပေါက်ကွဲမှုတစ်ခုဖြစ်တယ်။ ဒါပေမယ့် အဲဒါကို လုပ်တဲ့အဖွဲ့အစည်းရယ်၊ ဖြစ်တဲ့ အကြောင်းအရင်းကို ဖော်ထုတ်ဆဲဖြစ်ပါသေးတယ်။ အဲဒါကြောင့် အသေးစိတ်သတင်း အချက်အလက်တော့ မရသေးပါဘူး။ ဒါပေမယ့် အဲဒီနေရာက ရှမ်းပြည်မြောက်ပိုင်းနဲ့ ဆက်နေတဲ့နေရာဖြစ်နေတယ်လေ။ ဘယ်အဖွဲ့တွေ ဖြစ်နိုင်လဲဆိုတာတော့ ကျနော်တို့ ဖော်ထုတ်ဆဲပါပဲ။”

တိုင်းဒေသကြီးဝန်ကြီးချုပ်တွေအတွက် လုံခြုံရေးအစီအစဉ် ဆောင်ရွက် ပေးထားမှုနဲ့ အဲ့ဒီ့လို မန္တလေးတိုင်း ဝန်ကြီးချုပ်ကို တိုက်ခိုက်မှု ဖြစ်ခဲ့တဲ့ အချိန် လုံခြုံရေး ယူထားပေးတဲ့ အနေအထား၊ နောက် လုံခြုံရေးပိုင်းကို စိတ်ချရအောင် စီမံဆောင်ရွက်နိုင်ဖို့ ဘာကြောင့် တိုက်ခိုက်ခဲ့ရတယ်ဆိုတဲ့ အကြောင်းရင်းကို သိရှိအောင် အရေးတကြီး စုံစမ်းဖော်ထုတ်နေတာဖြစ်တယ်လို့ ဦးရဲထွဋ်က ရှင်းပြပါတယ်။

“နဂိုရ်မူလကတည်းကလည်း တိုင်းဒေသကြီးဝန်ကြီးချုပ်တွေရဲ့ လုံခြုံရေး အစီအမံတွေက ရှိပြီးသားပါ။ သူနဲ့သွားတဲ့ ယာဉ်တန်းပေါ်မှာပါတဲ့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့လိုဟာမျိုးလည်းပါပါတယ်။ ဒီအခြေအနေတွေပေါ် မူတည်ပြီးတော့မှ ကျနော်တို့ ဖော်ထုတ်ဆဲဆိုတာ အဲဒါလေ။ ရည်ရွယ်ချက်က ဘာလဲ၊ ဘယ်အဖွဲ့အစည်းလဲ- ဒါတွေကို ကျနော်တို့ ဖော်ထုတ်ပြီးတော့မှ အဲဒီအပေါ်မှာ မူတည်ပြီးတော့မှ လိုအပ်သလို ဆက်လက် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။”

အခုလို မိုင်းခွဲတိုက်ခိုက်ခဲ့မှုကြောင့် မန္တလေးတိုင်းဝန်ကြီးချုပ်ခရီးစဉ် ယာဉ်တန်းနဲ့ အတူ လိုက်ပါလာတဲ့ လူသုံးဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး တစ်ဦးက အခုချိန်ထိ မန္တလေး အထွေထွေရောဂါကုဆေးရုံကြီးမှာ ကုသမှု ခံယူနေရပြီးတော့ ကျန်နှစ်ဦး ကတော့ ဒဏ်ရာ မပြင်းထန်တဲ့အတွက် ဆေးရုံကဆင်းသွားပြီလို့ မန္တလေး အထွေထွေရောဂါကုဆေးရုံ၊ ပြင်ပလူနာကုဌာန တာဝန်ကျ တစ်ဦးကလည်း ဗွီအိုအေမြန်မာပိုင်းက ဆက်သွယ်မေးမြန်းချိန်မှာ ပြောပြခဲ့ပါတယ်။

ဒီတိုက်ခိုက်မှုမှာတော့ မန္တလေးဝန်ကြီးချုပ်မှာ ထိခိုက်ဒဏ်ရာရခဲ့တာ မရှိခဲ့ပါဘူး။ မန္တလေးဝန်ကြီးချုပ်ရဲ့ယာဉ်တန်းတိုက်ခိုက်ခဲ့ရမှုနဲ့ ပတ်သက်တဲ့ သတင်း အသေးစိတ်ကို စုံစမ်းနေဆဲဖြစ်ပြီးတော့ တိုက်ခိုက်မှုနဲ့ပတ်သက်ပြီး သတင်း အချက်အလက်အပြည့်အစုံကို အစိုးရအဖွဲ့အနေနဲ့ မကြာခင် သတင်းထုတ်ပြန် ပေးသွားမှာဖြစ်တယ်လို့လည်း ဒုပြန်ကြားရေးဝန်ကြီးက ပြောပါတယ်။

“အဲဒီလမ်းကတော့ အခုလည်း ခရီးသည်တင်ကားတွေ သွားနေကြတာလေ။ တိုင်းဒေသကြီးအစိုးရရဲ့ သတင်းအဖွဲ့လည်းပါတယ်။ ဒါပေမယ့် ဒေသခံသတင်းထောက်တွေလည်း ပါတယ်လို့ ပြောတယ်။ ကျနော်ကတော့ အဲဒါတော့ confirm မလုပ်နိုင်ဘူး။ ကျနော်က အတိအကျ မသိရလို့လေ။ နှစ်ယောက်ပါတယ်လို့- ထိခိုက်ဒဏ်ရာရတဲ့အထဲမှာ သတင်းထောက် တစ်ယောက်ပါတယ်လို့တော့ ပြောတယ်။ ဒါပေမယ့် ကျနော်က သေချာမသိလို့ပါ။ အဲဒီနေရာမှာ စုံစမ်းဖော်ထုတ်ဆဲဖြစ်ပြီးတော့ ကျနော်လည်း လောလောဆယ် ပြောလို့ မရသေးပါဘူးခင်ဗျ။ ရလို့ရှိရင်တော့ အချက်အလက် အပြည့်အစုံတွေ ထုတ်ပြန်ပေးပါ့မယ်။”

မန္တလေးဝန်ကြီးချုပ်ခရီးစဉ်အတွင်း လိုက်ပါသတင်းယူရင်းနဲ့ ဒဏ်ရာရရှိသူ နှစ်ဦးကတော့ မန္တလေးနေ့စဉ်သတင်းစာက သတင်းထောက် ဦးအောင်မင်းဦး (ခေါ်) မန်းကိုကို (ခေါ်) ကိုမန်းကြီးဖြစ်ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးက ပြန်ကြားရေးသတင်းထောက် ဦးဇင်မင်းထွန်းတို့ ဖြစ်ပါတယ်။ သူတို့နှစ်ဦးစလုံး အနည်းငယ် ဒဏ်ရာတွေရခဲ့ကြတယ်လို့ မန္တလေးဒေသခံ သတင်းထောက်တွေက ပြောပါတယ်။ မန္တလေးဝန်ကြီးချုပ်ရဲ့ ယာဉ်တန်းတိုက်ခိုက်မှုမှာ မန္တလေး သတင်းသမားတွေ ထိခိုက်ဒဏ်ရာရတာနဲ့ ပတ်သက်ပြီး မန္တလေးမြို့က ဒေသခံ သတင်းထောက် ကိုမင်းထက်ငြိမ်းချမ်းက ပြောပြတာကတော့-

“မိုးကုတ်ကနေ နောင်ချိုပေါ့၊ လမ်းသစ်ရှိတယ်လေ။ အရင်တုန်းက မိုးကုတ်-မန္တလေး ကားလမ်းမဟုတ်သေးဘူး။ မေမြို့ဘက်မှာဖောက်တဲ့ မိုးကုတ် ကားလမ်းကြီး ရှိတယ်လေ။ ကားလမ်းသစ်ကနေ ပြန်လာတာပေါ့ဗျာ။ နောင်ချိုဘက်ကို ပြန်လာတော့ အဲဒီ မိုးကြိုးပစ်ရွာနားမှာ case ဖြစ်တာ။ သတင်းထောက်နှစ်ယောက်က ကိုအောင်မင်းဦးဆိုတာ မန်းကြီး (ခေါ်) မန်းကိုကို (ခေါ်) ကိုအောင်မင်းဦး။ ရန်ကုန်တိုင်းက။ ဒါပေမယ့် သူက တကယ်တော့ မန္တလေးနေ့စဉ်မှာလည်း ပါတယ်။ မန္တလေးနေ့စဉ်သတင်းစာရဲ့ သတင်းထောက်ချုပ်လည်းဖြစ်တယ်။ အခြေအနေကတော့ လက်သန်းလေးထိတယ်လို့ ပြောပါတယ်။ ကောင်းပါတယ်။ အခြေအနေ ကောင်းပါတယ်။”

အခုလို ဒေသဆိုင်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်တစ်ဦးအနေနဲ့ တာဝန်နဲ့ သွားလာနေစဉ်အတွင်း ယာဉ်တန်းကို အချိန်ကိုက် ဗုံးခွဲ တိုက်ခိုက်ခဲ့တာဟာ ဒါပထမဆုံးအကြိမ်ဖြစ်ပြီး အခုလိုတိုက်ခိုက်ခဲ့မှုနဲ့ပတ်သက်ပြီး လုံခြုံရေး တာဝန်ရှိသူတွေဘက်က ပေါက်ကွဲမှုဖြစ်စဉ်ကို အရေးတကြီး စုံစမ်းဖော်ထုတ် နေဆဲ အခြေအနေမှာရှိပါတယ်။ တိုက်ခိုက်မှုတွေဖြစ်ခဲ့တဲ့ လမ်းခရီးမှာတော့ ယာဉ်အသွားအလာတွေ ပုံမှန်ပြန်ဖြစ်နေပါပြီလို့ ဒုပြန်ကြားရေးဝန်ကြီးက ဆိုပါတယ်။
XS
SM
MD
LG