သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အရှင်ဝီရသူ တရားပွဲအနီး ဗုံးပေါက်ကွဲ


Mandalay Explosion
Mandalay Explosion
မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ်ထဲမှာ တနင်္ဂနွေနေ့ညက ပေါက်ကွဲခဲ့တဲ့ဗုံးဟာ လက်လုပ်ဗုံးဖြစ်ဖွယ်ရှိတယ် လို့ သက်ဆိုင်ရာရဲတပ်ဖွဲ့က ပြောပါတယ်။ ဆရာတော် ဦးဝီရသူ တရားပွဲကျင်းပတဲ့နေရာနဲ့ ကိုက် ၃၀၀ လောက်အကွာမှာ ဗုံးပေါက် ခဲ့တာဖြစ်ပြီး လူ ၅ ဦး ဒဏ်ရာရခဲ့ပေမဲ့ အားလုံးဟာ စိုးရိမ်စရာမရှိဘူးလို့ မန္တလေးမြို့ခံ သတင်းထောက်တစ်ဦးက ဗွီအိုအေကို ပြောပါတယ်။

လက်ရှိမှာတော့ လက်သည်ကို ဖမ်းမမိသေးဘဲ မြို့အဝင်အထွက်တွေမှာ လုံခြုံရေးတင်းကျပ်ပြီးတော့ စစ်ဆေးနေတယ်လို့လည်းပြောပါတယ်။ အပြည့်အစုံကို ကိုကျော်ကျော်သိန်းက ရန်ကုန်မြို့ကနေ သတင်းပေးပို့ထားပါတယ်။

မဟာအောင်မြေမြို့နယ်၊ ရတနာဘူမိအနောက်ရပ်ကွက်၊ ၈၄ လမ်းနဲ့ ၈၅ လမ်းကြား၊ ၃၆ လမ်းမှာ တနင်္ဂနွေနေ့ည ၉ နာရီကျော်က အရှင်ဝီရသူရဲ့ တရားပွဲကျင်းပနေချိန်အတွင်း ကိုက် ၃၀၀ လောက်အကွာမှာ ဗုံးပေါက်ကွဲမှုဖြစ်ခဲ့တာမှာ ဖောက်ခွဲခဲ့တဲ့ ဗုံးတွေဟာ ဒေသန္တရ လက်လုပ်ဗုံးတွေဖြစ်တယ်ဆိုပြီးတော့ သက်ဆိုင်ရာရဲတပ်ဖွဲ့က ပြောကြောင်း ရဲတပ်ဖွဲ့ရဲ့ ရှင်းလင်းပွဲဆီ ကိုယ်တိုင်သွားခဲ့တဲ့ မန္တလေးမြို့ခံသတင်းထောက်တစ်ဦးက ဗွီအိုအေကို ပြောခဲ့တာပါ။

“သူတို့တွေ့ရှိတဲ့ပေါ့နော် ပစ္စည်းတွေအရဆိုရင် ဒေသန္တရ လက်လုပ်ဗုံးလို့ လောလောဆယ် သတ်မှတ်ထားတယ်။ CCTV ကို သူတို့ ပြန်ကြည့်တာ၊ CCTV မှာတော့ လောလောဆယ် မသည်းကွဲဘူးပေါ့နော်။ သူတို့တွေ့ရှိတဲ့အခါ အဲ့ဒီမှာ သံကျွတ်စက လေးခုတွေ့တယ်ဗျာ။ နောက်ထပ် ပတ်ဝန်းကျင်ကနေမှ ၂ စင်တီမီတာလောက်ရှိတဲ့ သံကျွတ်စ ဆယ်ခုလောက် ထပ်တွေ့တယ်။ အဲ့ဒီ သံကျွတ်စ ထည့်ထားတဲ့ ဒေသန္တရဗုံးကို လက်လုပ်ဗုံးလို့ သူတို့က လောလောဆယ် သတ်မှတ်ထားတာပေါ့။”

ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး ဆရာတော်ရဲ့ မိန့်ကြားချက်ကိုသိရဖို့ ဗွီအိုအေက အကြိမ်ကြိမ် ဆက်သွယ်ခဲ့ပေမဲ့ ဆရာတော် အနားယူနေ လို့ဆိုပြီး မိန့်ကြားချက် မရခဲ့ပါဘူး။ ဗုံးပေါက်ကွဲမှုကြောင့် မန္တလေးမြို့ပေါ်မှာ သိသာထင်ရှားတဲ့ လုံခြုံရေးချထားတာမျိုး မရှိပေမဲ့လည်း မြို့ခံတွေကြားမှာ စိုးရိမ်မှုတော့ ရှိနေတယ်လို့ မြို့ခံသတင်းထောက်က ဆက်ပြောပါတယ်။
ဗုံးပေါက်ကွဲတဲ့ အစအနတွေကို ဒေသဆိုင်ရာ စစ်အင်ဂျင်နီယာတပ်က စစ်ဆေးခဲ့ပြီး အခင်းဖြစ်တဲ့အနီးအနားက CCTV ကင်မရာကို ရဲတပ်ဖွဲ့က စစ်ဆေးခဲ့တာပါ။

ထိခိုက်ဒဏ်ရာရခဲ့တဲ့ အခြေအနေနဲ့ လုံခြုံရေး အခြေအနေကိုလည်း မြို့ခံသတင်းထောက်က ဆက်ပြောပြပါတယ်။

“ဒဏ်ရာရတာကတော့ ဒီမှာ ၅ ဦးပေါ့။ ကိုရင် ၁ ဦးရတယ်။ လူက ၄ ဦး၊ အမျိုးသမီး ၃ ဦး၊ အမျိုးသား ၁ ဦးပေါ့။ ဒါပေမဲ့ သူတို့ဒဏ်ရာတွေကတော့ အသေးစားဒဏ်ရာမျိုးပဲပေ့ါ။ ဆေးရုံတက်စရာ မလိုဘူး။ လောလောဆယ် သူတို့ ဒီလိုမျိုးဖြစ်တဲ့အတွက် ဒီမြို့ဝင်မြို့ထွက်တွေတို့၊ မသင်္ကာတဲ့ အခြေအနေတွေကို အင်အားဖြည့်ပြီးတော့ ပိတ်ဆို့ပြီးတော့ စစ်ဆေးနေတယ်လို့ ပြောပါတယ်။ လုံခြုံရေးအရပေါ့။”

လက်သည်အဖြစ် သံသယရှိသူကို အခုထိ ဖမ်းမမိသေးသလို ဘယ်သူကမှလည်း သူတို့လက်ချက်ဖြစ်တယ်လို့ ပြောဆိုတာမျိုး မရှိသေးပါဘူး။ ဒီပေါက်ကွဲမှု ဖြစ်ပြီးတဲ့နောက်ပိုင်းမှာ ထင်ရှားတဲ့ သံဃာတော်တွေရဲ့ တရားပွဲတွေကို လုံခြုံရေး တိုးမြှင့်ချထားပေးသွားမယ်လို့ ရဲတပ်ဖွဲ့ကပြောကြောင်း မြို့ခံသတင်းထောက်က ဗွီအိုအေကို ပြောခဲ့ပါတယ်။
XS
SM
MD
LG