သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မန္တလေးတဝိုက် ရေကြီး


မန္တလေးတဝိုက် ရေကြီး
မန္တလေးတဝိုက် ရေကြီး

မြန်မာနိုင်ငံ မန္တလေးမြို့ဝန်းကျင်မှာ မိုးဆက်တိုက် ရွာပြီး ရေကြီးမှုတွေ ရှိနေပါတယ်။ ဒေသခံပြည်သူတွေ နိုင်ငံရေးပါတီ အဖွဲ့အစည်းတွေကလည်း ရေဘေးဒုက္ခသည်တွေ အတွက် အကူအညီ ပေးနေပါတယ်။ အသေးစိတ်ကိုတော့ ကိုသားညွန့်ဦးက
ဆက်သွယ်မေးမြန်း ထားပါတယ်။
တနေ့က ဘင်္ဂလား ပင်လယ်အော်မှာရှိတဲ့ လေဖိအားနည်း ရပ်ဝန်းဒေသကနေ မုန်းတိုင်းငယ်အဆင့် ပြောင်းပြီး အဲဒီအရှိန်နဲ့ ရခိုင်ပြည်နယ်နဲ့ မြန်မာနိုင်ငံ အထက်ပိုင်း ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းတွေဖက်မှာ မိုးသည်းထန်စွာ ရွာသွန်းခဲ့ပါတယ်။ ဒီနောက် တောင်ကျရေတွေစီးတာ၊ ဆည်တွေရေလျှံလို့ ဖောက်ထုတ် ပစ်ရတာကြောင့် မန္တလေး အနီးတဝိုက်မှာ ဒီကနေအထိ ရေတွေ ကြီးနေခဲ့ပါတယ်။ ဒီအတွက်လည်း ဒေသခံပြည်သူတွေ အဖွဲ့အစည်းတွေက ရေဘေး ဒုက္ခသည်တွေ အတွက် စားရေးနေရေး အကူအညီတွေ ပေးနေရတာပါ။ မန္တလေးဝန်းကျင် အခြေအနေမှာ မိုးတွေ စဲနေပေမဲ့ ရေကြီးတာ မကျသေးဘူးလို့ အမျိုးသားဒီမိုကရေစီ အင်အားစု (NDF) က ဦးတင်အောင်အောင်က ဗွီအိုအေကို ပြောပါတယ်။

“ဟုတ်ကဲ့။ ကျနော်တို့ NDF ပါတီကနေပြီးတော့ ကျနော်တို့ ဆည်တော်ပေါ့လေ။ ဆယ်တော်လေးမှာ တောင်ကျရေတွေ ကျလို့ဗျ။ မနေ့က ကျနော်တို့ စားစရာပစ္စည်းတွေ သွားပို့ရပါတယ်ခင်ဗျ။ ဒီနေ့လည်း ကျနော်တို့ ထမင်းထုပ်တွေ ကျနော်တို့ သွားပို့ပါတယ်။”

တခြား ဘယ်နေရာတွေမှာရော ရေကြီးလဲ။ -

“တခြားက အခု မန္တလေးမှာ မြို့သစ်ပိုင်းမှာလည်း ဖြစ်နေတယ်ဗျ။ မြို့သစ်နေရာမှာ ရေတွေ တော်တော်လေးတက်နေတယ်။ တစ်ထပ်အိမ်ဆိုရင် ရေတဝက်လောက် ရောက်နေတယ်ပေါ့လေ။ နှစ်ထပ်အိမ်ဆိုရင် ကြမ်းခင်းလောက် ရောက်နေတယ်ပေါ့။ အဲဒီမှာလည်း အခု ထမင်းထုပ်တွေ ပေးနေရတဲ့အနေအထားမှာ ရှိပါတယ်။”

မိုးက အခုထိ ရွာတုန်းပဲလားခင်ဗျ။ -

“ဒီနေ့တော့ သိပ်မရွာဘူး။ ဒါပေမဲ့ ကျနော်တို့ရှေ့မှာရှိတဲ့ မြောင်းတွေကတော့ ရေတွေက မကျသေးဘူး။ ကျနော်တို့နေရာတွေရော တခြားနေရာတွေရော ရွာနေတယ်လေ။”

တခြား မန္တလေး ပတ်ဝန်းကျင်က အခြေအနေရော ဘယ်လိုရှိလဲခင်ဗျ။ -

“မန္တလေးမှာက မေမြို့က မိုးကောင်းနေလို့ မိုးမြို့မိုးရေက အနောက်ခြမ်း မိုးရေတွေက မန္တလေး အရှေ့ပိုင်း ဆယ်တော်လေးတို့ ဘာတို့မှာ ဖြစ်တာပဲခင်ဗျ။ အဲဒီရေတွေကနေပြီးတော့ မြို့သစ် အောင်ပင်လယ်တို့၊ မြရိပ်နန္ဒာတို့ပေါ့ဗျာ။ အဲဒီနေရာတွေမှာ အခု ရေတွေရောက်နေတယ်ဗျ။”

အဲဒါ ဘယ်နှစ်ရက်လောက် ရှိပြီလဲခင်ဗျ။ မိုးရွာနေတာက။ -

“မိုးရွာတာက တမြန်မနေ့လောက်က ရွာတာခင်ဗျ။”

ခုနက ထမင်းထုပ်တွေဘာတွေ ဝေနေရတယ်ဆိုတော့ ရေဘေးကယ်ဆယ်ရေးအတွက် စခန်းတွေဘာတွေ ဆောက်တာရော ရှိလား အာဏာပိုင်တွေဘက်ကပေါ့။ -

“ဟုတ်ကဲ့။ ရှိနေပါတယ်။ ပုံမှန် ဆယ်တော်ဆိုလို့ရှိရင် ဆယ်တော်ဘူတာမှာ စခန်းတွေ ချထားတယ်ပေါ့လေ။ ဒါပေမဲ့ သူတို့ဆီက ဆယ်တော်ကတော့ အများသောအားဖြင့် ရေကျသွားပြီးလို့ရှိရင် ရေက နောက်ရက် ကြီးမနေတော့ဘူးဗျ။ အဲဒီ ခုနက နဒေါင်းကျချောင်းတို့ ဘာတို့ကဆင်းသွားတော့ အဲဒီချောင်းရေကနေ ဘယ်မှာသွားပြီး ဖြစ်လဲဆိုတော့ မန္တလေးမှာ ရှိနေတဲ့နေရာတွေပေါ့ဗျာ။ အခု မြို့သစ်တို့ဘာတို့ နေရာတွေက အရင်တုန်းက လယ်မြေတွေ ဖြစ်ပါတယ်။ လယ်မြေတွေဖြစ်တော့ အဲဒီလယ်မြေထဲမှာ အဲဒီရေတွေက ရောက်နေတယ်လေ။ အဲဒီရေတွေက စီးဆင်းမှု စနစ်က မကောင်းတော့ ပိတ်နေတော့ အဲဒီမှာပဲ အီခံနေတယ်ဗျ။ ပုသိမ်ထီးတို့ဘာတို့ပေါ့၊ အုတ်နံရံတွေ ပြိုလဲသွားတယ်။ သစ်ပင်ကြီးတွေ၊ မန်ကျည်းပင်တို့ ပြိုလဲသွားတယ်။ ဒီမှာ အခု မေမြို့နားမှာလည်း ယူကလစ်ပင်တွေ ပြိုလဲသွားတယ်။”

ဦးတင်အောင်တို့က အခုဟာက NDF အနေနဲ့ လိုက်ပြီး အကူအညီပေးနေတာလား။ -

“ဟုတ်တယ်ခင်ဗျ။ NDF အနေနဲ့ လိုက် အကူအညီပေးတာပါ။ ကျနော်တို့ သီရိတံခွန်တို့ ဘာတို့ကတော့ NDF ကပဲ အဲဒီက လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးအောင်ခိုင်က ထမင်းတွေချက်ပြီး ထမင်းတွေပို့နေပါတယ်ခင်ဗျ။”

တခြား အကူအညီပေးတဲ့အဖွဲ့အစည်းတွေရော ရှိလားခင်ဗျ။ -

“ရှိပါတယ်ခင်ဗျ။ မနေ့ကလည်း ကျနော်တို့ သိရသလောက်ကတော့ ဝံသာနု တို့၊ ကြံ့ခိုင်ဖွံ့ဖြိုးရေး အဖွဲ့တွေကလည်း ပေးနေတာ ကျနော်တို့ တွေ့ပါတယ်။”

အစိုးရ အာဏာပိုင်တွေဘက်ကရော လုပ်ပေးတာရှိလားခင်ဗျ။ -

“အစိုးရ အာဏာပိုင်အဖွဲ့တွေကတော့ ရယက တို့က မန္တလေးမြို့ပေါ်မှာ ထမင်းထုပ်တွေ ဆင်းပြီးတော့ ဈေးချိုတို့ဘာတို့က ထမင်းထုပ်တွေ ဆင်းပို့နေတာ ကျနော်တို့ တွေ့ခဲ့ပါတယ်။”

မန္တလေးမြို့မှာ မိုးစဲသွားတယ်ဆိုပေမဲ့ မန္တလေးဝန်းကျင် မုံရွာ မေမြို့ စတဲ့ မြို့တွေမှာတော့ အခုအချိန်အထိ မိုးရွာနေတုန်းပဲလို့ သိရပါတယ်။
မန္တလေးမြို့ပေါ်မှာတော့ တမြန်နေ့ကတည်းကစလို မိုးသည်းထန်ပြီး ရေကြီးတာကြောင့် ကျောင်းတွေနဲ့ အချို့အလုပ်ရုံတွေပါ ပိတ်ထားရတယ်လို့ သိရပါတယ်။

XS
SM
MD
LG