သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မန္တလေးမြို့ခံများ ရေကြီးမယ့်အရေး ရင်ဆိုင်ဖို့ ပြင်ဆင်


ရေလျှံနေတဲ့ မန္တလေးမြင်ကွင်း။
ရေလျှံနေတဲ့ မန္တလေးမြင်ကွင်း။
ဧရာဝတီမြစ်ရေဟာ မန္တလေးမြို့နားမှာ စိုးရိမ်ရေမှတ် ရောက်လာတဲ့အတွက် ရေဘေးကိုရင်ဆိုင်ဖို့ မန္တလေးမြို့ခံတွေ ပြင်ဆင်နေကြရပါတယ်။ မြို့ပတ်လမ်း တလျှောက် သဲအိတ်တွေနဲ့ ကာရံတာတွေ လုပ်နေသလို ဧရာဝတီမြစ်ကမ်း နံဘေးမှာ စိုက်ပျိုးထားတဲ့သီးနှံတွေကို ရေဘေးကနေ ကြိုတင် ကာကွယ်နိုင်ဖို့ အတွက်လည်း တာဝန်ရှိသူတွေက လုပ်ဆောင်နေကြပါ တယ်။ အပြည့်အစုံကို ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

စက်တင်ဘာလ ၁၂ ရက်နေ့ကစပြီး ဧရာဝတီမြစ်ရေဟာ မန္တလေးမြို့မှာတော့ စိုးရိမ်ရေမှတ်ကိုရောက်ရှိလာပြီ ဖြစ်ပါတယ်။ ဒီအတွက် ရေကင်း လုံခြုံရေး ချတာတွေနဲ့ သဲအိတ်အကာအရံတွေကိုရေဝင်နိုင်တဲ့နေရာတွေမှာ မြို့အာဏာပိုင်တွေက လိုက်လံချထားနေပြီ ဖြစ်ပါတယ်။ မြစ်ရေတက်လာတဲ့ အခြေအနေကိုတော့ မန္တလေးမြို့ခံတဦးက အခုလိုပြောပါတယ်။

“မြစ်ကမ်းနဖူးက အရင်က အောက်ကိုတော်တော် ဇောက်နိမ့်တာပေါ့ဗျာ။ အခုကတော့ မြစ်ကမ်းနဖူးက ဒဲ့ (တည့်)ပေါ့ ရေပြင်နဲ့ အဲဒီအနေအထားတော့ ရောက်နေတာပေါ့။ ပုံမှန်တော့ ဆည်မြောင်းဦးစီးဌာနက အဲဒီမှာ ရေကင်းစောင့်တယ်။ အခုဟာကတော့ အောက်ကို သဲအိတ်တို့ ဘာတို့ ချတာပေါ့နော်။ ပြင်ထားတယ်။ အဓိက-က သူက ဒီ ရေတက်တဲ့နှုန်းကို ဌာနက အမြဲတမ်း အကြောင်းကြားနေရမှာပေါ့နော်။ အခုလည်း မိုးတွေတော့ မည်းနေတာပဲ။ အထက်ပိုင်းပေါ့နော်။ ကချင်ပြည်နယ်တို့ဘက်က မိုးကောင်းတဲ့အပေါ်မှာ မူတည်ပါလိမ့်မယ်။”

ဒုဋ္ဌဝတီမြစ်ရေဟာ စိုးရိမ်ရေမှတ် အထက်ကိုရောက်ရှိခဲ့ပြီးနောက် စဉ့်ကိုင်မြို့နယ်နဲ့ အမရပူရမြို့နယ်ထဲမှာရှိတဲ့ ကျေးရွာတချို့ ပြီးခဲ့တဲ့ရက်တွေက ရေနစ်မြုပ်မှုတွေဖြစ်အပြီးမှာတော့ ဒုဌဝတီမြစ်ရေကြောင့် ဧရာဝတီ မြစ်ရေလျံမူတွေ ပိုပြီးဖြစ်လာတဲ့အကြောင်း၊ ဒါကြောင့် မြစ်နဘေးမှာစိုက်ထားတဲ့ ပဲခင်းတချို့လည်း ပျက်စီးမှုတွေရှိကြောင်းကိုလည်း မန္တလေးမြို့ခံ နောက်တဦးက ရှင်းပြပါတယ်။

“မန္တလေးမှာကြီးတယ်ဆိုတာက ပြင်ဦးလွင်ဘက်ကလာတဲ့ ဒုဌဝတီမြစ်ကလည်း ရေတိုးတယ်။ ဧရာဝတီမြစ် ဟို အထက်ပိုင်းက ဗန်းမော်-မြစ်ကြီးနားက လာတဲ့ မြစ်ဆုံကလာတဲ့ရေကလည်း ကြီးတယ်။ ကြီးတဲ့အတွက် မန္တလေးမှာလာပြီး ဆုံပြီး ရေပိုကြီးနေတာ။ ဒီရာသီဆိုတာက ဒီလို ကြီးရမယ့် ရာသီ မဟုတ်ဘူးလေ။ ဒီလို ရေတိုးရမယ့် အချိန်လည်း မဟုတ်ဘူးလေ။ အခုတော့ အချိန်မဟုတ်၊ အခါမဟုတ် ရေတွေ ကြီးနေတာ- ဧရာဝတီမြစ်ဘေးမှာ ရှိတဲ့ တချို့ ပဲအရင်(ပဲလျင်)ခေါ်တာပေါ့။ အခုကတော့ အများကြီးတော့ မကျဲရသေးဘူး၊ ကျဲတဲ့သူတွေတော့ ကျဲထားကြပြီ။ ပဲပုပ်တို့၊ ပဲယင်းတို့၊ အဲလို ပဲတွေတော့ ဧရာဝတီမြစ်ထဲက တောင်သူတွေက ကျဲထားကြတယ်။ လူစုံတက်စုံတော့ မကျဲရသေးဘူး။ ဒါပေမဲ့ ရေက ရောက်လာတယ်။”

စိုးရိမ်ရေမှတ်ကို ကျော်လွန်ပြီဆိုတာနဲ့ အချိန်မရွေး ရေတက်လာနိုင်ပြီး စိုးရိမ်မှုတွေ ရှိနေကြောင်း၊ ပဲခူးမြို့နဲ့ နေရာတချို့မှာလည်း ရေကြီးမှုတွေ ကြုံနိုင်ကြောင်း မိုးလေဝသနဲ့ ဇလာဗေဒ ညွှန်ကြားမှု ဦးစီးဌာနရဲ့ ညွန်ကြားရေးမှူးချုပ်ဟောင်း ဒေါက်တာထွန်းလွင်ကလည်း ပြောပါတယ်။

“မုတ်သုန်ကတော့ မဟုတ်တော့ဘူး။ မုန်တိုင်းမရှိဘူး၊ မုတ်သုန်မရှိဘူး-နော်။ အောက်ပြည်က ပိုဆိုးတယ်။ မိုးကပိုဆိုးတယ်။ ပဲခူးတိုင်း၊ ပြည်ရှိတယ်။ ပဲခူးရှိတယ်။ နောက် ရန်ကုန်တိုင်းက မင်္ဂလာဒုံတို့၊ နောက်ပြီးတော့ သထုံတို့ အဲဒီဘက်တွေမှာ လောလောဆယ်မှာ စိုးရိမ်ရေမှတ်ထဲရောက်နေတယ်။ ကျနော်ကတော့ ဂြိုဟ်တုအတိုင်းအတာကနေ ပြောပြတာပေါ့။ မိုး/ဇကတော့ စခန်းကနေ တိုင်းတာပေါ့နော်။”

မန္တလေးမြို့နဲ့ အနီးတဝိုက်မှာတော့ စက်တင်ဘာလ ၁၄ ရက်နေ့မှာ နေသာချိန်ရှိပြီး မိုးရွာဖို့ ၈၀ % ရှိတယ်လို့ ဒေါက်တာထွန်းလွင်ရဲ့ မိုးလေဝသ ခန့်မှန်းချက် ဝဘ်ဆိုဒ်မှာ ဖော်ပြထားပါတယ်။ စဉ့်ကိုင်မြို့နယ်၊ အမရပူရမြို့နယ်တွေမှာတော့ ပြီးခဲ့တဲ့ ၃ ရက်ခန့်က စိုးရိမ်ရေမှတ်ထက် ကျော်လွန်ခဲ့တဲ့ အတွက် ရေကြီးခြင်း၊ ရေနစ်မြုပ်ခြင်းတွေကို ဒေသခံကျေးရွာသားတွေ ခံစားခဲ့ကြရတာပါ။ အနိမ့်ပိုင်းနေရာတွေမှာ လူတရပ်ကျော် နစ်မြုပ်တဲ့အတွက် နေထိုင် စားသောက်ရေး အခက်အခဲတွေ ကြုံရကြောင်း ဒေသခံတွေက ဆိုပါတယ်။ နှစ်အတော်ကြာမှာ အခုလို ရေကြီးတာမျိုးကို ထပ်ကြုံရတယ်လို့လည်း ဆိုကြပါတယ်။

မန္တလေးမြို့မှာတော့ လက်ရှိအခြေအနေမှာ မြစ်ရေတက်လာပေမဲ့ အိမ်တွေ နစ်မြုပ်တဲ့အထိ သိသာတဲ့ ရေကြီးမှုတွေ မကြုံရသေးဘဲ မကြာခင် ရေကြီးလာမှာကို ဒေသခံတွေက စိုးရိမ်ပူပန်နေကြပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လကုန်နဲ့ သြဂုတ်လတွေအတွင်းမှာလည်း ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်တွေမှာ မြစ်ရေကြီးမှုတွေကြောင့် လူအသေအပျောက်တွေလည်း ရှိခဲ့တာပါ။

ပြီးခဲ့တဲ့လတွေကပဲ သံလွင်မြစ်ရေ မိုးရေ မြစ်ရေ ကြီးမှုတွေ ရှိခဲ့ပြီး လက်ရှိအခြေအနေမှာတော့ ဒုဌဝတီမြစ်နဲ့ ဧရာဝတီမြစ်၊ သံလွင်မြစ်ရေကြီးမှုတွေနဲ့ ကြုံနေရတာလည်း ဖြစ်ပါတယ်ရှင်။
XS
SM
MD
LG