သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဧရာဝတီနဲ့ ဒုဋ္ဌဝတီမြစ်ရေကြီး မန္တလေးတိုင်းရေဘေးဒုက္ခကြုံ


မန္တလေးတိုင်း ရေဘေးဒုက္ခသည်များ။ (ဓာတ်ပုံ/စိတ္တသုခ ပရဟိတလူငယ်အဖွဲ့)
မန္တလေးတိုင်း ရေဘေးဒုက္ခသည်များ။ (ဓာတ်ပုံ/စိတ္တသုခ ပရဟိတလူငယ်အဖွဲ့)
ဧရာဝတီနဲ့ ဒုဋ္ဌဝတီ မြစ်ရေလျှံမှုကြောင့် မန္တလေးတိုင်းအတွင်းမှာ ရေကြီးမှုတွေ ဖြစ်ပေါ်နေပြီး အိမ်ခြေ ထောင်နဲ့ချီ ရေမြုပ်ကုန်တဲ့အတွက် အတော်လေး ဒုက္ခရောက်နေကြရတယ်လို့ ဒေသခံတွေက ဗွီအိုအေကို ပြောပြပါတယ်။ ရေဘေး ဒုက္ခသည်တွေအနေနဲ့ ဘုန်းကြီးကျောင်းတွေ၊ ဓမ္မာရုံတွေမှာ ကိုယ့်နည်းကိုယ့်ဟန်နဲ့ အဆင်ပြေသလို လောလောဆယ် ခိုလှုံနေကြပြီး ကူညီကယ်ဆယ်ရေးတွေလည်း ထိထိရောက်ရောက် မရကြဘူးလို့ ဆိုပါတယ်။ ဒါ့အပြင် ရေမလွတ်တဲ့ မြို့နယ်တွေနဲ့ ရွာတွေမှာရှိတဲ့ စာသင်ကျောင်းတွေကိုလည်း ပိတ်ထားရပါတယ်။ အသေးစိတ်ကိုတော့ ဆက်သွယ်မေးမြန်းထားတဲ့ မနန္ဒာချမ်းက တင်ပြပေးထားပါတယ်။

မကြာသေးခင်ရက်ပိုင်းကစလို့ မိုးများပြီး ဧရာဝတီနဲ့ဒုဋ္ဌဝတီမြစ်ရေဟာ စိုးရိမ်ရေမှတ်အထက်ကို ကျော်လွန်ခဲ့တဲ့အတွက် မန္တလေးတိုင်းအတွင်းမှာ ရေကြီးမှုတွေ ဖြစ်ပေါ်နေတာပါ။ ဒီကနေ့ ၃ ရက်မြောက်နေ့မှာတော့ ဒုဋ္ဌဝတီမြစ်ရေဟာ ဆက်လက်မြင့်တက်လာပြီး မန္တလေးနဲ့ စစ်ကိုင်းကိုသွားတဲ့ အဓိက လမ်းမကြီးကို ရေလွှမ်းတဲ့အတွက် ယာဉ်အသွားအလာတွေ အတော်လေး ဒုက္ခရောက်ကြရတယ်လို့ မန္တလေးဒေသခံတွေက ပြောပြပါတယ်။ ဒါ့အပြင် ရေကြီးမှု အဆိုးဆုံးနေရာ တခုဖြစ်တဲ့ အမရပူရမြို့နယ်တွင်းမှာဖြစ်ပြီး လက်ရှိ ရေဘေးကြုံတွေ့နေရတဲ့ အခြေအနေနဲ့ပတ်သက်လို့ မန္တလေးဒေသခံ သတင်းထောက်တဦးဖြစ်တဲ့ ကိုဆန်းယုကျော်က ဗွီအိုအေကို ပြောပြပါတယ်။

“ဧရာဝတီက နည်းနည်းလေး ပြန်ကျတယ်။ ဒုဋ္ဌဝတီကတော့ မကျဘူးပေါ့နော်။ ရေကကြီးနေတုန်းပဲ။ ဒီနေ့ဆိုလို့ရှိရင် စစ်ကိုင်းနဲ့ မန္တလေးသွားတဲ့လမ်း တချို့နေရာတွေမှာဆိုရင် ကားလမ်းပေါ်ကိုတောင် ရေကျော်နေတာတွေဖြစ်နေပြီ ဒီနေ့။ အဲ့ဒီ စစ်ကိုင်း-မန္တလေးလမ်းက အသွားလမ်း၊ အပြန်လမ်းရှိတာ။ အခု အပြန်လမ်းက ရေကျော်နေတာဆိုတော့ အသွားလမ်းတခုတည်းကိုပဲ သွားလာနေတာဖြစ်တဲ့အတွက် ယာဉ်အန္တရာယ်က နည်းနည်း စိုးရိမ်ရတယ်။ ဘာလို့လဲဆိုတော့ အဲ့ဒီလမ်းတွေက ကျဉ်းတယ်နည်းနည်း။ ကားနှစ်စီးရှောင်လို့ သိပ်မကောင်းဘူး။ ဆိုးတာက ဒုဋ္ဌဝတီမြစ်ကြောင့်မို့လို့ ခုနပြောတဲ့ အမရပူရမြို့နယ်တွင်းက ဆိုးတယ်။ တောင်သမံကန်ပတ်လမ်းနှစ်ခု ရေကျော်နေပြီလေ။ အဲ့ဒီနားပတ်ဝန်းကျင်ရှိတဲ့ မဟာဂန္ဓာရုံကျောင်းတိုက်အနီးတွေ၊ တရုတ်တန်းကြီးရပ်ကွက်တို့၊ တရုတ်တန်းလေးတို့၊ ပြီးလို့ရှိရင် မြစ်ငယ်ဟိုဘက်က ရွာပတ်ဝန်းကျင် တော်တော်များများက အိမ်ခြေပေါင်း ထောင်ချီပြီးတော့ကို ရေမြုပ်နေကြတာ အခုက ကျနော်တို့စာရင်းထဲမှာဆိုရင် ရွာပေါင်း ၃ဝ လောက်ရှိတယ် ခန့်မှန်းခြေ။ အိမ်ခြေပေါင်းက ထောင်နဲ့ချီတယ်။ ကျနော်တို့ လောလောဆယ် ရေမြုပ်တဲ့ဘက်တွေ လက်လှမ်းမီသလောက်ရောက်တာပေါ့နော်။ ပြီးတော့ ရဲတပ်ဖွဲ့ကနေမှ သူတို့ကောက်ယူထားတဲ့စာရင်းတွေအရဆိုရင် အိမ်ခြေထောင်ချီပြီးတော့ကိုရှိတယ်။ ဒုဋ္ဌဝတီကြောင့် ရေလျှံတာက ပိုဆိုးတယ်။”

ဒါ့အပြင် တချို့တဲအိမ်တွေဟာ အိမ်ခေါင်မိုးအထိ ရေမြုပ်ကုန်တဲ့အတွက် လမ်းဘေးမှာဖြစ်သလို နေနေကြရသူတွေ ရှိသလို တော်တော်များများကတော့ နီးစပ်ရာ ဘုရားကျောင်းကန်တွေမှာ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ခိုလှုံနေကြရတာတွေ လည်း ရှိတယ်လို့ ဒေသခံတွေက ပြောပြပါတယ်။ ဒီရေဘေးဒုက္ခသည်တွေအတွက် တချို့လူမှုကူညီပေးရေး အသင်းတွေ က တနိုင်တပိုင် ရေသန့်ဗူးတွေ၊ အစားအသောက်တွေ ကူညီပေးနေတာရှိပေမဲ့ ထိရောက်တဲ့ အကူအညီတွေတော့ မရသေးသလို ရေကြီးတဲ့ တချို့ဒေသတွေက စာသင်ကျောင်းတွေလည်း ပိတ်ထားရတဲ့ အခြေအနေနဲ့ပတ်သက်ပြီး ကိုဆန်းယုကျော်က ဆက်ပြောပြပါတယ်။

“ အခုလောလောဆယ်ကတော့ သူတို့ဟာသူတို့ နီးစပ်ရာဆွေမျိုးတွေအိမ်နဲ့ နီးစပ်ရာ ဘုန်းကြီးကျောင်းတို့၊ ဓမ္မာရုံတို့မှာ နေနေကြတာများတယ်။ အဲ့ဒီလိုမျိုး သီးသန့်ဖွင့်ပေးတာမျိုးတော့ မရှိသေးဘူး။ ဒီနေ့တော့ သူတို့ လူကြီးတွေ သွားကြည့်ကြတယ်လို့ပြောတယ်။ အဓိက လူမှုကူညီရေးအသင်းတွေက ကူညီပြီးတော့ အစားအသောက်တွေ ဝေဖို့တို့၊ ခုနပြောတဲ့ သောက်သုံးရေတွေ ဖြန့်ပေးဖို့တို့ စီစဉ်နေတယ် ဒီနေ့တော့။ တခြားတော့ ထူးထူးထွေထွေ စခန်းဖွင့်ပေးတာမျိုးတို့ ဘာလုပ်ပေးတာ၊ ညာလုပ်ပေးတာ လောလောဆယ် အခြေအနေမှာတော့ မရှိသေးဘူး။ လောလောဆယ် နေစရာ၊ စားစရာတောင် သူတို့ မကူညီနိုင်တာ၊ ကျန်းမာရေးကိစ္စကတော့ ပိုတောင်မှ ဆိုးသေးတယ်။ ဘာမှကို မလုပ်ပေးသေးတာ လောလောဆယ်။

အဲ့ဒီ တချို့ဒေသတွေကတော့ သူတို့ပြောပုံအရဆိုရင် အခါတိုင်းတွေလည်း ဝင်နေကြပေါ့နော်။ စောင့်ကြည့်တဲ့အဆင့်ပဲလားတော့ မသိဘူး။ ကျန်းမာရေးကိစ္စကတော့ ဘာမှကို မလုပ်ပေးသေးဘူး။ တချို့ကျောင်းတွေဆိုရင် စာသင်ဖို့ ပိတ်ထားတယ်။ ရတနာပုံတက္ကသိုလ်ဆိုရင် မနက်ဖြန် စာမေးပွဲဖြေရမယ်။ ဒါပေမဲ့ ကျောင်းထဲမှာ ခုနပြောသလို တံတားတွေဘာတွေ ထိုးပေးနေတယ်။ စာမေးပွဲဖြေဖို့တော့ မရွှေ့ဘူးလို့တော့ ပြောတယ်။ တခြား အခြေခံကျောင်းတွေကတော့ ရွာကျောင်းတွေပေါ့ဗျာ အဲ့ဒီကျောင်းတွေကတော့ လောလောဆယ် ပိတ်ထားတယ်။”

ဒါ့အပြင် ဧရာဝတီမြစ်တွင်း တရွာနဲ့တရွာကို ဆွမ်းခံကြွရတဲ့ သံဃာတော်တွေအနေနဲ့လည်း နေ့စဉ်အသုံးပြုတဲ့ တံတားတွေ ရေကြီးတာကြောင့် လှေတွေကို အသုံးပြု ဆွမ်းခံကြွနေကြရပါတယ်။ တောင်သမံဘက်မှာတော့ ဈေးဆိုင်တချို့ ပိတ်ထားရတဲ့ အနေအထားနဲ့ပတ်သက်ပြီး စားသောက်ဆိုင်ပိုင်ရှင် ကိုငြိမ်းဝင်း က ဗွီအိုအေကို အခုလို ပြောပြပါတယ်။

“ရောင်းအားကျတာပေါ့အမရယ်။ ဒီဘက်ကတော့ အမ သုံးဆိုင်လောက်တော့ ပိတ်ထားရတယ်။ ကျန်တဲ့ဆိုင်တွေကတော့ အပေါ်တွေကြီးပဲ ဖွင့်ကြတယ်လေ။ အောက်ဆိုင်တွေက ရေဝင်နေတာ။ ရေက လူတရပ် ကျော်ပြီဗျ။ အင်းဘေးမှာနေနေတဲ့ ဒေသခံတွေကတော့ အကုန်လုံး တက်ပြေးရတာပေါ့အမရယ်။ ရေက သူက နေ့ချင်းရော ညချင်းရော ဝင်တာဆိုတော့လေ။ အင်းနဲ့လွတ်ရာကို ပြေးကြရတာပေါ့။ သူတို့ကတော့ မိုးကာပြင်တဲလေးတွေနဲ့ ဖြစ်သလို နေကြရတာပေါ့။ ရေကလည်းတိုး၊ အပေါ်ကလည်း မိုးရွာဆိုတော့လေ သူတို့မှာ နည်းနည်းလေး အနေအထိုင်လေးတွေ ကျပ်တည်းတာပေါ့။”

အင်းဝဘက်မှာတော့ နိုင်ငံခြားသားခရီးသွားတွေကို လည်ပတ်ခွင့်မပေးတော့ဘဲ နိုင်ငံခြားသားခရီးသွားတွေကို မှီခိုနေရတဲ့ နယ်ခံဈေးသည်တွေ၊ မြင်းလှည်းတွေလို လက်လုပ်လက်စားသမားတွေလည်း ဝင်ငွေထိခိုက်တာကြောင့် ဒုက္ခရောက်ကြရတယ်လို့ အင်းဝဒေသခံတချို့က ဗွီအိုအေကို ပြောပြပါတယ်။ လောလောဆယ် ရေမဝင်နိုင်အောင် အာဏာပိုင်တွေက ကာထားပေးတဲ့ သဲအိတ်တွေပေါ်တောင် ရေကလျှံလာပြီမို့ မြစ်ရေတွေမကျဘဲ မိုးဆက်လက် ရွာနေမယ်ဆိုရင် ဒီထက် အခြေအနေပိုဆိုးနိုင်တယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်ရှင်။
XS
SM
MD
LG