သုံးရလွယ်ကူစေသည့် Link များ

တရုတ်၊ မြန်မာ ကျောက်ကုန်သည်တွေ ပြဿနာဖြစ်


တရုတ်၊ မြန်မာ ကျောက်ကုန်သည်တွေ ပြဿနာဖြစ်
တရုတ်၊ မြန်မာ ကျောက်ကုန်သည်တွေ ပြဿနာဖြစ်

မန္တလေးမြို့ မဟာအောင်မြေမြို့နယ် ရဟိုင်းဈေး အနီးက ကျောက်ဝိုင်းမှာ တရုတ်ကုန်သည်နဲ့ မြန်မာပွဲစားအကြား ကျောက်အရောင်းအဝယ် ကိစ္စကနေ စတင် အချင်းများရာက တရုတ်ကျောက်ကုန်သည်နဲ့ မြန်မာတွေအကြား ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့တာကြောင့် ရဲတပ်ဖွဲ့ဝင် အင်အား ၁၀၀ လောက်နဲ့ ဝင်ရောက် ထိန်းသိမ်းခဲ့ရပြီး ကျောက်ဝိုင်းကို ပိတ်ခဲ့ရပါတယ်။ ဒီဖြစ်ရပ်မှာ တရုတ်ကုန်သည်တွေဘက်က ကိုယ်ထိလက်ရောက် စတင်ကျူးလွန်ခဲ့တာ ဖြစ်ပေမဲ့ အာဏာပိုင်တွေက နိုင်ငံခြားသားတွေဘက်ကနေ ဘက်လိုက် ဖြေရှင်းတယ်လို့ ယူဆနေတာကြောင့် ကျောက်ဝိုင်းက လူအများစုက မကျေမနပ် ဖြစ်နေကြပါတယ်။ အပြည့်အစုံကို ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် ကိုမိုးဇော်က တင်ပြပေးထားပါတယ်။

ဒီကနေ့ မနက် ၁၀ နာရီလောက်က မန္တလေး ကျောက်ဝိုင်းမှာ တရုတ်နဲ့ မြန်မာကုန်သည် ပွဲစားတွေအကြား ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ကြတာပါ။ ဒီလိုဖြစ်ခဲ့တဲ့ အခြေအနေကို မျက်မြင်တွေ့ရှိတဲ့ ကျောက်အရောင်းအဝယ် လုပ်နေသူ တယောက်က အခုလို ပြောပါတယ်။

“ပွဲစားလေးက PTT Path Travels & Tours ထဲမှာ သူက ကျောက် သွားပြတာ။ အဲဒါကို ဈေးဖြတ်တာ သိန်း ၄၀ နဲ့ ဖြတ်တာနဲ့ သူက ချိတ်ထားခဲ့တာ။ ချိတ်ပြီး နောက်ထပ် တရုတ်တဖွဲ့ကို သွားပြလိုက်တာ နောက်တဖွဲ့က ၄၂ သိန်းပေးလို့ အဲဒီတရုတ်တွေကို ရောင်းလိုက်တာ။ အဲဒါကို သိန်း ၄၀ ပေးတဲ့ တရုတ်တွေက ရောင်းရကောင်းလား ဆိုပြီးတော့ ပွဲစားလေးကို ၃ ယောက် ဝိုင်းထိုးကြတာ။ ဝိုင်းထိုးတော့ ရုန်းရင်းဆန်ခတ် ဖြစ်တာပေါ့ဗျာ၊ လူတွေကတော့ အများကြီးပဲ။ နောက်ပိုင်းကျတော့ လုံထိန်းတွေ ရောက်လာပြီး တံခါးပိတ်လိုက်တာကို မနိုင်သေးဘူးဗျ။ တံခါးကို ကျောက်တွေနဲ့ ဝိုင်းကိုင်ကြတာ။”

မြန်မာကုန်သည်ပွဲစားတွေက တရုတ်လူမျိုးတွေရဲ့ ဆိုင်ခန်းနေရာကို လာရောက် စုဝေးလာချိန်မှာ ရဲတွေ ရောက်ရှိလာတယ်၊ ရဲတွေက မြန်မာကုန်သည် ပွဲစားတွေကြား ဆက်ဆံရေး မပြေလည်တာကြောင့် အခြေအနေက ပိုတင်းမာလာတယ်လို့ အခြား ကျောက်ပွဲစား တယောက်က ပြောပါတယ်။

“ရဲက လာတဲ့အခါ အခန်းပတ်ဝန်းကျင်မှာ ရှိတဲ့ သူတွေကို နံပါတ်တုတ်နဲ့ ရိုက်တယ်။ ရိုက်တော့ ကျောက်သမားတွေက မကျေနပ်ကြဘူးပေါ့။ ဒီကိစ္စမှာ ဒီမှာရှိတဲ့ မြန်မာတွေကို ပါးရိုက်တော့ မကျေနပ်ဘဲနဲ့ ရဲတွေကိုပါ ပြန်ပြီးတော့ ဒီမှာရှိတဲ့သူတွေက ဝိုင်းရိုက်တော့ ရဲတွေ အကုန် ပြန်ထွက်ပြေးသွားတယ်။”

ရဲတွေ အများအပြားရောက်လာပြီး ဆိုင်အတွင်းက တရုတ်လူမျိုးတွေကို အပြင်ခေါ်ထုတ်သွားတဲ့နောက် မြန်မာတွေက ဆိုင်တွေကို ဖျက်ဆီးလိုက်တယ်လို့လည်း သူက ဆက်ပြောသွားပါတယ်။ သူပြောဆိုတဲ့ ရဲတွေက အနီးကလူတွေကို ရိုက်နှက်တယ် ဆိုတာကိုတော့ သီးခြား အတည်ပြုချက် မရပါဘူး။

အဲဒီနောက် ထောင်နဲ့ချီတဲ့ မြန်မာကုန်သည် ပွဲစားတွေဟာ လူစုကွဲမသွားဘဲ ဇာတိမာန် သီချင်းတွေကို စုဝေး သီဆိုနေတာကြောင့် နေ့ခင်း တနာရီလောက်မှာ ရဲတွေ ထပ်မံရောက်လာပြီး လူစုခွဲခိုင်းခဲ့တယ်လို့ ပြောပါတယ်။

ဒီအမှုကိစ္စကို အစိုးရဘက်က မှန်မှန်ကန်ကန် ဖြေရှင်းမပေးနိုင်ရင် အခြေအနေဟာ ပိုမိုဆိုးလာနိုင်တယ်လို့ အဲဒီ ကျောက်ပွဲစားက ပြောပါတယ်။

“အစိုးရ အနေနဲ့ မှန်မှန်ကန်ကန် ဖြေရှင်းမပေးဘဲ တရုတ်ဘက်ကို ဘက်လိုက်တဲ့ အနေအထားမျိုးတွေ ဖြစ်မယ်ဆိုရင်တော့ ဒါ့ထက် ဆိုးရွားတဲ့ အခြေအနေတွေကို ရင်ဆိုင်လာရနိုင်တယ်လို့ ကျနော်တို့တော့ မြင်နေတယ်ခင်ဗျ။”

မန္တလေးမြို့ ကျောက်ဝိုင်းတည်ရှိရာ မဟာအောင်မြေမြို့နယ်ရဲ့ ရဲတပ်ဖွဲ့မှူးရုံးက နေ့ခင်း ၂ နာရီလောက်မှာ အခြေအနေတွေဟာ အေးအေးဆေးဆေး ဖြစ်သွားပြီလို့ အခုလို ပြောပါတယ်။

“ပြီးသွားပါပြီ။ အစောကြီးကတည်းက ပြီးသွားတာ။ ခဏလေးပါ ရန်ဖြစ်တာ။ ဒါကတော့ သူတို့ဟာသူတို့ အရောင်းအဝယ် ကိစ္စပါ။”

တချို့ ဒေသခံတွေကတော့ ကိုယ်ထိလက်ရောက် ကျူးလွန်တဲ့ တရုတ်အမျိုးသားတွေကို ဖမ်းဆီး ထိန်းသိမ်းထားတယ်လို့ ပြောပေမဲ့ ရဲတပ်ဖွဲ့က သီးခြား အတည်ပြုချက်တော့ မပေးပါဘူး။

မန္တလေးက ကျောက်ဝိုင်းအတွင်းမှာ အခုလို ရုန်းရင်းဆန်ခတ် ဖြစ်ပြီးတဲ့ နောက်မှာတော့ ကျောက်ဝိုင်းကို ပုံမှန်အချိန်ထက် စောပြီး ညနေ ၃ နာရီ ဝန်းကျင်လောက်မှာ ပိတ်သိမ်းခဲ့ပါတယ်။ မန္တလေးမြို့က ဒီကျောက်ဝိုင်းဟာ ထောင်ဂဏန်းလောက် တန်ဖိုးရှိတဲ့ ကျောက်ကနေ သိန်းထောင်ချီတဲ့ ကျောက်တွေအထိ အရောင်းအဝယ်လုပ်တဲ့ နေရာလည်း ဖြစ်ပါတယ်။

XS
SM
MD
LG