သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြင်းခြံ မကျီးစုရွာမီးရှို့ခံရမှု အရပ်သားတဦးသေဆုံး


မီးရှို့ခံထားရတဲ့ မြင်းခြံမြို့နယ်၊ မကျီးစုကျေးရွာ
မီးရှို့ခံထားရတဲ့ မြင်းခြံမြို့နယ်၊ မကျီးစုကျေးရွာ

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ မကျီးစုကျေးရွာမှာ စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးလို့ နေအိမ် ၅၀ ကျော်မီးလောင်ကျွမ်းခဲ့ပြီး ဒေသခံတဦး မီးလောင်သေဆုံးခဲ့တယ်လို့ သိရပါတယ်။ တိုက်ပွဲဖြစ်ပွားမှုမရှိပဲ လက်နက်ကြီးတွေနဲ့ ပစ်ခတ် ဝင်ရောက် မီးရှို့တာဖြစ်တယ်လို့ အကူအညီပေးနေသူတွေကပြောပါတယ်။ ဒီအကြောင်း သတင်းပေးပို့ထားတာကို ကိုသားညွန့်ဦး ပြောပြပါမယ်။

မန္တလေးတိုင်း၊ မြင်းခြံမြို့နဲ့ ၁၆ မိုင်ကွာဝေးတဲ့ မကျီးစုကျေးရွာကို မေ ၂၄ ရက်၊ မနက် ၁ နာရီကျော် အချိန်က စစ်တပ်နဲ့ စစ်တပ်ထောက်ခံသူပျူစောထီးတွေ ကား ၃ စီးနဲ့ ရောက်လာပြီး လာရောက်မီးရှို့သွားတာလို့ ဒေသခံတွေက ပြောပါတယ်။

နေအိမ် ၅၉ လုံး မီးလောင်ကျွမ်းခဲ့ပြီး မီးလောင်ချိန်မှာ ကျန်းမာရေးကြောင့် နေအိမ်ထဲကနေ ထွက်မပြေး နိုင်ခဲ့တဲ့ အသက် ၆၅ နှစ်အရွယ် ဒေါ်အေးကြိုင်ဆိုသူ မီးလောင်ကျွမ်းပြီးသေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ မကျီးစုကျေးရွာမီးရှို့ခံရပြီး လူသေဆုံးတာနဲ့ ပတ်သက်လို့ မကျီးစု ကျေးရွာသား တဦးက အခုလို ပြောပြပါတယ်။

“ကား ၃ စီးနဲ့ဝင်လာပြီး အရပ်ဝတ်တွေပါတယ်။ ယူနီဖောင်းတွေလည်းပါတယ်။ စစ်တပ် ယူနီဖောင်းတွေနဲ့။ ရွာ ထောင့် ၄ ထောင့်ကနေ ရှို့တာ။ လေကြောင့်သာ အကုန်မပါဘဲနဲ့ တချို့တဝက်ပဲ ပါသွားတာ။ နာမည်က ဒေါ်အေးကြိုင် အသက်က ၆၅ သူက လေဖြန်းထားတာ။ လေဖြန်းထားတာကို မီးလောင်တော့ သူနဲ့အတူနေတဲ့ သူ့ချွေးမကလည်း သူ့ကို မကယ်ထုတ်လိုက်နိုင်ဘူး။ လောင်တာ စရှို့ခံရတာ သူတို့အိမ် ဘေးက အိမ်ဆိုတော့ ဒီကနေ့ မနက်အစောကြီးပဲ င်္သဂြိုလ်လိုက်တယ်။”

အခုလို မကျီးစုကျေးရွာမီးရှို့မခံရမီ မေ ၂၃ ရက် မနက်ပိုင်းကတော့ မကျီးစုကျေးရွာက စစ်တပ်နဲ့နီးစပ်သူလို့ ယူဆရသူ ၂ ဦးကို အမည်မသိလက်နက်ကိုင်လူတစုက လာရောက်ခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဘယ်အဖွဲ့အစည်းက လာရောက်ခေါ်ဆောင်သွားတယ်ဆိုတာကိုတော့ ကျေးရွာသားတွေက မသိရှိပါဘူး။

တိုက်ပွဲဖြစ်ပွားတာမရှိဘဲ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ဝင်ရောက်လာတဲ့အတွက် ဒေသခံတွေကဟာ နေအိမ်ထဲက ပစ္စည်းတွေ ယူဆောင်နိုင်ခြင်းမရှိပဲ ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ ဒေသခံတွေကို ကူညီပေးနေသူတဦးက အခုလိုပြောပါတယ်။

“မနေ့က တိုက်ပွဲမဖြစ်ဘူး။ ရွာထဲကို လက်နက်ကြီးတွေ ၆၀ မမ တွေနဲ့ ပစ်ပြီး အဲ့လိုမျိုးတွေ ပစ်ပြီးတော့မှ ရွာထဲကိုဝင်တော့ ပြည်သူလူထုက ကြောက်တော့ကြတော့ အကုန်လုံးထွက်ပြေးကုန်တာဆိုတော့ ဘာပစ္စည်းမှ ယူမသွားနိုင်ဘူး။ ည ၁ နာရီခွဲကြီး။”

ဒီဖြစ်စဉ်တွေနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။ စစ်တပ်နဲ့နီးစပ်တဲ့ ဒေသခံနှစ်ဦးဖမ်းဆီးခံရတာနဲ့ပတ်သက်လို့လည်း ဒေသခံကာကွယ်ရေးအဖွဲ့တွေဖက်က တစုံတရာတုန့်ပြန်ပြောဆိုတာမရှိသေးပါဘူး။

လက်ရှိ မီးလောင်သွားတဲ့ နေအိမ် ၅၉ လုံးက ဒေသခံတွေဟာ အကူအညီတွေလိုအပ်နေပြီး နီးစပ်ရာ ကျေးရွာ ဘုန်းကြီးကျောင်းတွေမှာ နေထိုင်နေရပါတယ်။ အချို့ဒေသခံတွေဟာလည်း စစ်တပ်က နောက်တကြိမ် မီးရှို့မှာကို စိုးရိမ်တဲ့အတွက် မန္တလေးမြို့ကို ပြောင်းရွှေ့နေထိုင်ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG