သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မန္တလေးဆူပူမှု လူ ၄၀၀ နီးပါး ဖမ်းဆီး


ဒုရဲမှူးကြီး ဇော်မင်းဦး (မန္တလေးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့)
ဒုရဲမှူးကြီး ဇော်မင်းဦး (မန္တလေးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့)

မန္တလေးမြို့မှာ လူသေဆုံး၊ ထိခိုက်ဒဏ်ရာတွေ ရခဲ့တဲ့အထိဖြစ်ပွားခဲ့တဲ့ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ဆူပူမှုတွေနဲ့ ဆက်နွယ်ပြီး အာဏာပိုင်တွေက လူ ပေါင်း ၄၀၀ နီးပါးကို ဖမ်းဆီးခဲ့ပါတယ်။ ညမထွက်ရ အမိန့်ထုတ်ပြန်ပြီး ဖမ်းဆီးအရေးယူမှုတွေ ရှိလာတာကြောင့် မန္တလေးမှာ တည်ငြိမ်စ ပြုလာပေမယ့် ပုံမှန်အခြအနေအထိတော့ မဖြစ်သေးဘူးလို့ မြို့ခံတွေက ပြောပါတယ်။ မန္တလေးမြို့ရဲ့ နောက်ဆုံး အခြေအနေတွေကိုတော့ ဆက်သွယ်စုံစမ်းထားတဲ့ မဆုမွန်က တင်ပြပေးထားပါတယ်။

ဇူလိုင်၁ရက်နေ့ကစလို့ ဖြစ်ပွားခဲ့တဲ့ လူနှစ်ဦးသေဆုံးပြီး လူ ၁ ဒါဇင်ကျော် ထိခိုက်ဒဏ်ရာရခဲ့တဲ့ မန္တလေးမြို့က ဆူပူအကြမ်းဖက်မှုတွေမှာ သံသယရှိသူ ၁၆ ဦး အပါအဝင် ပုဒ်မ ၁၄၄ ညမထွက်ရ အမိန့်ကို ဖောက်ဖျက်သူ စုစုပေါင်း ၃၆၂ ဦးကို ဖမ်းဆီးခဲ့တဲ့အကြောင်း မန္တလေးတိုင်း ရဲတပ်ဖဲ့ွက ပြောပါတယ်။ လူသတ်မှု (၂) မှု၊ နာကျင်စေမှု (၃) မှု၊ မီးရှို့မှု (၁) မှုတွေအတွက် သံသယရှိသူတွေကိုတော့ အာဏာပိုင်တွေက စုံစမ်းနေဆဲ ဖြစ်တယ်လို့လည်း သတင်းထုတ်ပြန်ထားတာပါ။ ပုဒ်မ ၁၄၄ ညမထွက်ရအမိန့် ချိုးဖောက်မှုနဲ့ ဖမ်းဆီးခဲ့တဲ့ ၃၄၆ ယောက်အနက် ၁၄၅ ယောက်ကိုတော့ ခံဝန်နဲ့ ပြန်လွှတ်ပေးခဲ့သလို ကျန်လူတွေကိုလည်း စစ်ဆေးမေးမြန်းပြီးရင် ပြန်လွှတ်ပေးကောင်း လွှတ်ပေးနိုင်တယ်လို့ မန္တလေးတိုင်း ဒေသကြီးက ဒုရဲမှူးကြီး ဇော်မင်းဦးက ပြောပါတယ်။ ဒါပေမဲ့လည်း လုံခြုံရေးအတွက် မန္တလေးမြို့မှာ လုံခြုံရေး တပ်ဖွဲ့ဝင်တွေအနေနဲ့ အခုအခါ နေ့ဖက်တွေမှာပါ ရှောင်တခင် စစ်ဆေးမှုတွေ လုပ်ဆောင်နေရတယ်လို့လည်း သူကပြောပါတယ်။

“လက်ရှိကတော့ နေ့ခင်းလည်း လိုအပ်တဲ့နေရာတွေမှာ ကျနော်တို့ နေရာလုံခြုံရေးတွေ ချထားတယ်။ ညဘက်ဆိုလည်း ကျနော်တို့က နယ်မြေ စိုးမိုးရေးအတွက် ကားတွေရော၊ ဆိုင်ကယ်တွေရော၊ လှည့်ကင်းတွေနဲ့ဆက်ပြီးတော့ နယ်မြေစိုးမိုးရေးကို ဆက်ပြီးတော့ ဆောင်ရွက်နေပါတယ်ဗျ။ အခုလက်ရှိကတော့ အခြေအနေ အေးအေးဆေးဆေးပါပဲခင်ဗျ။ ပုဒ်မ ၁၄၄ က ထုတ်ထားတုန်းပါ။ အခြေအနေပေါ်မှာပဲ မူတည်ပြီး ရုပ်သိမ်းသင့်၊ မရုပ်သိမ်းသင့်ကတော့ ကျနော်တို့ တိုင်းဒေသကြီး အစိုးရအဖွဲ့ကပဲ ဆောင်ရွက်မှာ ဖြစ်ပါတယ်ခင်ဗျ။ ၁၆ ဦးကတော့ ခဲတွေနဲ့ ပေါက်တဲ့သူတို့၊ တုတ်တွေ ဘာတွေကိုင်လိုက် လူတို့၊ အဲလို အခင်းဖြစ်စဉ်မှာ အဲလိုတွေ့တဲ့ဟာတွေကို လိုက်လံ ဖမ်းဆီးထားတဲ့ဟာတွေပါ။ အထူးအမှုစစ်တွေနဲ့ သေချာ ကျနော်တို့ စုံစမ်းဖော်ထုတ်နေပါတယ်ခင်ဗျ။ မျက်မြင်သက်သေတို့၊ ပတ်ဝန်းကျင်သက်သေတို့ ကျန်တဲ့ တခြား အထောက်အထားတွေနဲ့ တရားခံ ဖော်ထုတ်ရရှိရေးတော့ ဆက်လက် ဆောင်ရွက်နေပါတယ်။”

ပဋိပက္ခတွေ ဖြစ်ပွားခဲ့ပြီးနောက် အာဏာပိုင်တွေက လုံခြုံရေးအတွက် တင်းတင်းကျပ်ကျပ် စောင့်ကြည့်နေသလို၊ မန္တလေးမြို့မိမြို့ဖတွေ၊ အရပ်ဖက် အဖွဲ့အစည်းတွေနဲ့ ဘာသာရေး ခေါင်းဆောင်တွေကလည်း အခြေအနေကို ဝိုင်းဝန်းထိန်းသိမ်းဖို့ ကြိုးစားနေကြတဲ့အတွက် အခုအခါ ဆူပူ အကြမ်းဖက်မှုတွေ မရှိတော့ဘဲ ပြန်လည်တည်ငြိမ်စပြုလာနေပြီလို့လည်း မန္တလေးမြို့ခံတွေက ပြောပါတယ်။ ဒါပေမဲ့လည်း အထက်မြန်မာနိုင်ငံရဲ့ မြို့တော် မန္တလေးမြို့ရဲ့ အခြေအနေဟာ ပုံမှန်အနေအထား မရောက်သေးဘူးလို့ ဒေသခံ သတင်းသမားတစ်ဦးဖြစ်တဲ့ ကိုမင်းထက်ငြိမ်းချမ်းက ပြောပါတယ်။

ညမထွက်ရအမိန့်ကြောင့် ပုဒ်မ ၁၄၄ မရုပ်သိမ်းသေးတဲ့ အတွက်လည်း ကုန်စည်စီးဆင်းရာ အချက်အခြာလည်းဖြစ်တဲ့ မန္တလည်းမြို့က သွားရေးလာရေး၊ လမ်းပမ်းဆက်သွယ်ရေးနဲ့ စီးပွားရေး လုပ်ငန်းတွေမှာ အခက်အခဲတွေ ကြုံနေရတယ်လို့လည်း မန္တလေးမြို့ တည်ငြိမ်အေးချမ်းရေးနဲ့ သတင်းမှန် ထုတ်ပြန်ရေး ကော်မတီရဲ့ သတင်း ပြန်ကြားတာဝန်ခံလည်းဖြစ်တဲ့ ကိုမင်းထက်ငြိမ်းချမ်းက ပြောပါတယ်။

“သွားရေးလာရေးတွေကတော့ အခိုက်အတန့်အားဖြင့် တန့်သွားတဲ့အတွက် မန္တလေးလို မြို့ကြီးတွေမှာကျ လုပ်ငန်းပေါင်းစုံ ကိုယ်မသိတဲ့လုပ်ငန်းရော၊ သိတဲ့လုပ်ငန်းရော၊ လက်လုပ်လက်စား အသေးစား အလတ်စားတွေရော နောက် ဒါနဲ့ ဆက်နွယ်နေတဲ့ သယ်ယူပို့ဆောင်ရေးတွေရော ဆိုတော့ ပုံမှန်တော့ မဖြစ်သေးဘူး၊ အခုနကပြောတဲ့ အရပ်စကားနဲ့ ပြောရရင် ရုတ်ရုတ် ရုတ်ရုတ်ဖြစ်တယ်ဆိုတာတွေတော့ သိပ်မကြားရဘူး၊ မနေ့ကအထိတော့ ဟိုနည်းနည်း၊ ဒီနည်းနည်း ကောဠဟာလတွေတော့ ရှိသေးတယ်။ ဒီရက်ကဆိုရင် အထူးသဖြင့် လမ်းဘေးလက်ဖက်ရည်ဆိုင်လေးတွေမှာက ကမ္ဘာ့ဖလား ဗိုလ်လုပွဲအထိ အားခဲပြီးတော့ ရောင်းမှာတွေလေ။ ပြီးရင် ပရီမီယာတို့ ၊ ဘာတို့ အဲဒါတွေလည်း အများကြီး ရပ်သွားတယ်။ ဆိုင်ကယ်လ် တက္ကဆီတွေ၊ ညပိုင်း ကုန်စိမ်းတွေ၊ နောက် လက်လုပ်လက်စား ဈေးလေးတွေမှာ ပြန်ပြီးတော့ ဒိုင်တွေကနေ ပြန်ဝယ်မယ်ပေါ့။ ဒါတွေက အများကြီး အနှောင့်အယှက် ဖြစ်သွားတာပေါ့။ တည်ငြိမ်သလားဆိုရင်တော့ ရုတ်ရုတ်သည်းသည်း ပဋိပက္ခဆန်ဆန်တွေတော့ ဒီနေ့ ဘာမှ မကြားဘူး။ ဒါပေမယ့် လုပ်ငန်းကိုင်ငန်းတွေက ပုံမှန်ပြန်ဖြစ်သွားပြီလားဆိုတော့ ဆိုင်တွေ ဘာတွေတော့ ပြန်ဖွင့်ပါလိမ့်မယ်။ သို့သော်လည်းပဲ အရင် မူလ ပုံစံတော့ ပြန်မရောက်သေးဘူးလို့ ပြောလို့ရပါတယ်။”

ဒီလ ဇူလိုင်လ (၁) ရက်နေ့က စတင် ဖြစ်ပွားခဲ့တဲ့ ဘာသာရေးအသွင်ဆောင် အကြမ်းဖက် ဆူပူမှုတွေကို ထိန်းသိမ်းဖို့ မန္တလေး စည်ပင်သာယာ နယ်နိမိတ်အတွင်းက အောင်မြေသာဇံ၊ ချမ်းအေးသာဇံ၊ မဟာအောင်မြေ၊ ချမ်းမြသာစည်၊ ပြည်ကြီးတံခွန်နဲ့ အမရပူရ မြို့နယ် ၆ မြို့နယ်မှာ ည ၉ နာရီကနေ မနက် ၅ နာရီအထိ ညမထွက်ဖို့ ဇူလိုင်လ ၃ ရက်နေ့က အမိန့်ထုတ်ပြန်ခဲ့တာပါ။ အမိန့်ထုတ်ပြန်ပြီး နောက်တနေ့မှာပဲ ဆူပူမှုတွေ ထပ်ဖြစ်ခဲ့တဲ့အတွက်လည်း မန္တလေးတိုင်း ပုသိမ်ကြီး မြို့နယ်မှာပါ ပုဒ်မ ၁၄၄ ထပ်မံကြေညာခဲ့တာဖြစ်ပါတယ်။

XS
SM
MD
LG