သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မန္တလေး အခြေအနေ မြို့မိမြို့ဖတွေထိန်းသိမ်း


မန္တလေး ငြိမ်းချမ်းမှု ထိန်းသိမ်းရေးကော်မတီကဦးဆောင်ပြီး လေးပြင်လေးရပ် သာသနာ့ဥသျှောင်ဆရာတော်များထံမှ သြဝါဒခံယူပွဲ တက်ရောက်သူ ပရိသတ်။ (ဦးသိန်းအောင်မြင့်)
မန္တလေး ငြိမ်းချမ်းမှု ထိန်းသိမ်းရေးကော်မတီကဦးဆောင်ပြီး လေးပြင်လေးရပ် သာသနာ့ဥသျှောင်ဆရာတော်များထံမှ သြဝါဒခံယူပွဲ တက်ရောက်သူ ပရိသတ်။ (ဦးသိန်းအောင်မြင့်)

ဒီရက်ပိုင်း အတွင်းမှာပဲ ဆူပူ အကြမ်းဖက်မှုတွေကြောင့် လူအသေအပျောက် ရှိခဲ့တဲ့ မန္တလေးမြို့မှာတော့ ဒီကနေ့ အခြေအနေ တည်ငြိမ်နေပြီး ညမထွက်ရ အမိန့် မလိုက်နာသူ တချို့ကိုတော့ ဖမ်းဆီးထားတယ်လို့ တိုင်းရဲတပ်ဖွဲ့က ပြောပါတယ်။ တဖက်မှာလည်း မန္တလေး အခြေအနေကို ရေရှည် ထိန်းသိမ်းနိုင်ဖို့ အတွက် မြို့မိမြို့ဖတွေက မန္တလေးမြို့ ငြိမ်းချမ်းမှု ထိန်းသိမ်းရေး ကော်မတီတရပ်ကိုလည်း ဖွဲ့စည်းခဲ့ကြပြီး မတူညီတဲ့ ယုံကြည်မှုတွေကို အပြန်အလှန် လေးစားလာကြစေဖို့ အပါအဝင် ရေရှည်လုပ်ငန်းစဉ်တွေကို ချမှတ်ခဲ့ကြပါတယ်။ မသိင်္ဂီထိုက်က အခြေအနေ အပြည့်အစုံ တင်ပြပေးထားပါတယ်။

လူ ၂ ဦးသေဆုံး၊ ဒါဇင်နဲ့ချီ ဒဏ်ရာရခဲ့တဲ့ ဇူလိုင်လ ၁ ရက်နေ့က ၃ ရက်နေ့ အထိ ဖြစ်ပွားခဲ့တဲ့ မန္တလေး အကြမ်းဖက် ဆူပူမှုတွေဟာ ဒီကနေ့ ဇူလိုင်လ ၆ ရက်နေ့မှာတော့ တည်ငြိမ်စပြုလာခဲ့ပြီလို့ အာဏာပိုင်တို့က ပြောပါတယ်။ မန္တလေး စည်ပင် နယ်နိမိတ်အတွင်းက မြို့နယ် ၆ ခု အပါအဝင် ပုသိမ်ကြီး မြို့နယ်တို့မှာပါ ပုဒ်မ ၁၄၄ ညမထွက်ရ အမိန့်ထုတ်ပြန်ထားတာမို့ သတ်မှတ်ချိန် အတွင်း အပြင်ထွက်သူ တချို့ကိုတော့ ဖမ်းဆီးထိန်းသိမ်းမှု ရှိပါတယ်လို့ မန္တလေးတိုင်းရဲဌာနချုပ်က တာဝန်ကျ အရာရှိက ပြောပါတယ်။

“ဘာမှတော့ မရှိသေးဘူးခင်ဗျ။ အေးအေးဆေးဆေးပါပဲခင်ဗျ။ ညမထွက်ရ အမိန့်ရှိတော့ လှည့်ကင်းလှည့်ရင်းနဲ့ ဖမ်းထားတာ အရေးယူ ဆောင်ရွက်ထားတာပဲ ရှိတယ်။ အပြင်ထွက်တဲ့လူတွေ ဘာတွေကို ပေါ့။ အဲဒါပဲ ရှိတယ်။ ဒါကလွဲရင်တော့ ဘာမှ မရှိပါဘူး။”

မေး။ ။ တနေ့က ဂျွန်းဗလီကနေပြီးတော့ ၅ ယောက်ကို ဆရာတို့ တိုင်းရဲရုံးက ဖမ်းထားတယ်လို့လည်း ပြောတယ်ရှင့်။ မွတ်ဆလင် ကွန်မြူနတီ (အသိုင်းအဝိုင်း) ကလေ။

“အဲဒါ သတင်းတွေမှာ အကုန် ဖော်ပြပြီးသွားပြီလေ။ ဓားတွေ၊ ဘာတွေ မိတယ်ဆိုလို့။ မိတဲ့ဟာလည်း ဘယ်လို အရေးယူမယ်ဆိုတာ ပါပြီးသားပဲ။ တချို့က ရဲ Act နဲ့ ယူတာလည်း ရှိတယ်ခင်ဗျ။ ပုဒ်မနဲ့ယူတာရှိတယ်။ ရဲ Act နဲ့ယူတာရှိတယ်။ ၅ ယောက်၊ ၅ ယောက်ပေါ့။”

မေး။ ။ အဲဒီတော့ ဆရာ ဒီအဖြစ်အပျက်ထဲမှာ စုစုပေါင်းဖမ်းထားတာ ဘယ်နှစ်ယောက်လောက်များ ရှိပါသလဲရှင့်။

“အားလုံးကို ဘယ်လောက်ရှိပြီလဲ မသိဘူးခင်ဗျ။ ကျနော် အတိအကျ မသိသေးဘူးခင်ဗျ။”

စီးပွားရေး လုပ်ငန်းတွေတော့ ပုံမှန်အတိုင်း ပြန်လည်လည်ပတ်နိုင်ခြင်း မရှိသေးပါဘူး။ တဖက်မှာတော့ မန္တလေး အခြေအနေကို ရေရှည်ထိန်းသိမ်းဖို့ အတွက် မြို့မိ မြို့ဖတွေက မန္တလေးမြို့ ငြိမ်းချမ်းရေး ထိန်းသိမ်းရေး ကော်မတီကို မနေ့က ဖွဲ့စည်းလိုက်ပြီး ဒီကနေ့မှာတော့ ဆရာတော်ကြီးတွေရဲ့ သြဝါဒကို ခံယူခဲ့ကြသလို ဘာသာပေါင်းစုံက ဘာသာရေး ခေါင်းဆောင်တို့နဲ့လည်း တွေ့ဆုံခဲ့ကြပါတယ်။ မန္တလေး ငြိမ်းချမ်းရေး ထိန်းသိမ်းရေး ကော်မတီရဲ့ ဒုတိယ ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသူ သုခရိပ်မြုံ ဦးဇာနည်အောင်ကတော့ ကော်မတီက ဆောင်ရွက်မယ့် ကိစ္စတွေကို အခုလို ပြောပါတယ်။

“ဟုတ်ကဲ့ဗျ။ ကျနော်တို့ လုပ်ငန်းစဉ်တွေကတော့ အခုက ဆရာတော် သမတော်ကြီးတွေရဲ့သြဝါဒကို ယူပါမယ်။ ပြီးလို့ရှိရင် ဖြစ်စဉ်တွေမှာ ရုတ်တရက်ဖြစ်လာမယ့် အဓိကရုဏ်းတွေမှာ အဲဒီနေရာတွေကိုသွားပြီးတော့ သံဃာတော်တွေရဲ့အကူအညီ၊ တဘက်က ဘာသာရေးခေါင်းဆောင်တွေရဲ့ အကူအညီနဲ့ ရှင်းမယ်ပေါ့နော်။ မေတ္တာရပ်ခံမယ်။ လူအုပ်ကိုလည်းရှင်းမယ်။ ဒါတွေလည်း ကျနော်တို့ လုပ်ရမှာပါ။ ဒါက ကာလတစ်ခုကို ကျနော်တို့ အဲဒီအတိုင်း ဖြတ်သန်းရပါမယ်။ နောက်နောင်မှာဆိုလို့ရှိရင်လည်း ကျနော်တို့က ကျနော်တို့ တိုင်းဒေသကြီးအတွင်းမှာရှိတဲ့ လွှတ်တော်ကိုယ်စားလှယ်များ အပါအဝင် အာဏာပိုင် အဖွဲ့အစည်းတွေနဲ့လည်း ဆက်သွယ်ညှိနှိုင်းပြီးတော့ -- ဆောင်ရွက်ပါမယ်။ နောက်တခါ ဘာသာကွဲတွေ အချင်းချင်းကြားမှာ တစ်ဦးနဲ့တစ်ဦး ဒိထက်ပိုပြီးတော့ ရင်းနှီးကျွမ်းဝင်အောင် ဆက်ဆံရေးတွေပေါ့ဗျာ။ ရေရှည်လုပ်သွားဖို့တွေပါ။ အဲဒီတော့ သူတို့ဆီမှာ သူတို့ ဘာသာရေး ဓလေ့ထုံးစံတွေ ဘာတွေနဲ့အညီရှိရင်လည်း သွားကြ လာကြ၊ ဝင်ကြ ထွက်ကြမယ်။ ကျနော်တို့ဆီမှာလည်း အဲလိုမျိုး ဓလေ့ထုံးစံတွေ၊ ဘာသာရေးပွဲတွေ ရှိရင်လည်း သူတို့လာနိုင်အောင် ကျနော်တို့ လုပ်မယ်ပေါ့။ အဲဒီလို ရင်းနှီးမှုတွေလည်း လုပ်ပါမယ်။ နောက်တစ်ခါ သူတို့ ဘာသာရေးခေါင်းဆောင်တွေ၊ ကျနော်တို့ ဘာသာရေးခေါင်းဆောင်တွေကိုလည်း အစဉ်တစိုက်ပေါ့လေ၊ ကလေးသူငယ်ဘဝကနေ စပြီးတော့ သင်ကြားတဲ့နေရာမှာ ကိုယ်နဲ့ဘာသာမတူတာကိုလည်းပဲ လေးစားတတ်တဲ့အကျင့်ပေါ့ဗျာ။ အဲဒီဟာမျိုးကို ပေးဖို့ဆိုတာကို ကျနော်တို့ လေးလေးနက်နက် အလုပ်လုပ်ကြမယ်ပေါ့။”

မန္တလေးတိုင်း သံဃာ့ မဟာနာယက ဥက္ကဋ္ဌ ဆရာတော် ဦးဝိစိတ္တရဲ့ သြဝါဒနဲ့ အညီဖွဲ့စည်းလိုက်တဲ့ ဒီ မန္တလေးမြို့ ငြိမ်းချမ်းရေး ထိန်းသိမ်းရေး ကော်မတီကိုတော့ မန္တလေးမြို့ပေါ်က လူမှုရေး ဦးစီးဦးဆောင် ပြုသူတို့နဲ့ ဖွဲ့စည်းပြီး အာဏာပိုင်တို့ဘက်ကလည်း ဝိုင်းဝန်းကူညီပေးကြဖို့ ကမ်းလှမ်းနေကြတယ်လို့လည်း ဦးဇာနည်အောင်က ပြောပါတယ်။

“ကျနော်တို့က မန္တလေးတိုင်း၊ သံဃာ့နာယက ဥက္ကဋ္ဌ ဆရာတော် ဦးဝိစိတ္တရဲ့ သြဝါဒအတိုင်း၊ တိုင်းဒေသ အစိုးရအဖွဲ့ကြီးအဖွဲ့ ဝန်ကြီးချုပ်အပါအဝင် အခြားဝန်ကြီးများ၊ လွှတ်တော်ဥက္ကဋ္ဌများ၊ လွှတ်တော်ကိုယ်စားလှယ်များကိုလည်းပဲ ကျနော်တို့ ဖိတ်ပါတယ်ခင်ဗျ။ ဒီနေ့မနက်မှာ မန္တလေးတိုင်းဒေသကြီးရဲ့ ဘဏ္ဍာရေးဝန်ကြီးက သူတက်ရောက်မယ်လို့ ကျနော်တို့ကို ဖုန်းနဲ့ အကြောင်းပြန်ပါတယ်။ သို့သော် ရောက်မလာဘူးခင်ဗျ။ ကျနော်တို့ ဆက်လက်ပြီးတော့ ကြိုးစားသွားမှာပါ။”

ဒီကနေ့မှာတော့ မန္တလေးမြို့က သက်ကြီး ဝါကြီး သြဇာကြီးတော်မူကြတဲ့ ဆရာတော်ကြီးတွေ ဖြစ်ကြတဲ့ ရွှေကျင် မဟာမြိုင် ဆရာတော် ဘုရားကြီး၊ သုဓမ္မာ ခင်မကန် ဆရာတော် ဘုရားကြီးတို့ကလည်း မေတ္တာတရားရှေ့ထားပြီး ငြိမ်းငြိမ်းချမ်းချမ်း ရှိကြဖို့ မိန့်ကြားခဲ့ပါတယ်။ ဘာသာပေါင်းစုံ ညီညွတ်ရေး အဖွဲ့ရဲ့ ဒုတိယ ဥက္ကဋ္ဌလည်းဖြစ် အစ္စလာမ်ဘာသာရေး ဂိုဏ်ချုပ်ဆရာတော် ခလီဖွာ ဦးသိန်းဝင်းအောင်ကလည်း မတူညီတဲ့ ဘာသာဝင်တွေကြား ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးကို အလေးထား ပြောကြားခဲ့ပါတယ်။ ဒီသြဝါဒ ခံယူပွဲမှာ ခရစ်ယာန် ဂိုဏ်းချုပ် ဆရာတော်နဲ့ ဟိန္ဒူ ဘာသာရေး ဂိုဏ်းချုပ်ဆရာတော်တို့လည်း ဒီကနေ့ မန္တလေး ငြိမ်းချမ်းရေး ထိန်းသိမ်းရေး ကော်မတီရဲ့ သြဝါဒ ခံယူပွဲကို ကြွရောက်ခဲ့ကြပါတယ်ရှင်။

XS
SM
MD
LG