ကျောင်းသူကျောင်းသားတွေကို အစိုးရက ဥပဒေမဲ့အကြမ်းဖက်နေမှုတွေ ရပ်တန့်ရေး မန္တလေးမြို့မှာ ခွင့်ပြုမိန့်တင်ပြီး ဆန္ဒဖော်ထုတ်ကြပေမယ့် ဆန္ဒပြနေတဲ့လူအုပ်ကြားမှာ တိမ်းရှောင်ကျောင်းသားတွေကို အရပ်ဝတ်အာဏာပိုင်တွေက တဦးချင်း လိုက်လံရှာဖွေခဲ့ကြတယ်လို့ ဆိုပါတယ်။ အပြည့်အစုံကို ဆက်သွယ်စုံစမ်းထားတဲ့ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။
မန္တလေးတိုင်းအတွင်း ခရိုင်အသီးသီးက တက်ကြွလှုပ်ရှားသူတွေ၊ ကျောင်းသားတွေနဲ့အတူ ဥပဒေပညာရှင်တွေ၊ မီဒီယာသမားတွေကိုယ်တိုင် ဆန္ဒ ဖော်ထုတ်ခဲ့ကြတဲ့ မန္တလေးမြို့ကဆန္ဒပြပွဲမှာ ဆန္ဒဖော်ထုတ်သူတွေကို အနှောင့်အယှက်ဖြစ်ရတဲ့အထိ တဦးချင်း မှတ်တမ်းအရိုက်ခံရတာ၊ တိမ်းရှောင် ကျောင်းသားတွေကို ရှာဖွေတာတွေလုပ်ခဲ့ကြောင်း မန္တလေးမြို့က တက်ကြွလှုပ်ရှားသူ (၈) လေးလုံးကျောင်းသား ကိုညီညီကျော်က ပြောပါတယ်။
“တရားဝင်ကြေညာမထားဘဲ တိမ်းရှောင်ကျောင်းသားရှိတယ်-ဆိုတဲ့ စွပ်စွဲချက်တွေကို ဆန္ဒပြတဲ့သူတွေကြားမှာ သူတို့က သတင်းဖြန့်ပါတယ်။ ဖြန့်ပြီးတဲ့ နောက်မှာ စစ်ဗျူဟာကို အထူးတလည် ရှာဖွေတဲ့လုပ်ရပ်မျိုးတွေကို ပါးစပ်ကလည်းမေးတယ်။ လက်တွေ့လုပ်နေတာမျိုးတွေလည်း တွေ့ရတယ်ဗျ။ အထူး သဖြင့် ကျောင်းသားတွေကို ပိုပြီးတော့ ရန်လိုနေတဲ့အပြုအမူမျိုး၊ သို့မဟုတ် ဖမ်းဆီးဖို့ အကြောင်းရှာနေတဲ့အပြုအမူမျိုး ဒီသဘောမျိုးတွေ သက်ရောက်နေ တယ်။ ပွင့်ပွင့်လင်းလင်းပြောရလို့ရှိရင် ဆန္ဒပြတဲ့သူ ၃ဝဝ လောက်ရှိမယ်ဆိုရင် သူတို့ဟာ လုံခြုံရေးရဲအင်အားမပါဘဲ သတင်းယူတဲ့ Informer နဲ့ SB - စရဖ-ပေါ့နော်၊ အဲဒါဟာ ၅ဝ လောက်အထိ တွေ့ရတယ်။ ထူးထူးခြားခြားပေါ့၊ အဲဒီထက် ဆိုးပါတယ်။ ဆန္ဒပြနေတဲ့သူတွေကို တယောက်ချင်း၊ တဦးချင်းကို ဗွီဒီယိုမှတ်တမ်းတွေ၊ ကင်မရာတွေနဲ့ အရေအတွက် များပြားလှတဲ့သူတွေက တောက်လျှောက်လိုက်ရိုက်နေတာ၊ အစကအဆုံးပေါ့။ …ကျနော်တို့ရဲ့လွတ်လပ်စွာ ဆန္ဒပြခွင့်ကို အနှောင့်အယှက်ဖြစ်စေလောက်တဲ့အထိ သူတို့ပြုလုပ်ပါတယ်။”
‘ကျောင်းသူကျောင်းသားတွေကို အစိုးရက ဥပဒေမဲ့အကြမ်းဖက်နေမှုများ ရပ်တန့်ရေး’ ခေါင်းစဉ်နဲ့ တောင်းဆိုဆန္ဒပြပွဲမှာ လက်ပံတန်းမြို့က ကျောင်းသား သပိတ်စစ်ကြောင်းမှာ ဖမ်းဆီးခံထားရတဲ့ အရပ်သားနဲ့ ကျောင်းသားတွေ ပြန်လွှတ်ပေးရေးတွေကို တောင်းဆိုခဲ့ကြပါတယ်။ ဆန္ဒပြပွဲမှာ ဥပဒေ ပညာရှင်တွေနဲ့အတူ မီဒီယာတွေ၊ နယ်ပယ်ပေါင်းစုံက တက်ကြွလှုပ်ရှားသူတွေ ပူးပေါင်းပါဝင်ခဲ့ပြီး အလွတ်သတင်းထောက် ကိုမင်းထက်ငြိမ်းချမ်းကတော့ သတင်းမီဒီယားသမားတွေ ဒီဆန္ဒပြပွဲကို ဘာကြောင့် ပူးပေါင်းပါဝင်ခဲ့ရသလဲဆိုတာကို အခုလို ရှင်းပြပါတယ်။
“မန္တလေးမီဒီယာတွေကလည်း ပြည်သူတွေနဲ့ တသားတည်းရပ်တည်တဲ့သဘောပါ။ နောက်တချက်က ကျနော်တို့ မန္တလေးမြို့က မီဒီယာတွေကလည်း လက်ပံတန်းအကြမ်းဖက်ဖြိုခွဲမှုမှာ ကိုယ်တိုင် မျက်မြင်တွေလည်း ရှိခဲ့ပါတယ်။ အလားတူပဲ မန္တလေးမြို့ကနေပြီး ပင်မသပိတ်စစ်ကြောင်းက ချီတက်ခဲ့တာ ဖြစ်တော့ ကျနော်တို့မန္တလေးတလျှောက်လမ်းမှာ တောင်သာ၊ ဝဲလောင် ….ဒီ အကြမ်းဖက်ဟန့်တားခံရတဲ့ကာလတွေကို မြင်ခဲ့၊ ကြားခဲ့၊ သိခဲ့တာလည်း ရှိပါတယ်။ အဲဒီအတွက်လည်း ဒီအကြမ်းဖက်မှုတွေကို ရပ်တန့်ဖို့အတွက် ပြည်သူတွေနဲ့တသားတည်းဝင်ပြီး ရပ်တည်ကြတာဖြစ်ပါတယ်။”
အထက်မြန်မာပြည်ခရိုင်အသိးသီးက တက်ကြွလှုပ်ရှားသူတွေအပြင် သံဃာတော်တွေ၊ ကျောင်းသားတွေနဲ့အတူ ပြည်သူတွေဟာ လက်ပံတန်းမြို့က ဖြစ်စဉ်ပေါ်မူတည်ပြီး တရားဥပဒေစိုးမိုးရေးအတွက် ဆန္ဒပြရတာဖြစ်တယ်လို့ ဆန္ဒပြရာမှာ ပါဝင်တဲ့ တက်ကြွလှုပ်ရှားသူ ကိုအေးသိန်းက ပြောပါတယ်။
“လက်ပံတန်းမှာ အကြမ်းဖက်ဖြိုခွဲတဲ့ကိစ္စကို တရားဥပဒေစိုးမိုးမှုမရှိတဲ့ကိစ္စ၊ တရားဥပဒေမဲ့စွာ အနိုင်ကျင့်တဲ့ကိစ္စတွေကို ဒါကို မန္တလေးမှာ ရှုတ်ချပွဲတရပ် အနေနဲ့ ကျနော်တို့ ဆန္ဒပြတာပါခင်ဗျ။”
ဒီဆန္ဒပြပွဲမှာ သတင်းမီဒီယာသမားတွေကိုယ်တိုင် ထူးထူးခြားခြား ပါဝင်ဆန္ဒပြခဲ့ကြပြီး အမည်းရောင်လှုပ်ရှားမှုတွေနဲ့ ဆန့်ကျင်ကန့်ကွက်ခဲ့ကြကြောင်း မန္တလေးခေတ်သတင်းဂျာနယ်အယ်ဒီတာချုပ်လည်းဖြစ်၊ လွတ်လပ်သောသတင်းသမားသမဂ္ဂရဲ့တာဝန်ခံတဦးလည်းဖြစ်တဲ့ ဦးမင်းဒင်ကလည်း အခုလို ပြောပြပါတယ်။
“လက်ပံတန်းမှာ အကြမ်းဖက်မှုကိုမှတ်တမ်းတင်နေတဲ့ ကျနော်တို့ရဲ့သတင်းထောက်တွေကို အကြမ်းဖက်မှုတွေပြုလုပ်တယ်။ ရိုက်နှက်တယ်။ လိုက်လံပြီး ဖမ်းဆီးတယ်။ ထောင်ထဲမှာကို နှစ်ရက်၊ သုံးရက်နေခဲ့ရတဲ့သတင်းထောက်တွေလည်း ရှိတယ်။ အဲဒီကိစ္စကို ကျနော်တို့အနေနဲ့ ရှုတ်ချတယ်။ ရှုတ်ချတဲ့အနေနဲ့ ကျနော်တို့ပါဝင်ပူးပေါင်းပြီးတော့ ကျနော်တို့လှုပ်ရှားမှုအနေနဲ့ လက်ပတ် ပတ်တယ်။ ရင်ထိုးအမည်းထိုးတယ်။ black campaign ဆိုပြီး ကျနော်တို့လုပ်တယ်။”
သောကြာနေ့ညကတော့ ဗကသများအဖွဲ့ချုပ်က ကျောင်းသားနှစ်ဦးဟာ မန္တလေးမြို့မှာ အစိုးရဆန့်ကျင်ရေးစာတန်းတွေ ဆေးမှုတ်လှုပ်ရှားမှုတွေလုပ်ပြီး ဖမ်းဆီးခံခဲ့ရပေမယ့် သူတို့လွတ်မြောက်ရေးအတွက် ဒေသခံသတင်းသမားတွေနဲ့ တက်ကြွလှုပ်ရှားသူတွေက အတော့ကို ကြိုးစားခဲ့ရတယ်လို့ တက်ကြွ လှုပ်ရှားသူတွေက ပြောပါတယ်။ မန္တလေးမြို့ဆန္ဒပြပွဲမှာ အင်အား ၄ဝဝ ကျော် ၅ဝဝ ဝန်းကျင်လောက်ရှိပြီး ယူနီဖောင်းဝတ်တွေသာမက အရပ်ဝတ် အာဏာပိုင်တွေရဲ့စောင့်ကြည့် မှတ်တမ်းယူမှုတွေလည်း အများအပြားရှိခဲ့ကြောင်း ဆန္ဒပြသူတွေက ပြောပါတယ်ရှင်။
ဒါကတော့ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာ သတင်းပေးပို့ခဲ့တာပါ။ လက်ပံတန်းမှာ အကြမ်းဖက်ဖြိုခွင်းပြီး ဖမ်းဆီးခံရတဲ့ ကျောင်းသားတွေ ပြန်လွှတ်ပေးဖို့အတွက် ဒီကနေ့ညနေပိုင်းတုန်းက ရန်ကုန်မြို့မှာ အင်းလျားကန်ဘောင်မှာလည်း တောင်းဆို ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်ခင်ဗျာ။