သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မန္တလေးပဋိပက္ခနဲ့ စီးပွားရေးပေါ် သက်ရောက်မှု


မန္တလေးမြို့တနေရာတွင် မနက်စာ စားနေသူများနှင့် ဆွမ်းခံကြွသံဃာတော်များ။ ဒီဇင်ဘာ ၁၊ ၂၀၁၂။
မန္တလေးမြို့တနေရာတွင် မနက်စာ စားနေသူများနှင့် ဆွမ်းခံကြွသံဃာတော်များ။ ဒီဇင်ဘာ ၁၊ ၂၀၁၂။

မန္တလေးမှာ ပဋိပက္ခနဲ့ ရုန်းရင်းဆန်ခတ်အခြေအနေတွေ ဖြစ်ခဲ့ပြီး ညမထွက်ရအမိန့် ထုတ်ပြန်ခဲ့ပြီးတဲ့နောက် ဒေသ ခံတွေရဲ့ နေ့တဓူ၀ ရောင်းဝယ်ဖောက်ကား စီးပွားရှာလုပ်ငန်းတွေ အနည်းနဲ့အများဆိုသလို ထိခိုက်ရပါတယ်။ ဒီအခြေအနေအပေါ် မြို့ခံတွေရဲ့ အမြင်သဘောထားတွေကို စုစည်းပြီး ဒီသီတင်းပတ် စီးပွားရေးကဏ္ဍမှာ တင်ဆက်ထားပါတယ်။

ကမ္ဘာပေါ်က ဘယ်နေရာ ဘယ်ဒေသမှာပဲဖြစ်ဖြစ် အကြမ်းဖက် ပဋိပက္ခတွေ ဖြစ်ပြီဆိုမှဖြင့် အဲဒီနေရာဒေသရဲ့ အသက်မွေး ဝမ်းကျောင်းနဲ့ စီးပွားရေး ကူးသန်းရောင်းဝယ်ရေး လုပ်ငန်းတွေအပေါ် အနည်းနဲ့အများ ဆိုသလို ထိခိုက်မှာကတော့ အသေ အချာပါပဲ။ ဒီထဲမှာ မန္တလေးမြို့ဟာ ချွင်းချက်မဟုတ်ပါဘူး။

ပြီးခဲ့တဲ့သီတင်းပတ် အင်္ဂါနေ့ကစပြီး အထက်မြန်မာပြည်ရဲ့ အဓိကမြို့ကြီးဖြစ်တဲ့ မန္တလေးမြို့မှာ ရာဇဝတ်မှုခင်းလောက် ဖြစ်ဖွယ်ရှိ တဲ့ဖြစ်ရပ်လေးတခုကနေ လူသေရတဲ့ထိ တဘက်နဲ့တဘက် ရုန်းရင်းဆန်ခတ် အကြမ်းဖက် အခြေအနေတွေ ဖြစ်ခဲ့ပြီးတဲ့နောက် ဒေသဆိုင်ရာ အာဏာပိုင်တွေက ပုဒ်မ ၁၄၄ ညမထွက်ရအမိန့်ထုတ်ပြီးတော့ ထိန်းသိမ်းထားရပါတယ်။

မန္တလေးမြို့ဟာ အထက်မြန်မာပြည်ရဲ့ စီးပွားရေးအချက်အခြာမြို့လို့ပြောရင် မှားမယ်မထင်ပါဘူး။ ကမ္ဘာပေါ်က စီးပွားရေး အချက်အခြာ ဘယ်လိုမြို့မှာမဆို လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံ ဒွေးရောယှက်တင် နေထိုင် လုပ်ကိုင်နေကြတာကလည်း အထင် အရှားပါ။ အဲဒီလိုနေရာမျိုးတွေမှာ လူမျိုးရေး ဘာသာရေး ခွဲခြားမှုဆန်တဲ့ ပဋိပက္ခတွေဖြစ်ပြီဆိုမှဖြင့် ထိခိုက်ရတာဟာ ဖြူသော မည်းသော ဘာသာခြားသော ဘာသာတူသော ဘယ်လူမျိုးဖြစ်သော ညာလူမျိုးဖြစ်သော ခွဲခြားနေမှာမဟုတ်ပါဘူး။

ကျနကောင်းမွန်တဲ့ စနစ်တခု အထိုင်ကျပြီးသား နိုင်ငံတခုမှာဆိုရင်တော့ အခုလိုအခြေအနေမျိုးနဲ့ ကြုံရတဲ့အခါ နေ့စဉ် ကူးသန်း ရောင်းဝယ်ရေးမှာ ငွေကြေးပမာဏ ဘယ်လောက်ဆုံးရှုံးရတယ်၊ ဒေသတွင်းစီးပွားရေးတစုံလုံးမှာ ငွေကြေးပမာဏ ဘယ်လောက် ထိခိုက်နစ်နာရတယ်၊ ဘယ်စီးပွားရေးကဏ္ဍတွေဟာ အထိနာဆုံးဖြစ်တယ် စသည်အားဖြင့် အကြမ်းဖျဉ်း ခန့်မှန်းတွက်ချက်မှုတွေ သိရနိုင်ပါတယ်။ ဥပမာအားဖြင့် အိမ်နီးချင်ထိုင်းနိုင်ငံမှာ ရှပ်နီ ရှပ်ဝါတွေကြား နိုင်ငံရေးပဋိပက္ခတွေ ပြင်းထန်ခဲ့ချိန်တုန်းက စီးပွားရေး ဘယ်နှရာခိုင်နှုန်းကျသွားခဲ့တယ်၊ အစုရှယ်ယာဈေးကွက် ဘယ်လိုထိခိုက်တယ်၊ ကမ္ဘာလှည့်ခရီးသွားအရေအတွက် ဘယ်လောက်ကျသွားပြီး ခရီးသွားလုပ်ငန်းကို ဘယ်လိုထိခိုက်တယ် စသည်အားဖြင့် အချက်အလက်တွေ သိခဲ့ရပါတယ်။

နှစ်ပေါင်းများစွာ ညံ့ဖျင်းတဲ့ စီမံခန့်ခွဲအုပ်ချုပ်မှုနဲ့ ကြုံခဲ့ရတဲ့ မြန်မာနိုင်ငံမှာတော့ တိကျမှန်ကန်တဲ့ စာရင်းအင်းကိန်းဂဏန်းတွေ ရဖို့ဆိုတာ ကြီးမားတဲ့ စိန်ခေါ်မှုတခုပါ။

ဘယ်အချိန် ဘာထပ်ဖြစ်မယ်မှန်း မသိနိုင်တဲ့ ကျီးလန့်စာစား အခြေအနေနဲ့လည်း ကြုံရ၊ ညမထွက်ရအမိန့် ထုတ်တာနဲ့လည်း ရင်ဆိုင်ရဆိုတော့ ရောင်းသူတွေက မရောင်းရဲ၊ ဝယ်သူတွေကလည်း အရင်ကလို စိတ်တိုင်းကျဝယ်ချင်တဲ့အချိန်မှာ မဝယ်ရဲ ဆိုတော့ ဒီအခြေအနေကို အမြတ်ထုတ် အခွင့်ကောင်းယူတဲ့ စီးပွားရေးသမားဆိုတာကလည်း ခေတ်တိုင်း အချိန်တိုင်းမှာ ပေါ်လာ တာပါပဲ။ ဒီတော့ ကုန်ဈေးနှုန်းတက်တယ်ဆိုတာ အထူးအဆန်း မဟုတ်ဘူးလို့တောင် ပြောရမလိုပါပဲ။

နေ့တဓူ၀ ရောင်းရေးဝယ်တာလုပ်ငန်းတွေနဲ့ စီးပွားရေးအပေါ် သက်ရောက်တာတွေက အတန်ငယ်မြင်သာပေးပေမယ့် ဒီလို ပဋိပက္ခကြောင့် လူမှုရေးအပါအဝင် မမြင်နိုင်တဲ့ တခြား ထိခိုက်နစ်နာမှုတွေကလည်း ရှိနေနိုင်ပါသေးတယ်။ အဲဒီ ထိခိုက်နစ်နာမှု တွေကလည်း ရေရှည်မှာ စီးပွားရေးအပါအဝင် တခြားကိစ္စအားလုံးအပေါ် တပတ်ပြန်လည်ပြီး ဆိုးကျိုးသက်ရောက်နိုင်တာပါပဲ။

ကမ္ဘာပေါ်မှာ ပဋိပက္ခနဲ့ကင်းတဲ့ တိုင်းနိုင်ငံဆိုတာ မရှိပါဘူး။ ကြုံရတဲ့ပဋိပက္ခတွေကို သက်ဆိုင်ရာတာဝန်ရှိသူတွေ၊ တိုင်းသူ ပြည်သားတွေက ဘယ်လိုရှုမြင်၊ ဘယ်လိုချဉ်းကပ်၊ ဘယ်လိုကိုင်တွယ်ကြသလည်း ဆိုတဲ့အပေါ်မူတည်ပြီး ကောင်းသွားတဲ့နိုင်ငံ၊ မဆိုးမကောင်း သောင်မတင်ရေမကျ ရှေ့မတိုးနောက်မဆုတ် ဖြစ်နေတဲ့နိုင်ငံ၊ ကျရှုံးသွားတဲ့နိုင်ငံ စသည်အားဖြင့်ပဲ အသီးသီး ကွာခြားပါတယ်။

မြန်မာနိုင်ငံကို ဘယ်လိုအခြေအနေမျိုးထဲ ပါစေချင်သလည်းဆိုတာကတော့ သက်ဆိုင်ရာ အုပ်ချုပ်သူတွေနဲ့ တိုင်းသူပြည်သား တွေအားလုံး ရွေးချယ်ဆုံးဖြတ်ရမှာပဲဖြစ်တယ်လို့ ထင်မြင်မိကြောင်းပါ။

XS
SM
MD
LG