သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွှေကျောင်းပြုပြင်ထိန်းသိမ်းရေး အမေရိကန်သံရုံးက ဒေါ်လာ ၃ သိန်း ထပ်မံထောက်ပံ့


မန္တလေးရွှေကျောင်း
မန္တလေးရွှေကျောင်း

(Zawgyi/Unicode)

မန္တလေးရွှေနန်းတော်ကျောင်း ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းတွေမှာ အသုံးပြုဖို့ အမေရိကန်ဒေါ်လာ ၃ သိန်း ထပ်မံထောက်ပံ့ ကူညီသွားမယ်လို့ အမေရိကန်သံရုံးက ဒီကနေ့ ထုတ်ပြန်ပါတယ်။

ဒီထောက်ပံ့မှုနဲ့ ပါဆိုရင် အမေရိကန်အစိုးရက ရွှေကျောင်းပြုပြင်ထိန်းသိမ်းရေးအတွက် ထောက်ပံ့ကူညီတာ စုစုပေါင်း အမေရိကန်ဒေါ်လာ ၁.၁ သန်း ရှိသွားပါပြီ။ သမိုင်းတန်ဖိုးကြီးမားတဲ့ မန္တလေးမြို့က ရွှေနန်းတော်ကျောင်း ပြုပြင်ထိန်းသိမ်းရေး အမေရိကန်အထောက်အပံ့ အကြောင်းကိုတော့ ကိုစည်သူတင်ပြပေးမှာပါ။

၁၉ ရာစု ကုန်းဘောင်ခေတ်လက်ရာဖြစ်တဲ့ မန္တလေးမြို့က ရွှေနန်းတော်ကျောင်း ပြုပြင်ထိန်းသိမ်းရေးအတွက် အကူအညီဟာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရေး သံအမတ်ကြီးများ ရန်ပုံငွေအစီအစဉ်က တဆင့် ပေးအပ်ကူညီတာဖြစ်တယ်လို့ သံရုံးပြောခွင့်ရသူ Aryani Manring က ဗွီအိုအေကိုပြောပါတယ်။

“လက်ရှိလုပ်ငန်းဆောင်ရွက်နေတဲ့ မန္တလေးရွှေနန်းတော်ကျောင်း ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းတွေအတွက် အမေရိကန်ဒေါ်လာ သုံးသိန်း ထပ်ဆောင်းကူညီတယ်ဆိုတာ ကြေညာချင်ပါတယ်။ ဒါနဲ့ပါဆို ရွှေကျောင်း ပြုပြင်ရေးအတွက် အမေရိကန်ကထောက်ပံ့တာ ဒေါ်လာ ၁.၁ သန်း ရှိသွားပါပြီ။ အခုအထောက်အပံ့က အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရေး သံအမတ်ကြီးများ ရန်ပုံငွေအစီအစဉ်က တဆင့် ပေးအပ်ကူညီတာဖြစ်ပါတယ်။”

အခုအကူအညီဟာ ပျက်စီးယိုယွင်းနေတဲ့ အစိတ်အပိုင်းတွေ ပြုပြင်ထိန်းသိမ်းဖို့အပြင် ဒေသခံ လက်မှုပညာရှင်တွေ၊ မန္တလေးတိုင်းအတွင်းက ထိန်းသိမ်းစောင့်ရှောက်ရေး လုပ်ကိုင်သူတွေကို စွမ်းရည်မြှင့်သင်တန်းပေးတာတွေကိုပါ အသုံးပြုသွားမယ်လို့ သူကပြောပါတယ်

“အနာဂတ်မျိုးဆက်သစ်အတွက် သမိုင်းဝင်အမွေအနှစ်ကို ထိန်းသိမ်းပြုပြင်ပေးနေတာအပြင် ဒီစီမံကိန်းကနေ ဒေသခံလက်မှုပညာသည်တွေ စိတ်ဝင်စားတဲ့ ကျောင်းသားကျောင်းသားတွေနဲ့ ဧည့်လမ်းညွှန်တွေကိုပါသင်တန်းတွေ ပေးသွားဖို့ ရည်ရွယ်ထားပါတယ်။ မြန်မာနိုင်ငံမှာ ခရီးသွားတွေအများဆုံးလာတဲ့ နေရာတွေထဲက တစ်ခုကို ပြုပြင်ထိန်းသိမ်းခွင့်ရလို့ ဝမ်းသားကြောင်းလည်း သံအမတ်ကြီး မာစီရယ်က သတင်းစကားပါးထားပါတယ်။ ”

မန္တလေးရွှေကျောင်း ပြုပြင်ရေးလုပ်ငန်းတွေကို ၂၀၁၄ ခုနှစ်ကတည်းက အမေရိကန်အခြေစိုက် ကမ္ဘာ့ရှေးဟောင်းအမွေအနှစ် အဆောက်အအုံများ ထိန်းသိမ်းစောင့်ရှောက်ရေး ရန်ပုံငွေအဖွဲ့ (World Monument Fund) နဲ့ ဒေသခံလက်မှုပညာရှင်တို့ ပူးပေါင်းပြီး သုတေသနလုပ်ခဲ့တာပါ။ ပျက်စီးယိုယွင်းနေတဲ့ ကျွန်းတိုင်လုံးတွေ လဲလှယ်တာ၊ လှေကားပြုပြင်တာ၊ သစ်သားအနုလက်ရာတွေကို ထိန်းသိမ်းတာ၊ အစားထိုးတာတွေကို စနစ်တကျ လုပ်ကိုင်နေကြတာပါ။

ဒါ့အပြင် ရွှေကျောင်းပတ်ဝန်းကျင် ရေစီးရေလာ ကောင်းအောင်နဲ့ ရေရှည်ထိန်းသိမ်းနိုင်မယ့် အပြင်အဆင်တွေကို မူလလက်ရာမပျက် ပြုပြင်ထိန်းသိမ်းနေကြတာပါ။ ဒီလုပ်ငန်းစဉ်မှာ World Monument Fund က ကြီးကြပ်တဲ့ အမေရိကန်နိုင်ငံသား ရှေးဟောင်းထိန်းသိမ်းရေး ပညာရှင်တွေပါသလို ဒေသခံ လက်မှုအနုပညာရှင်တွေအပြင် ရှေးဟောင်းအမွေအနှစ် ထိန်းသိမ်းရေး လေ့လာနေတဲ့ ကျောင်းသူကျောင်းသားတွေ ပါဝင်ကြတယ်လို့ ထိန်းသိမ်းပြုပြင်ရေးတာဝန်ရှိသူက ဗွီအိုအေနဲ့ တွေ့ဆုံမှုတစ်ခုမှာ ပြောဆိုထားပါတယ်။

..................


(Zawgyi/Unicode)








တိုက်ရိုက် လင့်ခ်


XS
SM
MD
LG