သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မန္တလေးမှာ လုံခြုံရေးတင်းကျပ်ပြီး ညမထွက်ရအမိန့် ထုတ်ပြန်ထားဆဲ


မန္တလေးတိုင်း ဒေသကြီးက ဒုရဲမှူးကြီး ဇော်မင်းဦး
မန္တလေးတိုင်း ဒေသကြီးက ဒုရဲမှူးကြီး ဇော်မင်းဦး

လူသေဆုံးရတဲ့အထိ အကြမ်းဖက်ပဋိပက္ခတွေဖြစ်ခဲ့တဲ့ မန္တလေးမြို့တွင်းနဲ့ ပတ်ဝန်းကျင်မှာ အခြေအနေတွေ တည်ငြိမ်လာပြီလို့ ဆိုနိုင်ပေမဲ့ ညမထွက်ရအမိန့် မရုပ်သေးဘဲ နေ့လည်ခင်းတွေမှာပါ လုံခြုံရေးကင်းလှည့်ပေးနေပြီး မြို့အဝင် အထွက်တွေမှာ လုံခြုံရေး တင်းကျပ်ထားတယ်လို့ မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။

ဖမ်းဆီးထိန်းသိမ်းထားသူတွေကို စစ်ဆေးမေးမြန်းနေပြီး ပြစ်မှုကျုးလွန်သူတွေကို အမှုဖွင့် အရေးယူနေတယ်လို့လည်း ဆိုပါတယ်။ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားဆဲရှိတဲ့အတွက် စီးပွားရေးလုပ်ငန်းတွေနဲ့ သွားလာရေးတွေအတွက် ဒေသခံတွေ အခက်အခဲ ကြုံရရုံသာမက လုံခြုံရေးပိုင်းပါ စိုးရိမ်မှုတွေကလည်း ရှိနေပါတယ်။ အသေးစိတ်ကို မဆုမွန် ဆက်ပြောပြပါမယ်။

မန္တလေးမြို့မှာ ဇူလိုင်လ ၁ ရက်နေ့ကစလို့ ဖြစ်ပွားခဲ့တဲ့ ဘာသာရေးအသွင်ဆောင် အကြမ်းဖက် ပဋိပက္ခတွေမှာ လူ ၂ ဦးသေဆုံးပြီး၊ လူပေါင်းများစွာ ထိခိုက်ဒဏ်ရာ ရခဲ့ရတာ ဖြစ်ပါတယ်။ မန္တလေးမြို့တွင်းမှာ အုပ်စုဖွဲ့ ဆူပူအကြမ်းဖက်မှုတွေ ညစဉ်လို ဖြစ်ပွားခဲ့တဲ့အတွက် မန္တလေးတိုင်းတွင်းက မြို့နယ် ၇ မြို့နယ်မှာ ပုဒ်မ ၁၄၄ ထုတ်ပြန်ခဲ့ရပါတယ်။ သီတင်းတပတ်ကျော် ကြာမြင့်လာချိန်မှာတော့ ရဲလုံခြုံရေးတွေနဲ့ အာဏာပိုင်တွေဘက်က နေ့ရောညပါ လုံခြုံရေး တင်းတင်းကျပ်ကျပ် ဆောင်ရွက်ခဲ့တဲ့အတွက် မန္တလေးမြို့ရဲ့အခြေအနေဟာ တည်ငြိမ်စပြုလာပြီလို့ မန္တလေးတိုင်း ဒေသကြီးက ဒုရဲမှူးကြီး ဇော်မင်းဦးက ဗွီအိုအေကို အခုလို ပြောပြပါတယ်။

“လတ်တလောကတော့ ကျနော်တို့ လက်ရှိ အခြေအနေကတော့ အေးဆေးပါပဲ။ ကျနော်တို့ကတော့ သူ့သက်ဆိုင်ရာ နယ်မြေတွေအလိုက်ကို လုံခြုံရေးကတော့ လုပ်နေတာပေါ့။ မြို့ဝင်မြို့ထွက်တွေမှာရော ကျနော်တို့ ပိတ်ဆို့စစ်ဆေးတာတွေ လုပ်နေပါတယ်။ ဒါကတော့ ကျနော်တို့ ရဲတပ်ဖွဲ့တခုတည်းနဲ့တင် လုပ်တာမဟုတ်ဘူးလေ။ အားလုံးက ဝိုင်းပြီးတော့ လုပ်ကြရမှာပေါ့။ အထောက်အကူပြုအဖွဲ့တွေ၊ စီမံခန့်ခွဲမှုကော်မတီတွေ၊ ဘာသာရေးဆိုင်ရာ အဖွဲ့အစည်းတွေ၊ အဖွဲ့အစည်းပေါင်းစုံနဲ့ ကျနော်တို့ တွေ့ဆုံညှိနှိုင်းပြီးတော့ ဒါမျိုး နောင်မဖြစ်အောင် ဒါ တွေ့ဆုံညှိနှိုင်းတာတွေ၊ လိုအပ်ချက်တွေကို ဆောင်ရွက်ပေးတာတွေ ဒါတွေ လုပ်ရမှာပေါ့။”

မန္တလေးငြိမ်းချမ်းရေးထိန်းကော်မတီ (ဓာတ်ပုံ - သိန်းအောင်မြင့်)
မန္တလေးငြိမ်းချမ်းရေးထိန်းကော်မတီ (ဓာတ်ပုံ - သိန်းအောင်မြင့်)

မန္တလေး မြို့မိမြို့ဖတွေ အပါအဝင် အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ ဘာသာရေးခေါင်းဆောင်တွေရဲ့ ထိန်းသိမ်းဆောင်ရွက်မှုနဲ့ လုံခြုံရေး စိတ်ချလာရသလို အခြေအနေဟာ ပြန်လည်ငြိမ်သက်စ ပြုလာပြီဖြစ်ပြီး ဖမ်းဆီးထိန်းသိမ်းထားသူတွေကို ဥပဒေကြောင်းအရ အရေးယူနိုင်ဖို့ စုံစမ်းစစ်ဆေးမှုတွေ ဆောင်ရွက်နေတယ်လို့ ဒုရဲမှူးကြီးက ပြောပါတယ်။

“အရေးယူထားတဲ့လူတွေကတော့ သူ့ဥပဒေအရပဲ ကျနော်တို့ တရားဥပဒေနဲ့အညီ ဆက်လက် ဆောင်ရွက်မှာပါ။ ကျနော်တို့ အခု ဖြစ်တဲ့ဟာမှာကတော့ ဖြစ်ပွားပြီး ပြစ်မှုကျူးလွန်တဲ့သူတွေ ရှိတာပေါ့။ အဲ့ဒီပြစ်မှုကျူးလွန်သူတွေကို အမှုဖွင့်ပြီးတော့ အဲ့ဒီပြစ်မှုကျူးလွန်သူတွေကို ဖော်ထုတ် ဖမ်းဆီးရမိရေးအတွက်ကတော့ ဆက်လက် ဆောင်ရွက်သွားမှာပါ။”

မေး။ ။ ပုဒ်မ ၁၄၄ ကလေ ဘယ်တော့လောက်မှာ ရုပ်ဖို့ အစီအစဉ်ရှိပါသလဲရှင်။ ဘယ်လောက်အထိ ထားဖို့ ရှိပါသလဲ။

ဖြေ။ ။ “အဲ့ဒါတော့ ကျနော်တို့ ပြောလို့မရဘူးဗျ။ အဲ့ဒါတော့ တိုင်းဒေသကြီး အစိုးရအဖွဲ့ကလေ ဆောင်ရွက်တာဆိုတော့။”

ပုဒ်မ ၁၄၄ ပြန်ရုပ်ဖို့ ဘယ်တော့လောက် ဖြစ်နိုင်မလဲဆိုတဲ့ ဗွီအိုအေမေးခွန်းကို မန္တလေးတိုင်းဒေသကြီး အစိုးရရုံးက အခုလို တုံ့ပြန်ပါတယ်။

“မသိသေးဘူး။ အဲ့ဒါ လူကြီးတွေမှ သိမယ်။ ကျနော်တို့ ပြောလို့မရဘူးလေ။”

ပုဒ်မ ၁၄၄ မရုပ်သိမ်းသေးတဲ့ အခြေအနေမှာ ဒေသခံတွေ သွားလာရေး၊ လမ်းပန်းဆက်သွယ်ရေး အပါအဝင် စီးပွားရေးလုပ်ငန်း ဈေးအရောင်းအဝယ်လုပ်ငန်း ဆောင်ရွက်မှုတွေမှာ အခက်အခဲ ဖြစ်နေကြရပြီး မန္တလေးမြို့ရဲ့ စီးပွားရေးလုပ်ငန်းတွေကတော့ ပုံမှန်အနေအထား မရောက်သေးဘူးလို့ မန္တလေးမြို့ခံတဦးဖြစ်တဲ့ ကိုလှိုင်ဘွားက အခုလို ပြောပါတယ်။

“သူက အချိန်အကန့်အသတ်နဲ့သွားရတာဆိုတော့ဗျာ ညဉ့်နက်ရင် ည ၉ နာရီဆိုတော့ဗျာ ကျနော်တို့က ၇ နာရီလောက်ကတည်းက ဆိုင်တွေလည်း ပိတ်ကြရပြီ။ သွားလာရေးလည်း မရှိတော့ဘူးပေါ့နော်။ တခုခု ဝယ်ချင်တာတောင်မှ အဆင်မပြေတော့ဘူးလေ။ နောက် မနက်ဆိုရင်လည်း ၅ နာရီထိုးပြီးမှ ဝင်ခွင့်ရတာဆိုတော့ ကုန်စိမ်းငါးတွေ၊ နောက် နယ်ကဝင်တဲ့ကားတွေက အဲ့ဒီ အခါတိုင်းဆိုရင် ၃ နာရီခွဲ ၄ နာရီဆိုရင် ဈေးကိုလာတဲ့ ဈေးကားတွေက ရောက်ပြီ ခင်ဗျ။ အဲ့ဒါဆိုရင် မနက် ကိုင်းနန်းဈေးတို့ ဘာတို့ပေါ့နော် ဝက်ထီးကန်ဈေးတို့ ဘာတို့ဆိုရင် အဲ့ဒီအချိန်လောက်ကတည်းက တော်တော်စည်ကားနေပြီပေါ့။ အခုကျတော့ မိုးလင်းမှပဲ ဟိုဟာဖြစ်တယ်ဆိုတော့ နည်းနည်းတော့ အခက်အခဲတော့ ဖြစ်ကြမှာပဲ။ သူတို့ ရောင်းတဲ့သူတွေရော၊ စားသုံးသူရော၊ သိပ်အဆင်ပြေတာတော့ မရှိလောက်ဘူးဗျ။”

ညဘက် အုပ်စုဖွဲ့ တိုက်ခိုက်မှုတွေကြောင့် အာဏာပိုင်တွေဘက်က ဇူလိုင် ၃ ရက်နဲ့ ၄ ရက်နေ့တွေမှာ ပုဒ်မ ၁၄၄ ထုတ်ပြန်လိုက်တဲ့ အချိန်မှာတော့ မန္တလေးမြို့ခံတွေဘက်က လုံခြုံရေးနဲ့ပတ်သက်ပြီး စိုးရိမ်မှုတွေ ပိုတိုးလာရတယ်လို့ သူကဆိုပါတယ်။

ဇူလိုင် ၂ ရက်နေ့ကနေ ၅ ရက်နေ့အထိ အကြမ်းဖက်ဖြစ်စဉ်တွေမှာ ပြစ်မှုကျူးလွန်သူလို့ သံသယရှိသူ ၁၆ ဦးကို လက်နက်ပုဒ်မ ၁၉ (က)၊ ရဲအက်ပုဒ်မ ၃၅ ဃ ဥပဒေအရ အမှုဖွင့်အရေးယူ ဆောင်ရွက်နေပြီဖြစ်ပြီး လူသတ်မှု ၂ မှု၊ နာကျင်စေမှု ၃ မှု၊ မီးရှို့မှု ၁ မှုနဲ့ ပြစ်မှု ၃၂၄/၁၁၄ အမှုအတွက်တော့ တရားခံကို စုံစမ်းဆဲဖြစ်တယ်လို့ ပြန်ကြားရေးဝန်ကြီးက သတင်းထုတ်ပြန်ထားပါတယ်။ ညမထွက်ရအမိန့် ထုတ်ပြန်လိုက်ရတဲ့ မန္တလေးမြို့တွင်းမှာ ပုဒ်မ ၁၄၄ ဖောက်ဖျက်မှုနဲ့ ၃၄၆ ယောက်ကို အရေးယူဆောင်ရွက်ခဲ့ပြီး အဲ့ဒီအထဲက ၁၄၅ ဦးကိုတော့ ခံဝန်ချက်နဲ့ ပြန်လွှတ်ပေးလိုက်ပါတယ်။

မန္တလေးမြို့ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေနဲ့ ပတ်သက်လို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ပြောကြားတဲ့ နိုင်ငံကို အထူးမိန့်ခွန်းမှာတော့ အခုလိုဖြစ်ပွားအောင် ရည်ရွယ်ချက်ရှိရှိနဲ့ နောက်ကွယ်က ကြိုးကိုင်သူတွေကို အကြမ်းဖက်မှုအတွင်းမှာ ပါဝင်ခဲ့ကြသူတွေနဲ့ ပဋိပက္ခ ဖြစ်ပေါ်စေဖို့ ရည်ရွယ်ချက်ရှိရှိ ဖန်တီးခဲ့သူများကို စုံစမ်းဖော်ထုတ်ပြီး ပြတ်ပြတ်သားသားနဲ့ ထိထိရောက်ရောက် အရေးယူ ဆောင်ရွက်လျက်ရှိတယ်။ ဒီလိုမျိုး သွေးထိုး လှုံ့ဆော်မှုများနဲ့ အကြမ်းဖက် ဖျက်ဆီးမှုများကိုလည်း နိုင်ငံတော်အနေနဲ့ လုံး၀ သည်းခံမှာမဟုတ်ဘဲ ချက်ချင်း ပြင်းပြင်းထန်ထန် အရေးယူ ဆောင်ရွက်မှာဖြစ်တယ်လို့ သမ္မတက ပြောဆိုခဲ့သလို မန္တလေး မြို့မိမြို့ဖတွေနဲ့ ဘာသာရေးခေါင်းဆောင်တွေအပေါ် နိုင်ငံတော်သမ္မတရုံးက ကျေးဇူးတင်စကား ထုတ်ပြန်ခဲ့ပါတယ်။

XS
SM
MD
LG