သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မင်းတပ် ဝမ္မသူးတိုက်နယ်ဆေးရုံ ဒုတိယအကြိမ် ဗုံးကြဲတိုက်ခိုက်ခံရ 


ချင်းပြည်နယ် မင်းတပ်မြို့နယ် ဝမ္မသူးတိုက်နယ်ဆေးရုံ လေကြောင်းကဗုံးကြဲတိုက်ခိုက်ခံရတဲ့မြင်ကွင်း။ (ဧပြီ ၂၆၊ ၂၀၂၄/Crd: CDF-မင်းတပ်)
ချင်းပြည်နယ် မင်းတပ်မြို့နယ် ဝမ္မသူးတိုက်နယ်ဆေးရုံ လေကြောင်းကဗုံးကြဲတိုက်ခိုက်ခံရတဲ့မြင်ကွင်း။ (ဧပြီ ၂၆၊ ၂၀၂၄/Crd: CDF-မင်းတပ်)

မင်းတပ်မြို့နယ် ဝမ္မသူးတိုက်နယ်ဆေးရုံကို စစ်တပ်က ဒုတိယအကြိမ်ဗုံးကြဲတိုက်ခိုက်ခဲ့ရာမှာ ထိခိုက်သေဆုံးမှုမရှိပေမဲ့ ဒေသခံတွေစိုးရိမ်ပြီး
နေရပ်စွန့်ခွာထွက်ပြေးကြရတယ်လို့ သိရပါတယ်။ ဆေးရုံတွေကို အခုလိုတိုက်ခိုက်တာဟာ လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုဖြစ်တယ်လို့
ချင်းလူ့အခွင့်အရေးအဖွဲ့က ပြောပါတယ်။ မင်းတပ်မြို့နယ်ထဲက အခြေအနေ သတင်းပေးပို့ချက်ကို ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

ချင်းပြည်နယ် မင်းတပ်မြို့ တိုက်နယ်အမှတ် (၂) က ဝမ္မသူးတိုက်နယ်ဆေးရုံကို ဧပြီ ၂၈ ရက်မှာ စစ်တပ်ဘက်က ဒုတိယအကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။ ပထမအကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ ဆေးရုံအဆောက်အဦးတွေကိုပဲ ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး ထိခိုက်သေဆုံးတာမရှိပေမဲ့ ဒေသခံတွေစိုးရိမ်ပြီး နေရပ်စွန့်ခွါ တိမ်းရှောင်နေကြတယ်လို့ CDF မင်းတပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်က ဗွီအိုအေကို ပြောပါတယ်။

“၂၇ ရက်မှာ ထပ်ပြန်ကြဲတယ်ဆိုတော့ ကျနော်ယူဆတာက ကယ်ဆယ်ရေးတွေ၊ ပြန်လည်ပြုပြင်ရေးတွေလုပ်တယ်လို့ ယူဆပြီးတော့မှ အဲ့ဒီ့ လုပ်နေတဲ့လူတွေကိုထိခိုက်အောင်၊ နစ်နာအောင် နောက်တကြိမ် အညှိုးကြီးကြီးနဲ့ လာလုပ်တယ်လို့ ယူဆတယ်။ ထိခိုက်မှုက အဲ့အဆောက်အဦးကိုပဲ ပြန်ကြဲတာဆိုတော့ တစုံတရာထပ်ပြီးမှ ထိခိုက်မှုတော့မရှိဘူး။ ပြည်သူတွေရဲ့စိုးရိမ်ထိတ်လန့်မှုက မနေ့ညကလည်း တောက်လျှောက် ကင်းထောက်လေယာဉ်က ပတ်နေတုန်းပဲ။ လေကြောင်းက တောက်လျှောက် ကင်းထောက်လေယာဉ်တွေ ပတ်နေတယ်။ ဘယ်အချိန် ထပ်ကြဲလာအုံးမလဲလို့ အမြင့်ဆုံးအနေအထားပေါ့။ ပြည်သူတွေရဲ့ စိုးရိမ် ထိတ်လန့်မှုက နေရပ်စွန့်ခွါပြီး တောတွေထဲ ခက်ခက်ခဲခဲ ပြေးနေရတယ်။ ပုန်းရှောင်နေရတယ်ပေါ့နော်။”

အခုလို ဆေးရုံကို လေကြောင်းကနေ အကြိမ်ကြိမ် တိုက်ခိုက်တာဟာ လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှု ဖြစ်တယ်လို့ ချင်းလူ့အခွင့်ရေးအဖွဲ့ Field Director ဆလိုင်းတေရက-က ပြောပါတယ်။

“အဓိက စာသင်ကျောင်း၊ ဘာသာရေးအဆောက်အဦး၊ ဆေးရုံတွေကို အဲ့လိုနေရာတွေကို တိုက်ခိုက်တာက တကယ့်ကို လူသားမျိုးနွယ်တွေအပေါ်မှာ ကျူးလွန်တဲ့အပြစ်တွေပေါ့နော်။ အဲ့နေရာတွေက တိုက်ပွဲလည်းမရှိဘူး။ ကုသတဲ့လူတွေကလည်း ပြည်သူလူထုတွေဖြစ်နေတယ်လေ။ ပြည်သူလူထုကို သူတို့တိုက်ခိုက်တယ်ဆိုရင် ဆိုးဆိုးရွားရွား လူ့အခွင့်ရေးချိုးဖောက်ပြီး လူသားမျိုးနွယ်အပေါ် ရည်ရွယ်ချက်နဲ့ လုပ်တာလို့ ပြောချင်ပါတယ်။”

ဧပြီ ၂၆ ရက် ပထမအကြိမ် စစ်တပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုအတွင်းမှာတော့ ဆေးရုံနဲ့ ဝန်ထမ်းအိမ်ယာတွေ မီးလောင်ပျက်စီးသွားပြီး ဆေးရုံမှာ ဆေးကုသနေသူ ၄ ဦး လည်း သေဆုံးခဲ့သလို အများအပြား စိုးရိမ်ဒဏ်ရာရရှိခဲ့ပါတယ်။ ဧပြီ ၂၇ ရက်မှာတော့ တိုက်နယ် အမှတ် ၂ ထဲက ကျေးရွာ ၂ ရွာကို ဗုံးကြဲတိုက်ခိုက်ခဲ့လို့ လူ ၃၀ ထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ ဝမ္မသူး တိုက်နယ်ဆေးရုံဟာ မင်းတပ်မြို့နယ်အပြင် မကွေးတိုင်းထဲက ကျောက်ထု ၊ ဆော ၊ ထီးလင်း မြို့နယ်က ဒေသခံတွေပါ လာရောက်ကုသနေတဲ့ ဆေးရုံတရုံလည်းဖြစ်ပါတယ်။ ဒီဗုံးကြဲတိုက်ခိုက်တာနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာမရှိသေးပါဘူး။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG