သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မန်ဒဲလား ၉၃ နှစ်ပြည့် မွေးနေ့


မန်ဒဲလား ၉၃ နှစ်ပြည့် မွေးနေ့
မန်ဒဲလား ၉၃ နှစ်ပြည့် မွေးနေ့

တောင်အာဖရိကနိုင်ငံရဲ့ ပထမဆုံး လူမည်းသမ္မတလည်းဖြစ်၊ နိုဘဲလ် ငြိမ်းချမ်းရေးဆုရှင်လည်း ဖြစ်သူ နယ်လ်ဆင် မန်ဒဲလား (Nelson Mandela) ဟာ သူ့ရဲ့ ၉၃ နှစ်မြောက် မွေးနေ့ပွဲအတွက် တကမ္ဘာလုံးက ပေးပို့ကြတဲ့ သဝဏ်လွှာတွေ၊ မွေးနေ့ဆုတောင်းတွေကို ဖတ်ပြီး မိသားစုဝင်တွေ၊ မိတ်ဆွေတွေနဲ့အတူ တနင်္လာနေ့က ပျော်ရွှင်စွာ ကျင်းပခဲ့ပါတယ်။

အသားအရောင် ခွဲခြား အုပ်ချုပ်ရေးကို ဦးဆောင် တိုက်ပွဲဝင်ခဲ့သူ မစ္စတာ မန်ဒဲလားရဲ့ မွေးနေ့ပွဲကို ၁၉၁၈ ခုနှစ် ဇူလိုင်လ ၁၈ ရက်နေ့က သူ့ကို မွေးဖွားခဲ့ရာ အရှေ့ပိုင်း ကိပ် (Cape) ဒေသ ကူနူ (Qunu) မြို့ ဇာတိမြေမှာ ကျင်းပခဲ့တာဖြစ်ပြီး လက်ရှိ တောင်အာဖရိက သမ္မတ ဂျက်ကော့ဘ် ဇူးမား (Jacob Zuma) လည်း တက်ရောက်ခဲ့ပါတယ်။

မစ္စတာ မန်ဒဲလားဟာ ကျန်းမာပျော်ရွှင်စွာ ရှိနေတဲ့အကြောင်း သမ္မတ ဂျက်ကော့ဘ် ဇူးမားက သတင်းထောက်တွေကို ပြောပါတယ်။ မိသားစုဝင်တွေ ဝိုင်းရံထားတဲ့ကြားမှာ ပြုံးရွှင်နေတဲ့ ဓာတ်ပုံကိုလည်း သတင်းမီဒီယာတွေကို ဖြန့်ဝေခဲ့ပါတယ်။

၆၇ နှစ်ကြာ သူ နိုင်ငံရေးလုပ်ခဲ့တဲ့ ကာလကို အသိအမှတ်ပြုတဲ့ အနေနဲ့ လူမှုအကျိုးပြု လုပ်ငန်းတွေကို ၆၇ မိနစ် လုပ်ဆောင်ကြဖို့ ၂၀၀၉ ခုနှစ်မှာ ကျရောက်တဲ့ နယ်လ်ဆင် မန်ဒဲလားရဲ့ မွေးနေ့မှာ ကုလသမဂ္ဂက သတ်မှတ်ပေးခဲ့ပါတယ်။ သူ့မွေးနေ့ကို ဂုဏ်ပြုတဲ့ အနေနဲ့ ကိုယ့်ဒေသ အသီးသီးမှာ လူမျိုးအကျိုးပြု လုပ်ငန်းတွေကို တကမ္ဘာလုံး အတိုင်းအတာနဲ့ လုပ်ဆောင်ကြတာပါ။

မစ္စတာ မန်ဒဲလားဟာ လူနည်းစု လူဖြူတွေ အုပ်ချုပ်မှုကို ပုန်ကန် တော်လှန်ခဲ့တာကြောင့် ထောင်ထဲမှာ နှစ်ပေါင်း ၃၀ နီးပါး အချုပ်ခံခဲ့ရတာလည်း ဖြစ်ပါတယ်။

မစ္စတာ မန်ဒဲလားဟာ ကမ္ဘာ့အသိုင်းအဝိုင်းအတွက် ရှေ့ဆောင်လမ်းပြတဦး ဖြစ်သလို ဒီမိုကရေစီ၊ တရားမျှတမှုနဲ့ အမျိုးသား ရင်ကြားစေ့ရေး ကိစ္စတွေကို လုပ်ဆောင်သူတွေ အတွက်လည်း လမ်းပြသဖွယ် ဆောင်ရွက်ခဲ့သူ ဖြစ်တယ်လို့ အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) ကလည်း ပြောပါတယ်။

XS
SM
MD
LG