သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မန်ဒဲလား ရုပ်ကလာပ် ဇာတိရွာရောက်


မန်ဒဲလား ရုပ်ကလာပ်ကို သယ်ဆောင်လာကြစဉ်။ (ဒီဇင်ဘာ ၁၄၊ ၂၀၁၃)။
မန်ဒဲလား ရုပ်ကလာပ်ကို သယ်ဆောင်လာကြစဉ်။ (ဒီဇင်ဘာ ၁၄၊ ၂၀၁၃)။
မနက်ဖြန် တနင်္ဂနွေနေ့မှာ ဈာပနအခမ်းအနားကျင်းပဖို့အတွက် တောင်အာဖရိ ခေါင်းဆောင်ဟောင်း နယ်လ်ဆင်မန်ဒဲလားရဲ့ ရုပ်အလောင်းဟာ သူ ငယ်ငယ်က နေထိုင်ခဲ့တဲ့ QUNU ရွာကို နောက်ဆုံး ရောက်ရှိသွားပြီ ဖြစ်ပါတယ်။

Mthatha လေဆိပ်ကို Mr. Mandela ရဲ့ရုပ်အလောင်း ရောက်ရှိလာတော့ စစ်ဘင်ခရာ တီးဝိုင်းနဲ့ ဂုဏ်ပြုခဲ့ကြပါတယ်။ လေဆိပ်ကနေ အနီးက QUNU ကျေးရွာ ကို သယ်ဆောင်တော့ လူတွေ လမ်းဘေးတဘက်တချက်မှာ စောင့်စားကြည့်ရှုခဲ့ကြပါတယ်။ အားလုံးရဲ့စိတ်ထဲမှာ စိတ်လှုပ်ရှားမှု၊ ပျော်ရွှင်မှု၊ ဝမ်းနည်းမှုတွေနဲ့ ရောယှက် ခံစားနေရတယ်လို့ ယာဉ်တန်းနဲ့အတူ လိုက်ပါသွားတဲ့ VOA သတင်းထောက် Scott Bobb က ပြောပါတယ်။

တနင်္ဂနွေနေ့ကျင်းပမယ့် ဈာပနအခမ်းအနားအတွက် ရွာဖျင်တဲ အကြီးကြီး ထိုးထားပြီးလည်းဖြစ်ပါတယ်။ မစ္စတာမန်ဒဲလားအလောင်း မြေမြှုပ် သင်္ဂြိုဟ်တဲ့ အခါမှာတော့ မိသားစုဝင်တွေနဲ့ ဖိတ်ကြားထားတဲ့ ဧည်သည်အနည်းငယ်ပဲ တက်ရောက်ခွင့်ရမှာဖြစ်ပါတယ်။ ဒီလို Eastern Cape ပြည်နယ်ဆီ သူ့ရဲ့ ရုပ်အလောင်းကို မသယ်ဆောင်ခင်မှာ မစ္စတာမန်ဒဲလား အောက်မေ့ဖွယ် အခမ်းအနားကို အာဖရိကန်အမျိုးသား ကွန်ကရက်လွှတ်တော်က Water Kloof လေတပ်အခြေစိုက်စခန်းမှာ ကျင်းပခဲ့ပါတယ်။

မစ္စတာမန်ဒဲလားဟာ နိုင်ငံရေးအရ အနားယူသွားပြီးနောက်ပိုင်းမှာတောင်မှ လူတွေရဲ့ဘဝတွေ တိုးတက်မှုရှိစေဖို့ ဆက်ပြီးတော့ လုပ်ဆောင်ခဲ့တယ်လို့ သူ့ရဲ့မြေးဖြစ်သူ Mandla Mandela အဲ့ဒီ အခမ်းအနားမှာ ပြောသွားပါတယ်။ Pretorie မြို့တော်က Union အဆောက်အဦးမှာ မစ္စတာမန်ဒဲလားရဲ့ ရုပ်အလောင်းကို ပြသထားတဲ့ သုံးရက်အတွင်းမှာ လူပေါင်း တစ်သိန်းလောက် လာပြီးတော့ ဂါရဝပြုခဲ့ကြတယ်လို့ အရာရှိတွေကပြောပါတယ်။

ဒီလိုကြည့်ရှု့ခွင့်ရတဲ့အချိန် အဆုံးမသတ်ခင်မှာ ဝင်ကြည့်ခွင့်ရဖို့အတွက် လူတချို့က ရဲတွေချထားတဲ့ အကာအရံတွေကို တွန်းပစ်ခဲ့ကြလို့ လူအုပ်ကြီးကို ထိန်းနိုင်ဖို့ ရဲတွေ တော်တော်ကြိုးစားခဲ့ရတယ်လို့ VOA သတင်းထောက်က ပြောပါတယ်။ အခြေအနေကို ပြန်မထိန်းသိမ်းနိုင်ခင်မှာ လူတချို့ပြိုလဲပြီး အချင်းချင်း နင်းမိတာတွေ ဘာတွေလည်း ဖြစ်ခဲ့သေးတယ်လို့ ပြောပါတယ်။ မစ္စတာမန်ဒဲလားရဲ့ ရုပ်အလောင်းကို ကြည့်ရှု့ခွင့်ရဖို့ တချို့ဆို သောကြာည သန်းခေါင် စနေမနက် ၃ နာရီလောက်အထိ လူတွေ တန်းစီခဲ့ကြတယ်လို့ ဆိုပါတယ်။
XS
SM
MD
LG