သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Mandela အတွက် ဝိုင်းဆုတောင်းပေးကြဖို့ သမ္မတ Zuma တိုက်တွန်း


တောင်အာဖရိကရဲ့ အသားရောင် ခွဲခြားမှု ဆန့်ကျင်တိုက်ဖျက်ရေး သမိုင်းဝင်ခေါင်းဆောင် နယ်လ်ဆင် မန်ဒဲလား (Nelson Mandela) ဟာ အဆုတ်အအေးမိရောဂါနဲ့ ဆေးရုံတက်ရပြီး နှစ်ပတ်အကြာ ခုချိန်ထိ စိုးရိမ်ရဆဲ အခြေအနေမှာ ရှိနေဆဲပဲလို့ သမ္မတ က ပြောဆိုပါတယ်။

တနင်္လာနေ့က ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ဒီမိုကရေစီဖခင်ကြီးလို့ မစ္စတာ မန်ဒဲလား ကို ခေါ်ဝေါ်သုံးနှုန်းသွားတဲ့ သမ္မတ ဂျကော့ ဇူးမား (Jacob Zuma) က အသက်အရွယ် ကြီးရင့်လာပြီဖြစ်တဲ့ ခေါင်းဆောင် မစ္စတာ မန်ဒဲလား ရဲ့ ကျန်းမာရေး အခြေအနေမှန်ကို တောင်အာဖရိက ပြည်သူတွေ နားလည် လက်ခံထားကြဖို့ ပြောဆိုသွားခဲ့ပါတယ်။ မစ္စတာ မန်ဒဲလား ဟာ မတရားမှုကို တွန်းလှန်ပြီး သူ့ဘဝကို အကျဉ်းထောင်ထဲမှာ စတေးခဲ့တဲ့ တောင်အာဖရိကရဲ့ သက်တမ်းအရှည်ဆုံး အကျဉ်းသားကြီး ဖြစ်ပါတယ်။

ဒီမိုကရေစီ နည်းလမ်းတကျ တွေးခေါ်မျှော်မြင်မှုတွေကို ပျိုးထောင်ပေးသူဖြစ်လို့ ဒီပုဂ္ဂိုလ်ကြီးကို ကျနော်တို့အားလုံးက ချစ်ခင်လေးစားကြတာပါလို့ သမ္မတ ဇူးမား က ပြောဆိုပါတယ်။

တနင်္ဂနွေနေ့နှောင်းပိုင်းက သမ္မတ ဇူးမား ဟာ မစ္စတာ မန်ဒဲလား ကို Pretoria ဆေးရုံမှာ သွားပြီး တွေ့ဆုံခဲ့ပါတယ်။ မစ္စတာ မန်ဒဲလားကို ပြုစုစောင့်ရှောက်နေတဲ့ ဆရာဝန်တွေက အသက် ၉၄ နှစ်အရွယ် နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင်ကို တတ်နိုင်သမျှ သက်တောင့်သက်သာ ရှိစေဖို့ ပြုစု ကုသပေးနေတဲ့အကြောင်း သမ္မတ ဇူးမား ကို ပြောဆိုခဲ့ပါတယ်။

မစ္စတာ မန်ဒဲလား ရဲ့ အခြေအနေနဲ့ ပတ်သက်လို့ သူ့မှာ ဒီထက်ပိုပြီး သတင်း အချက်အလက် ပေးခွင့်မရှိတဲ့အကြောင်း တောင်အာဖရိက ပြည်သူလူထုအနေနဲ့ ဆုတောင်းပေးကြဖို့ ပြောဆိုခဲ့ပါတယ်။

တောင်အာဖရိကနိုင်ငံကို လာရောက်ဖို့ရှိတဲ့ အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) ခရီးစဉ်အပေါ် နိုဘဲလ် ငြိမ်းချမ်းရေးဆုရှင် မစ္စတာ မန်ဒဲလား ရဲ့ ကျန်းမာရေး အခြေအနေက အကြောင်းတစုံတရာ သက်ရောက်မှု ရှိမှာ မဟုတ်ပါဘူးလို့ သတင်းထောက်တွေကို သမ္မတ ဇူးမား က ပြောဆိုခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG