သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မန်ဒဲလားအတွက် တနိုင်ငံလုံးဆုတောင်းပွဲ


နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင် တောင်အာဖရိကနိုင်ငံရဲ့ ပထမဆုံး လူမည်းသမ္မတ နယ်လ်ဆင် မဲန်ဒဲလား။ (ဒီဇင်ဘာ ၇၊ ၂၀၁၃)
နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင် တောင်အာဖရိကနိုင်ငံရဲ့ ပထမဆုံး လူမည်းသမ္မတ နယ်လ်ဆင် မဲန်ဒဲလား။ (ဒီဇင်ဘာ ၇၊ ၂၀၁၃)
ကွယ်လွန်သွားတဲ့ တောင်အာဖရိကသမ္မတဟောင်း Nelson Mandela အတွက် နိုင်ငံတဝန်း ဆုတောင်းပွဲတွေ လုပ်ဖို့ ဒီကနေ့ တနင်္ဂနွေနေ့ကို သတ်မှတ်ထားတာနဲ့အတူ ဘုရားကျောင်းတွေ၊ ဗလီတွေ၊ ခန်းမတွေမှာ
တောင်အာဖရိက လူမျိုးတွေ စုဝေးဆုတောင်းဝတ်ပြုကြဖို့ ရှိနေပါတယ်။

တောင်အာဖရိကနိုင်ငံမှာ အသားအရောင်ခွဲခြားမှုကို ဦးဆောင်တိုက်ဖျက်ခဲ့သူ Mr. Mandela ဟာ ကြာသပတေးနေ့တုန်းက အသက် ၉၅ နှစ်မှာ ကွယ်လွန် သွားခဲ့တာပါ။ Mr. Mandela ၂၇ နှစ် အကျဉ်းကျခဲ့စဉ် ကာလတုန်းကလိုပဲ မိသားစုအနေနဲ့ အချိန်တွေကို ခက်ခက်ခဲခဲ ဖြတ်သန်းနေရတယ်လို့ မိသားစုပြောခွင့်ရသူ Themba Matanzima က စနေနေ့က ပြောကြားခဲ့ပါတယ်။

တောင်အာဖရိကနိုင်ငံတဝန်းမှာတော့ ထောင်ပေါင်းများစွာသော တောင်အာဖရိကနိုင်ငံသားတွေစုဝေးပြီး နိုင်ငံရဲ့ လွတ်လပ်ရေးခေါင်းဆောင်ကြီးကို ဂုဏ်ပြုနေကြပါတယ်။

သီတင်းတပတ်ကြာမယ့် ဆုတောင်းပွဲတွေ၊ ဂုဏ်ပြုပွဲတွေကိုလည်း အစိုးရက စီစဉ်နေပါတယ်။ တရားဝင် ဆုတောင်းဝတ်ပြုပွဲအခမ်းအနားကို ဒီဇင်ဘာ ၁၀ ရက်နေ့ကျရင် Johannesburg မြို့ ဘောလုံးကွင်းမှာ ကျင်းပမှာဖြစ်ပါတယ်။ ဒီကွင်းဟာ Mr. Mandela နောက်ဆုံး အများပြည်သူရှေ့ ထွက်ခဲ့တဲ့ 2010 ကမ္ဘာ့ဖလားဘောလုံး ဗိုလ်လုပွဲ ကျင်းပခဲ့တဲ့နေရာ ဖြစ်ပါတယ်။

Mr. Mandela ရဲ့ အလောင်းကို အများပြည်သူ ဂါရဝပြုနိုင်ဖို့ ဒီဇင်ဘာ ၁၁ ကနေ ၁၃ ရက်နေ့အထိ Pretoria မြို့က သမဂ္ဂအဆောက်အဦးမှာ ထားရှိမှာ ဖြစ်ပါတယ်။ နိုင်ငံတဝန်းက ပြည်နယ် ဒေသအားလုံးမှာလည်း ဝတ်ပြု ဆုတောင်းပွဲတွေကို အစိုးရက ဦးဆောင်ကျင်းပမှာဖြစ်ပါတယ်။

တောင်အာဖရိကနိုင်ငံရဲ့ ပထမဆုံး လူမည်းသမ္မတဖြစ်တဲ့ Mr. Mandela ရဲ့ နိုင်ငံတော် ဈာပနအခမ်းအနားကို အမေရိကန်သမ္မတ Barack Obama အပါအဝင် ကမ္ဘာခေါင်းဆောင်အမြောက်အများတက်ရောက်ကြမယ်လို့ ခန့်မှန်းရပါတယ်။
XS
SM
MD
LG