သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မန်ဒဲလား သို့မဟုတ် လွတ်မြောက်ရေးအတွက် ဘဝစွန့်ခဲ့သူ


တောင်အာဖရိကခေါင်းဆောင် နယ်လ်ဆင်မန်ဒဲလား
တောင်အာဖရိကခေါင်းဆောင် နယ်လ်ဆင်မန်ဒဲလား
တောင်အာဖရိက သမ္မတဟောင်း Nelson Mandela ဟာ တချိန်ကထောင်ထဲ မှာဖြစ်ခဲ့တဲ့ တီဘီအဆုတ်ရောဂါကြောင့် အသက်ရူလမ်းကြောင်း ဝေဒနာ မကြာခန ခံစားပြီးတဲ့နောက် ကြာသပတေးနေ့က ကွယ်လွန်သွားပြီ ဖြစ်ပါတယ်။ ကွယ်လွန်ချိန်မှာ သူဟာ အသက် ၉၅ နှစ်ရှိပြီ ဖြစ်ပါတယ်။
အသားရောင် ခွဲခြားအုပ်ချုပ်မှု ဆန့်ကျင်ရေးခေါင်းဆောင် လည်းဖြစ်၊ တောင်အာဖရိကနိုင်ငံ ရဲ့ ပထမဆုံး လူမည်းသမ္မတလည်းဖြစ်ခဲ့တဲ့ မစ္စတာ မန်ဒဲလား ကွယ်လွန်သွားတဲ့အပေါ် တကမ္ဘာလုံးက ဝမ်းနည်း ပူးဆွေးနေကြပါတယ်။ ဒီအကြောင်း ဗွီအိုအေ သတင်းထောက် Deborah Block ပေးပို့ထားတဲ့ သတင်းကို ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။

“ ဒါကတော့ မစ္စတာ မန်ဒဲလား တောင်အာဖရိကနိုင်ငံရဲ့ ပထမဆုံး လူမည်းသမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုခဲ့တဲ့ အသံပဲ ဖြစ်ပါတယ်။”

လူအများစု အတွက်တော့ မစ္စတာ မန်ဒဲလားဟာ သူရဲကောင်း၊ သူရသတ္တိနဲ့ ပြည့်စုံသူ၊ ခံယူချက် ခိုင်မာသူနဲ့၊ အမျှော်အမြင် ရှိသူတဦးပါ။ သူဟာ ရိုးသားသူ၊ နှစ်လိုဖွယ်ကောင်းသူ၊ သစ္စာရှိသူနဲ့ လူတဖက်သားအပေါ် သနား ညှာတာတတ်သူတဦးလို့ သတ်မှတ်ခံရသူပါ။

Nelson Mandela ဟာ ၁၉၁၈ ခုနှစ်၊ ဇူလိုင်လ ၁၈ ရက်နေ့မှာ မွေးဖွားခဲ့ပြီး အရင်က တောင်အာဖရိက လူမည်းအရပ်ဖြစ်တဲ့ Transkei မှာ ကြီးပြင်းခဲ့တာ ဖြစ်ပါတယ်။

လူငယ်ဘဝကတည်းက အသားရောင် ခွဲခြားအုပ်ချုပ်မှုဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့ပြီး နောက်ပိုင်းမှာ ANC လို့ခေါ်တဲ့ အာဖရိကအမျိုးသား ကွန်ဂရက်အဖွဲ့ဝင် ဖြစ်လာခဲ့ပါတယ်။ ၁၉၄၀ ခုနှစ်မှာ ANC လူငယ်အဖွဲ့ရဲ့ အကြီးအကဲ ဖြစ်လာခဲ့ပါတယ်။

မစ္စတာ မန်ဒဲလားဟာ ဥပဒေပညာရပ်ကို ANC က လုပ်ဖော်ကိုင်ဖက် Oliver Tambo နဲ့ အတူ တက်ရောက် သင်ကြားခဲ့ပြီး နောက်ပိုင်း မှာ တောင်အာဖရိကနိုင်ငံရဲ့ ပထမဆုံး လူမည်း ဥပဒေရေးရာ အကျိုးဆောင် ကုမ္ပဏီကို စတင် တည်ထောင်ခဲ့ပါတယ်။ Johannesburg မြို့မှာ ဖွင့်လှစ်ထားတဲ့ သူတို့ဥပဒေ အကျိုးဆောင် ကုမ္ပဏီအနေနဲ့ အခကြေးငွေမယူပဲ၊ ဒါမှမဟုတ်လည်း ငွေကြေး သက်သက်သာသာနဲ့ လူမည်းတွေရဲ့ ဥပဒေရေးရာ ကိစ္စတွေကို ကူညီ ဆောင်ရွက်ပေးခဲ့ပါတယ်။

အစိုးရက ANC အဖွဲ့ကို ပိတ်ပင်လိုက်ပေမယ့်လည်း အဖွဲ့အနေနဲ့ တိတ်တဆိတ် ဆက်လက် လှုပ်ရှားခဲ့ပါတယ်။ မစ္စတာ မန်ဒဲလားဟာ ရဲတွေ လိုက်လံ ဖမ်းဆီးတာကို အစဉ်အမြဲ ရှောင်တိမ်းနေခဲ့ရတာကြောင့် သူ့ရဲ့ ဒုတိယအိမ်ထောင်ဖြစ်တဲ့ Winnie နဲ့လည်း တကွဲ တပြားစီ နေခဲ့ရပါတယ်။ ဝင်နီဟာလည်း နောက်ပိုင်းမှာ အသားရောင်ခွဲခြား အုပ်ချုပ်မှု တိုက်ဖျက်ရေး လှုပ်ရှားမှုမှာ တက်ကြွလှုပ်ရှားသူတဦး ဖြစ်လာခဲ့ပါတယ်။

အသားရောင် ခွဲခြားအုပ်ချုပ်မှုတိုက်ဖျက်ရေး လုပ်ငန်းတွေကို ပိုမို ပြင်းထန်စွာ လုပ်ဆောင်သင့်တယ်လို့ ANC အဖွဲ့က ဆုံးဖြတ်လိုက်တဲ့အချိန်မှာတော့ မစ္စတာ မန်ဒဲလားဟာ အဖွဲ့က အသစ်ဖွဲ့စလည်းလိုက်တဲ့ စစ်ရေးတာဝန်ခံ ဖြစ်လာခဲ့ပြီး တောင်အာဖရိက အစိုးရနဲ့ စစ်တပ်တို့အပေါ် ဖျက်ဆီးရေးလုပ်ငန်းတွေ လုပ်ဆောင်လာပါတယ်။

သူ့ရဲ့ အစိုးရဆန့်ကျင်ရေးလုပ်ငန်းတွေကြောင့် ၁၉၆၂ ခုနှစ်မှာ ဖမ်းဆီးခံရပြီး ရုံးတင် စစ်ဆေးခံခဲ့ရပါတယ်။ သူ့လုပ်ရပ်တွေဟာ အာဖရိကလူမျိုးတွေ လွတ်မြောက်ရေးအတွက် လှုပ်ရှားမှုဖြစ်တယ်ဆိုပြီး မစ္စတာ မန်ဒဲလားက တရားရုံးမှာ ခုခံ ချေပခဲ့ပါတယ်။ နောက် ၂ နှစ် ကြာတဲ့အခါမှာတော့ သူ့ကို ထောင်ဒဏ် တစ်သက် တစ်ကျွန်း ပြစ်ဒဏ် ချမှတ်လိုက်ပြီး Cape Town အနီးက Robben ကျွန်းမှာရှိတဲ့ အကျဉ်းထောင်ကို ပို့လိုက်ပါတယ်။

နံမည်ဆိုးနဲ့ ကျော်ကြားတဲ့ Robben အကျဉ်းထောင်မှာ ထောင်ဒဏ် ၁၈ နှစ် ကျခံပြီးတဲ့နောက် ၁၉၈၉ ခုနှစ်မှာ သူ့အနေနဲ့ ANC ရဲ့ လက်နက်ကိုင် လှုပ်ရှားမှုတွေကို ရှုတ်ချမယ်ဆိုရင် ပြန်လွတ်ပေးမယ်ဆိုတဲ့ အစိုးရရဲ့ ကမ်းလှမ်းချက်ကို ငြင်းပယ်ခဲ့ပါတယ်။

ဒါပေမယ့် တောင်အာဖရိကသမ္မတ Frederik de Klerk က ၁၉၉၀ ခုနှစ်မှာ နိုင်ငံရေးပါတီတွေအားလုံးကို တရားဝင် အသိအမှတ်ပြု လိုက်ပြီး နိုင်ငံရေးအကျဉ်းသား အများစုကိုလည်း ပြန်လွတ်ပေးလိုက်တဲ့အချိန်မှာ မစ္စတာ မန်ဒဲလားလဲ အကျဉ်းထောင်က ပြန်လွတ်လာခဲ့ပါတယ်။

၁၉၉၁ ခုနှစ်မှာတော့ မစ္စတာ မန်ဒဲလားကို ANC ရဲ့ ဥက္ကဌအဖြစ် ရွေးကောက် တင်မြောက်လိုက်ကြပါတယ်။ ၁၉၉၄ ခုနှစ်မှာ ကျင်းပတဲ့ အထွေထွေရွေးကောက်ပွဲမှာ ANC အနိုင်ရလိုက်တဲ့အတွက် မစ္စတာ မန်ဒဲလားဟာ အသက် ၇၅ နှစ်အရွယ်မှာ တောင်အာဖရိကနိုင်ငံရဲ့ ပထမဆုံး လူမဲသမ္မတ ဖြစ်လာခဲ့ပါတယ်။

“ဒီလှပတဲ့ တိုင်းပြည်မှာ လူတဦးကနေ တခြားတဦးကို ဖိနှိပ် အုပ်ချုပ်တာမျိုး တာမျိုး ဘယ်သောအခါမှ မကြုံတွေ့စေရပါစေနဲ့။”

မစ္စတာ မန်ဒဲလားအနေနဲ့ သူ့ဘဝသက်တမ်းတလျှောက် ကမ္ဘာတလွှားက ချီးမြင့်တဲ့ ဆုတံဆပ်ပေါင်း များစွာကိုလည်း လက်ခံရရှိခဲ့ပါတယ်။ အဲဒီအထဲမှာ သူနဲ့အတူ နိုင်ငံရေးဆွေးနွေးပွဲတွေ ပြုလုပ်ခဲ့သူလည်းဖြစ်၊ တချိန်က သူ့ရဲ့ ခါးသီးတဲ့ရန်သူအဖြစ် ရှိနေခဲ့တဲ့ လူဖြူအစိုးရသမ္မတဟောင်း De Klerk နဲ့အတူ ၁၉၉၃ ခုနှစ်က နိုဘဲလ်ငြိမ်းချမ်းရေးဆုကို ပူးတွဲ ချီးမြင့်ခံခဲ့ရပါတယ်။

သူတို့အနေနဲ့ တောင်အာဖရိကနိုင်ငံမှာ ငြိမ်းချမ်းရေး ရရှိအောင် ဖော်ဆောင်ပေးခဲ့ တဲ့အတွက် အဲဒီ နိုဘယ်လ်ငြိမ်းချမ်းရေးဆုကို လက်ခံရရှိခဲ့တာလည်း ဖြစ်ပါတယ်။

“ လူသားအားလုံးဟာ တန်းတူညီမျှ မွေးဖွားခဲ့တယ်ဆိုတယ်ဆိုတာကို အသိအမှတ်ပြုတဲ့ လူ့အဖွဲ့အစည်းတခုကို အားလုံး ဝိုင်းပြီးတော့ တည်ဆောက်ခဲ့ကြတာပါ။”

အသက် ၈၅ နှစ်အရွယ် ၁၉၉၉ ခုနှစ်မှာတော့ သူ့အနေနဲ့ လက်ရှိတာဝန်တွေက အနားယူမယ့်အကြောင်း ကြေညာခဲ့ပြီး ကလေးငယ်တွေရဲ့ အခွင့်အရေးတွေအတွက် ဆက်လက် လှုပ်ရှားခဲ့ပါတယ်။

လူမျိုးရေး ပဋိပက္ခတွေနဲ့ ပြည့်နေခဲ့တဲ့ တောင်အာဖရိကလို တိုင်းပြည်မှာ မစ္စတာ မန်ဒဲလားဟာ အင်မတန် ထူးခြား ပြောင်မြောက် တဲ့ ခေါင်းဆောင် တဦးဖြစ်ပါတယ်။ သူဟာ တောင်အာဖရိကနိုင်ငံကို အကြမ်းဖက်မှုတွေ နဲ့ ပြည့်နေတဲ့ တိုင်းပြည်ကနေ ငြိမ်းချမ်းပြီး နားလည်မှု ပြည့်ဝတဲ့ တိုင်းပြည်အဖြစ် ပြောင်းလဲပေးခဲ့သူ ဖြစ်ပါတယ်။
XS
SM
MD
LG