သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

KNU ဗဟိုကော်မတီဝင် မန်းငြိမ်းမောင် ပျောက်ဆုံးနေ


KNU ဗဟိုကော်မတီဝင် မန်းငြိမ်းမောင် ပျောက်ဆုံးနေ
KNU ဗဟိုကော်မတီဝင် မန်းငြိမ်းမောင် ပျောက်ဆုံးနေ

ကရင်အမျိုးသား အစည်းအရုံးရဲ့ ဗဟိုကော်မတီဝင် ဦးမန်းငြိမ်းမောင်ဟာ ထိုင်းနိုင်ငံကနေ တရုတ်နိုင်ငံကို သွားစဉ်မှာ ဗီဇာသက်တမ်း ကုန်ဆုံးသွားတာကြောင့် တရုတ်နိုင်ငံကရော ထိုင်းနိုင်ငံကပါ ပြန်ဝင်ခွင့်မပေးဘဲ ရှိနေရာက တရုတ်နိုင်ငံ ကူမင်းလေဆိပ်ကနေ ပျောက်ဆုံးသွားခဲ့တယ်လို့ KNU ဘက်က ထုတ်ဖော်ပြောကြားပါတယ်။ အပြည့်အစုံကို မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ပြီးခဲ့တဲ့ တလလောက်က ကရင်အမျိုးသား အစည်းအရုံးရဲ့ မဟာမိတ် ဆက်ဆံရေး ဗဟိုကော်မတီဝင် ဦးမန်းငြိမ်းမောင်ဟာ ခရီးသွားရင်း ဗီဇာသက်တမ်း ကုန်ဆုံးသွားတဲ့အတွက် ထိုင်းနိုင်ငံကို ပြန်ဝင်လာဖို့ အခက်အခဲ ရှိရာကနေ တရုတ်နိုင်ငံကို ပြန်ပို့တာ ခံရပြီးနောက် တရုတ်နိုင်ငံ ကူမင်းလေဆိပ်ကနေ ပျောက်ဆုံးသွားခဲ့ကြောင်း KNU တွဲဖက်အတွင်းရေးမှူး ဗိုလ်မှူး စောလှငွေက အခုလို ပြောပါတယ်။

“သူ ထိုင်းနိုင်ငံကနေ ထွက်ပြီး ကူမင်းကို သွားတယ်။ ကူမင်းရောက်ပြီး ပြန်လာတဲ့ အခါကျတော့ သူ့ရဲ့ ထိုင်းနိုင်ငံ ဗီဇာသက်တမ်း ကုန်ဆုံးနေပြီ။ အဲဒီတော့ ဒီကလည်း လက်မခံတော့ဘဲ ကူမင်း ပြန်ပို့တယ်။ ကူမင်းကလည်း ဒီဘက်ကို ပြန်ပို့ရင်း ပို့ရင်းနဲ့ ကျနော်တို့ သိရသလောက် ၂ ပတ် ၃ ပတ်လောက် ဟိုလေဆိပ်နဲ့ ဒီလေဆိပ် လူးလာခေါက်တုံ့ သုံးလေးခေါက်လောက် ဖြစ်ပြီး နောက်ပိုင်းမှာ ပျောက်သွားတယ်။ နောက်ဆုံး ပျောက်သွားတာ ကူမင်းလေဆိပ်မှာပဲ ပျောက်သွားတယ်။”

ဦးမန်းငြိမ်းမောင် ပျောက်ဆုံးသွားတာနဲ့ ပတ်သက်ပြီး တရုတ်ပြည်ကနေ မြန်မာပြည်ကို ပြန်ပို့တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေခဲ့ပါတယ်။

တရုတ်၊ မြန်မာ နယ်စပ်က စစ်ရေးလေ့လာသူ ဦးအောင်ကျော်ဇောကတော့ တရုတ်နိုင်ငံက သက်ဆိုင်ရာ ရုံးတွေကို စုံစမ်းတဲ့ အခါမှာ တရုတ်နိုင်ငံဘက်က ပြန်ပို့တာ မဟုတ်ဘူးလို့ သတင်းရတယ်လို့လည်း ဆိုပါတယ်။ ဒီနောက် ကူမင်းကနေ ရန်ကုန်ကိုထွက်တဲ့ လေယာဉ်ရဲ့ အထွက်စာရင်းမှာ သူ့ရဲ့ ပတ်စ်ပို့ (Passport) နာမည်ကို တွေ့ရှိရကြောင်း စုံစမ်းတွေ့ရှိရတယ်လို့ ဦးအောင်ကျော်ဇောက ဆက်ပြောပြပါတယ်။

“ဇူလိုင်လကုန်ပိုင်းမှာ တပ်ပေါင်းစု ခေါင်းဆောင်တယောက် ကျနော့်ကို အကူအညီတောင်းတယ်။ တရုတ်ပြည်ကို နည်းနည်း စုံစမ်းပေးပါ၊ ကိုမန်းငြိမ်းမောင် ဇူလိုင်လပိုင်းက ခွေးမင်လေဆိပ်မှာ ပျောက်သွားတယ်လို့ သတင်းကြားတယ်။ အဲတော့ ကျနော်နဲ့ သူနဲ့ပဲ သက်ဆိုင်ရာ တရုတ်ဌာနတွေကို စုံစမ်းတဲ့ အခါမှာ ကျနော်တို့ရတဲ့ သတင်းက ၂၃ ရက်နေ့မှာ သူ တခေါက် ချင်းမိုင်ကို ထွက်တယ်။ ချင်းမိုင်လေဆိပ်က လက်မခံလို့ ပြန်လာတယ်။

“နောက်တခါ ညနေပိုင်းမှာ ဘန်ကောက်ကို လေယာဉ်ပျံ တခေါက် ပြန်ကူးတယ်။ ဘန်ကောက်လေဆိပ်က လက်မခံလို့ ပြန်လာရတယ်။ အဲဒီလို ဖြစ်ပြီးနောက် ဒီမှာရှိတဲ့ သူ့ရဲ့အသိတယောက်က ရန်ကုန်လက်မှတ် ဝယ်ပေးတယ်။ ကျနော်တို့ ၂ ယောက် ထပ်စုံစမ်းတဲ့ အခါကျတော့ သူက ၂၄ ရက်နေ့လား၊ ၂၅ ရက်နေ့လား မသိဘူး၊ အဲဒီ ရန်ကုန်လက်မှတ်နဲ့ လေယာဉ်ကွင်းမှာတော့ အထွက်ပြထားတယ်။ သူ ပါသွား၊ မပါသွားတော့ ကျနော်တို့ မသိဘူးပေါ့ဗျာ။”

ဦးမန်းငြိမ်းမောင် ပျောက်ဆုံးတဲ့ သတင်းနဲ့ ပတ်သက်လို့ ကရင်အမျိုးသား အစည်းအရုံးက ရှာဖွေ စုံစမ်းတာတွေ လုပ်တဲ့အခါမှာ မြန်မာပြည်မှာ အဖမ်းခံထားရတယ်ဆိုတဲ့ သတင်းသာ ကြားရပြီး အတည်ပြုချက်တော့ မရသေးဘူးလို့ ဆိုပါတယ်။

“KNU က ရှာတာတော့ အဲဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ လက်လှမ်းမီသလောက် ပြည်တွင်း ပြည်ပ သက်ဆိုင်ရာ မဟာမိတ်တွေ၊ မိတ်ဆွေတွေနဲ့ ရှာပါတယ်။ မြန်မာပြည်ထဲ ပြန်ရောက်သွားပြီးတော့ လူဝင်မှု ကြီးကြပ်ရေး အက်ဥပဒေနဲ့ ငြိပြီးတော့ တခြားပုဂ္ဂိုလ်တချို့နဲ့အတူ အဖမ်းခံရတယ်လို့ အဲဒီလောက်ပဲ ကျနော်တို့ သိရပါတယ်။”

ဦမန်းငြိမ်းမောင်ဟာ KNU ကရင်အမျိုးသား အစည်းအရုံးရဲ့ ဗဟိုကော်မတီဝင်တဦး ဖြစ်သလို KNU အပါအဝင် တခြား တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ ဖွဲ့စည်းထားတဲ့ တပ်ပေါင်းစုဖြစ်တဲ့ တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) မှာလည်း ကရင်အမျိုးသား အစည်းအရုံးရဲ့ မဟာမိတ် ဆက်ဆံရေး တာဝန်ခံအဖြစ် လုပ်ဆောင်နေသူ ဖြစ်ပါတယ်။

XS
SM
MD
LG