သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဦးမန်းငြိမ်းမောင် လွတ်ငြိမ်းချမ်းသာခွင့် နှင့် ပြန်လွတ်


Mann Nyein Maung, KNU
Mann Nyein Maung, KNU

ပုဒ်မ (၁၇၁) အရ တရားမဝင်အသင်းနဲ့ ဆက်သွယ်မှု၊ ပုဒ်မ (၁၂၂) (၁) အရ နိုင်ငံတော် ပုန်ကန်မှု၊ နိုင်ငံတော် နဲ့ စစ်မက်အပြိုင်ခင်းမှု စတဲ့ ပုဒ်မတွေ နဲ့ ထောင်ဒဏ်တသက် တကျွန်း ချမှတ် ခံထားရတဲ့ ကေအန်ယူ ကရင်အမျိုးသားအစည်းအရုံးရဲ့ ဗဟိုကော်မတီဝင် ဦးမန်းငြိမ်းမောင် ကို ပုဒ်မ (၄၀၁) အရ သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့် အမိန့် နဲ့ ဒီကနေ့ လွှတ်ပေးခဲ့ပါတယ်။ မြန်မာအစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့တွေနဲ့ ကေအန်ယူ အကြား အပစ်အခတ်ရပ်ဆဲရေး နဲ့ ငြိမ်းချမ်းရေး ရရှိဖို့ ဆွေးနွေးနေစဉ် ကေအန်ယူ ဘက်ကလည်း ဖမ်းဆီးခံထားရတဲ့ သူတို့ ရဲ့ အဖွဲ့ဝင်တွေကို ပြန်လွှတ်ပေးဖို့ တောင်းဆိုနေတာပါ။ အခုလို ဦးမန်းငြိမ်းမောင် လွတ်မြောက်မှု နဲ့ ပတ်သက်ပြီးတော့ သူရှေ့နေ နဲ့ ကေအန်ယူ တာဝန်ရှိသူတွေကို ဆက်သွယ်မေးမြန်းထားတဲ့ မအေးအေးမာ က သတင်းပေးပို့ထားပါတယ်။

ပြီးခဲ့တဲ့အပတ် အင်္ဂါနေ့ကပဲ ဦးမန်းငြိမ်းမောင်ကို နိုင်ငံတော်ပုန်ကန်မှု နဲ့ တရားမဝင်အသင်းအဖွဲ့ တွေနဲ့ ဆက်သွယ်မှု နဲ့ ထောင်တသက်တကျွန်း ပြစ်ဒဏ်ပေးပြီးတဲ့ နောက် မတ်လ (၁၉) ရက်နေ့ မှာ အင်းစိန်ထောင် ကနေလွှတ်ပေး ခဲ့တာကို ထောင်မှူးကပြောပြခဲ့ကြောင်း ရှေ့နေဖြစ်သူ ဦးကြီးမြင့်ကပြောပါတယ်။

“ကျနော်တို့ သွားပြီးတော့ အယူခံ ကိစ္စကို စုံစမ်းရင်းနဲ့ အဲဒီ ကိစ္စကို သိတာ။ အင်းစိန်ထောင်ကနေ ပြီးတော့ ထောင်ကို သွားတဲ့ အခါကျတော့ သူတို့ က မပြောဘူးခင်ဗျ။ မပြောတဲ့ အခါကျတော့ ရီနေတယ်။ ဟာ ခင်ဗျားတို့ ရီနေလို့ မရဘူးလို့။ ကျနော်က တာဝန်နဲ့ လာတာ ဒီမှာ အမိန့်စာတွေ ပါတယ်လို့။ သူ အယူခံ တက်မတက် ကို ဆွေးနွေးရမှာ။ ကျနော်တို့မှာ ကာလ စည်းကမ်းအလိုက် ဆိုတာ ရှိတယ် လို့။ အဲဒီလို ပြောတော့မှ ခဏ နာရီဝက်လောက် စောင့်ပါဆိုပြီးတော့မှ အထက်အမိန့် တောင်းပြီးတော့မှ ဆရာတဲ့ ခုနတုန်းက ပြောခွင့်မရှိလို့ပါတဲ့။ မနက် ရှစ်နာရီက လွှတ်လိုက်ပါပြီတဲ့။ (၄၀၁) နဲ့ အဲဒီလို ပြောတယ်။ ထောင်တာဝန်ရှိတဲ့ ထောင်မှူးပေ့ါ။ အဝမှာ ရှိတဲ့ ထောင်မှူးက ပြောလိုက်တာ။ သူက အတွင်းနဲ့ အဆက်အသွယ်လုပ်ပြီး ကျနော့်ကို ပြောလိုက်တာ။ နာရီဝက်လောက် စောင့်နေရတယ်။”

အခုအချိန်အထိ ဦးမန်းငြိမ်းမောင် လွတ်မြောက်တာ နဲ့ ပတ်သက်လို့ သူရဲ့ မိခင်အဖွဲ့အစည်း ဖြစ်တဲ့ ကေအန်ယူနဲ့ ရှေ့နေ ဖြစ်သူ ကို အာဏာပိုင်တွေ ဘက်က အကြောင်းကြားခြင်း မရှိသေးပါဘူးလို့ ဆိုပါတယ်။ ကေအန်ယူ တွဲဘက်အတွင်းရေးမှူး ဗိုလ်မှူးစောလှငွေ ကတော့ တရားဝင် အကြောင်းကြား တာ မရှိသေး ပေမဲ့ လွတ်လာမယ် ဆိုရင်တော့ သူတို့ အဖဲ့ွအစည်းအတွက် ငြိမ်းချမ်းရေး၊ စစ်ရေးအတွက် စဉ်းစား တွေးခေါ်မယ့် သူ တဦးတိုး လာမယ်လို့ ဆိုပါတယ်။

“မန်းငြိမ်း တစ်ယောက်ကို လွှတ်ခဲ့လို့ ရှိရင်တော့ မန်းငြိမ်းက ကျနော်တို့ ဗဟို ကော်မတီ (၄၀) ကျော်ထဲမှာ တစ်ဦးဖြစ်တဲ့ အတွက်ကြောင့် ကျနော်တို့ တိုင်ပင်ဖော် တိုင်ပင်ဖက် ဆွေးနွေးဖော် ဆွေးနွေးဖက်တွေ ခေါင်းတစ်လုံး ထပ်တိုးလာပြီးတော့ စုပေါင်း ခေါင်းဆောင်မှုမှာ ပျောက်နေတဲ့ ခေါင်းတစ်လုံး ပြန်ရလာတယ်။ ပြီးရင်လည်း အဲဒီ စုပေါင်း ခေါင်းဆောင်မှု ကနေပြီးတော့ ခွဲဝေတဲ့ သူနဲ့ သင့်တော်တဲ့ တာဝန်တွေ ပေးတဲ့ အခါကျရင် ကိုယ် နဂိုလုပ်ငန်းတွေကို ပြန်လည်လုပ်ဆောင်နိုင်မယ်။ နောက်ပြီး သူ့အတွက် လိုအပ်တဲ့ တာဝန်သစ်တွေ ရှိနေရင် လုပ်ဆောင်နိုင်မယ် ဆိုရင် လုပ်အားတိုး လာတယ်။ အဲဒီတော့ ကျနော်တို့ဘက် ကတော့ အဲဒါ အမြတ်ပေါ့။ အဲဒီ အမြတ်က ငြိမ်းချမ်းရေး ဖြစ်စဉ်မှာဘဲ ဖြစ်ဖြစ် စစ်ရေး ဖြစ်စဉ်မှာဘဲ ဖြစ်ဖြစ်ပေါ့လေ ဒါဟာ ကျနော်တို့ ရဲ့ ခေါင်းဆောင်မှု အပိုင်းမှာ လူတစ်ယောက် တိုးလာတဲ့ အတွက်ကြောင့်မို့ ထူးခြားတဲ့ အချက်၊ ဒါက အားသာတဲ့ အချက် လို့ ပြောလို့ ရတာပေ့ါ။ အဲဒါကလွဲလို့ကတော့ ဘာမှ မရှိပါဘူး။ ဒါက အဲဒီ ကပါဘဲ။”

ဦးမန်းငြိမ်းမောင် အပြစ်မရှိဘူး ဆိုရင် တရားရုံး ကနေ တရားသေ လွှတ်ပေး ရမှာ ဖြစ်ပေမဲ့ အခု လွတ်ပေးခြင်း ဟာမြန်မာနိုင်ငံရဲ့ တရားစီရင်ရေး အတွက် စိုးရိမ်စရာ ဖြစ်ကြောင်း၊ တရားစီရင်မှု ဟာ အာဏာ ရသူရဲ့ လက်အောက် မှာပဲ ရှိနေသေးကြောင်း အာရှ လူ့အခွင့်ရေး ကော်မရှင် က ရှေ့နေ ဦးမင်းလွင်က အခုလိုပြောပါတယ်။

“တရားရုံးကနေပြီးတော့ တရားသေလွှတ်နိုင်တဲ့ အခွင့်အရေး ရှိသော်လည်းဘဲ ပြစ်ဒဏ်ပေးခဲ့တယ်။ ပြစ်ဒဏ်ပေးပြီးတော့ တစ်ပတ်မကြာခင်မှာ နိုင်ငံတော်သမ္မတရဲ့ လွှတ်ငြိမ်း ချမ်းသာခွင့် နဲ့ လွှတ်ပေး လိုက်တယ် ဆိုတော့ က ကျနော်တို့က ဒီ မြန်မာနိုင်ငံရဲ့ တရားစီရင်ရေး စနစ်ကို တော်တော် စဉ်းစား ဖို့ဖြစ်လာပါတယ်။ သာမန် ပြည်သူတစ်ဦးလောက်ကို လွှတ်ပေးလိုက်တဲ့ ကိစ္စကိုတော့ ကျနော်တို့ ဝမ်းသာ တယ်၊ ကြိုဆိုတယ်။ သို့သော်လည်းဘဲ အနာဂတ်မှာ ဒီလိုမျိုးတွေ ဆက်တိုက် ဖြစ်လာရင်တော့ မြန်မာနိုင်ငံရဲ့ တရားစီရင်ရေး အတွက် စိုးရိမ်စရာ ကောင်းတယ်။ မြန်မာနိုင်ငံရဲ့ တရားစီရင်ရေး စနစ်က အုပ်စိုးသူ အာဏာပိုင် အစိုးရရဲ့ လက်အောက်မှာဘဲ မူတည်နေ သေးတယ်ဆိုတာ ဒီ အမှုက အပီအပြင် သက်သေ ပြလိုက်တာ ဖြစ်တယ်လို့ ကျနော်တို့ အနေနဲ့ ပြောချင်ပါတယ်။”

ဦးမန်းငြိမ်းမောင်ကို အခုချိန် ထိတော့ ဆက်သွယ်လို့ မရသေးပါဘူး။ သူ့ကို ပြန်လွှတ် ပေးပြီးတဲ့ နောက် ရဲ အထူးသတင်း တပ်ဖွဲ့က လာရောက် ခေါ်ဆောင် သွားတယ် ဆိုတဲ့ သတင်းတွေ သာ ထွက်ပေါ်ခဲ့ပြီး ရှေ့နေ ဖြစ်သူ ကိုလည်း ဆက်သွယ် လာခြင်း မရှိသေးဘူး လို့ ပြောပါတယ်။ ဦးမန်းငြိမ်းမောင် ဟာ ပြီးခဲ့နှစ် ဇူလိုင် လ က တရုတ်ပြည် ကူမင်း လေဆိပ်က မြန်မာနိုင်ငံကို ပြန်ရောက်သွားခဲ့ပြီး လူဝင်မှု ကြီးကြပ်ရေး ဥပဒေနဲ့ ထောင်ဒဏ် ခြောက်လ ကျခံခဲ့ရပါတယ်။ ဒီနောက် သူ့ကို တရားမဝင် အသင်း နဲ့ ဆက်သွယ်မှု နိုင်ငံတော် ပုန်ကန်မှုတွေ နဲ့ တရားစွဲခံရပြီး ပြီးခဲ့တဲ့ အပတ် က ထောင်ဒဏ် တသက်တကျွန်း ချခံထားရတာဖြစ်ပါတယ်။

XS
SM
MD
LG