သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒရုန်းနဲ့ တိုက်ခိုက်မှုကြောင့် ရိုဟင်ဂျာအများအပြား သေဆုံး


ရခိုင်ပြည်နယ်က တိုက်ပွဲတွေကြား ထွက်ပြေးနေတဲ့ ရိုဟင်ဂျာတွေ အဝေးထိန်းဒရုန်းနဲ့ တိုက်ခိုက်မှုကြောင့် ကလေးနဲ့အမျိုးသမီးတွေ အပါအဝင် ဒါဇင်နဲ့ချီ သေကျေထိခိုက်ခဲ့ရကြောင်း Reuters သတင်းက ဖော်ပြလိုက်ပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံကို နယ်စပ်ဖြတ်ကျော် ဝင်ရောက်ဖို့ စောင့်ဆိုင်းနေတဲ့ ရိုဟင်ဂျာတွေ ပြီးခဲ့တဲ့ တနင်္လာနေ့က ဒရုန်းထိမှန်ခဲ့တာဖြစ်ကြောင်း ကိုယ်တိုင်တွေ့ခဲ့သူ ၄ ယောက်အပြင် တက်ကြွလှုပ်ရှားသူတွေနဲ့ သံတမန်တယောက်ကို ကိုးကားပြီး သတင်းကဖော်ပြခဲ့တာပါ။ သေဆုံးသူတွေထဲမှာ ကိုယ်ဝန်အရင့်အမာနဲ့ အမျိုးသမီးတဦးနဲ့ ၂ နှစ်အရွယ် သမီးဖြစ်သူတို့ ပါဝင်ကြောင်းလည်း ပြောပါတယ်။

တိုက်ခိုက်မှုဟာ အာရက္ခတပ်တော် AA အဖွဲ့ရဲ့ လက်ချက်ဖြစ်ကြောင်း ကိုယ်တွေ့ကြုံရသူ ၃ ယောက်က ပြီးခဲ့တဲ့ သောကြာနေ့မှာ ပြောခဲ့ကြတယ်လို့လည်း သတင်းက ဖော်ပြခဲ့တာပါ။ လူမှုကွန်ရက်ပေါ်က ဗွီဒီယိုမှာတော့ ရွှံ့နွံတွေနဲ့ ကျောပိုးအိတ်တွေ၊ ခရီးဆောင်အိတ်တွေကြား သေဆုံးနေတဲ့ အလောင်းတွေကို တွေ့ကြရပြီး၊ အသက်မသေကျန်ခဲ့သူ ၃ ယောက်ကတော့ သေဆုံးသူ ၂၀၀ ကျော်မယ်လို့ ပြောခဲ့သလို၊ ကိုယ်တိုင်တွေ့တဲ့ နောက်တယောက်ကတော့ အနည်းဆုံး အလောင်း ၇၀ လောက် ရှိမယ်လို့လည်း ပြောပါတယ်။

ဒါပေမဲ့လည်း AA အဖွဲ့က စွပ်စွဲချက်ကို ငြင်းဆန်ထားသလို၊ သေဆုံးသူအရေအတွက် အတိအကျနဲ့ တိုက်ခိုက်မှုအတွက် တာဝန်ရှိသူကို သီးခြားအတည်မပြုနိုင်ကြောင်းလည်း Reuters သတင်းက ဖော်ပြခဲ့တာပါ။ AA အဖွဲ့ရဲ့ ပြီးခဲ့တဲ့ သီတင်းပတ်က ထုတ်ပြန်ချက်မှာတော့ မြို့သိမ်း တိုက်ပွဲဆင်နွှဲနေတဲ့ မောင်တောကနေ ဒေသခံတွေ ဘေးလွတ်ရာ ရှောင်ကြဖို့ သတိပေးခဲ့သလို၊ စစ်ကောင်စီက လူသားဒိုင်းအဖြစ် ပိတ်လှောင်ထားတယ်လို့ဆိုတဲ့ လူ ၅၀၀ ခန့်ကို ဘေးလွတ်ရာ ကယ်ထုတ်ခဲ့ရကြောင်း ပြောဆိုခဲ့ပါတယ်။

ရိုဟင်ဂျာတွေ အများအပြား ဒရုန်းထိမှန် သေဆုံးတယ်ဆိုတဲ့ သတင်းနဲ့ ပတ်သက်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်တာတော့ မတွေ့ရသေးပါဘူး။

Forum

XS
SM
MD
LG