သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံခြားငွေလဲလုပ်ငန်း ၁၂၀ ကျော် လိုင်စင်သိမ်းခံရ


ရန်ကုန်မြို့ပေါ်ရှိ နိုင်ငံခြားငွေလဲလှယ်ရေးလုပ်ငန်းတခုမှာတွေ့ရတဲ့ အမေရိကန်ဒေါ်လာ ၁၀၀ တန်တချို့ (စက်တင်ဘာ ၁၅၊ ၂၀၁၆)
ရန်ကုန်မြို့ပေါ်ရှိ နိုင်ငံခြားငွေလဲလှယ်ရေးလုပ်ငန်းတခုမှာတွေ့ရတဲ့ အမေရိကန်ဒေါ်လာ ၁၀၀ တန်တချို့ (စက်တင်ဘာ ၁၅၊ ၂၀၁၆)

နိုင်ငံခြားငွေလဲလုပ်ငန်း ၁၂၀ ကျော် လိုင်စင်သိမ်းခံရ


နိုင်ငံခြားငွေ ဝယ်ယူရောင်းချနေတဲ့ ငွေလဲလုပ်ငန်း ကုမ္ပဏီ ၁၂၀ကျော်ရဲ့ လုပ်ငန်း လိုင်စင်တွေကို မြန်မာဗဟိုဘဏ်က မနေ့ စက်တင်ဘာ ၁၉ ရက်က ရုပ်သိမ်း လိုက်ပါတယ်။ နိုင်ငံခြား ငွေရောင်းဝယ်တာနဲ့ ပတ်သက်တဲ့ ညွှန်ကြားချက်တွေကို ဖောက်ဖျက်တာကြောင့်လို့ ဆိုပြီး အလားတူ လုပ်ငန်းတချို့ကို ဒီ့မတိုင်ခင် သိပ်မကြာခင်ကပဲ ဗဟိုဘဏ်က အရေးယူခဲ့တာရှိပေမဲ့ အခုတကြိမ်ကတော့ ပမာဏ အများဆုံး ပိတ်သိမ်းခံရတာ ဖြစ်ပါတယ်။ ဒီအကြောင်း ရန်ကုန်က ပေးပို့လာတဲ့သတင်းကို ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။

နိုင်ငံခြားငွေ ဝယ်ယူ၊ရောင်းချနေတဲ့ ကုမ္ပဏီပေါင်း ၁၂၃ ခုကိုအမှုဆောင်ကော်မတီရဲ့ အစည်းအဝေး ဆုံးဖြတ်ချက်နဲ့ လိုင်စင် ရုပ်သိမ်း လိုက်တယ်လို့ မြန်မာဗဟိုဘဏ်က မနေ့ကအင်္ဂါနေ့က ထုတ်ပြန်လိုက်တာပါ။ အရောင်းအဝယ်တွေ ပိတ်ထားတဲ့ လုပ်ငန်းတွေကို အဓိကထား အရေးယူခဲ့တာလို့ ဗဟိုဘဏ်ရဲ့ ဥက္ကဋ္ဌရုံး အမြဲတမ်းအတွင်းဝန် ဦးအောင်အောင်က ဗွီအိုအေကို ပြောပါတယ်။

" အဓိက က ငွေလဲလုပ်ငန်းတွေကို ဗဟိုဘဏ်က သတ်မှတ်ထားတဲ့ စည်းမျဉ်း၊ စည်းကမ်းနဲ့အညီ လိုက်နာဆောင်ရွက်ခြင်း မရှိတာရယ်။ ဆိုင်တွေပေါ့လေ ငွေလဲလုပ်ငန်းနဲ့ ရုံးတွေပိတ်ထားတာတွေ အဲဒါတွေကြောင့် ပိတ်လိုက်တာပါ။"

အခုတကြိမ် အရေးယူခဲ့တာနဲ့ဆိုရင် ဒီလို လုပ်ငန်းလိုင်စင် ရုတ်သိမ်း အရေးယူခံရတဲ့ ငွေလဲလုပ်ငန်း လုပ်ကိုင်နေတဲ့ ကုမ္ပဏီပေါင်း၁၇၀ နီးပါး ရှိလာပြီ ဖြစ်ပါတယ်။ ဗဟိုဘဏ်ရည်ညွှန်း ငွေလဲဈေးနဲ့ ပြင်ပပေါက်ဈေး ကွာဟမှုများတာ အပါအဝင် နိုင်ငံခြားငွေ ကိုင်ဆောင်၊ ရောင်းချတာတွေအပေါ် ကန့်သတ်၊ ထိန်းချုပ်မှုတွေ တင်းကျပ်လာတာကြောင့် ငွေလဲကောင်တာ အများစုကို စက်တင်ဘာလ အစောပိုင်းကစပြီး အရောင်းပိတ်ထားရတဲ့အကြောင်း ငွေလဲလုပ်ငန်းတချို့က ပြောပါတယ်။

ဆက်ဖွင့်ထားတဲ့ ငွေလဲကောင်တာတွေ ကတော့ အမေရိကန်ဒေါ်လာလွဲပြီး ယူရို၊စင်္ကာပူဒေါ်လာ၊ မလေးရှားရင်းဂစ်၊ ထိုင်းဘတ်၊ ဂျပန်ယန်းနဲ့ တရုတ်ယွမ်ငွေ စတဲ့အမျိုးအစား ၆ မျိုးကိုပဲ ရောင်းချနေတာပါ။ ဒါပေမဲ့ အခုနောက်ပိုင်း ဆိုင်အများစုမှာ ယူရိုနဲ့ စင်္ကာပူဒေါ်လာ ကိုပါ အရောင်းပိတ်လာတဲ့အပြင် တရုတ်ယွမ်ငွေကိုလည်း အရောင်းပိတ်ထားတယ်လို့ ငွေလဲလုပ်ငန်းတခုရဲ့ အရောင်းတာဝန်ခံတဦးက ပြောပါတယ်။

" (အမေရိကန်) ဒေါ်လာက အဝယ်အရောင်း နားထားတယ်။ အခုတော့ မရသေးဘူး လောလောဆယ် ပိတ်ထားတယ်။ တခြားဟာတွေလည်း မရဘူး၊ ဂျပန်ယန်းနဲ့ ထိုင်းဘတ်နှစ်မျိုးပဲ ရပါမယ်ရှင်။"

မြန်မာဗဟိုဘဏ်ကတော့ ငွေလဲလုပ်ကိုင်သူတွေကို အမေရိကန်ဒေါ်လာ၊ ယူရို၊စင်္ကာပူဒေါ်လာ၊ ထိုင်းဘတ်၊ မလေးရှားရင်းဂစ်၊ တရုတ်ယွမ်နဲ့ ဂျပန်ယန်းငွေ စတဲ့ငွေကြေး ၈ မျိုးကို ရောင်းဝယ်ခွင့်ပြု ထားတယ်လို့ အခုနှစ် ဩဂုတ်လထဲမှာ ထုတ်ပြန်ထားပါတယ်။ ငွေကြေးကိုင်ဆောင်ခွင့် စည်းကမ်းတွေ ကတော့ ဗဟိုဘဏ်က နောက်ဆုံး ထုတ်ပြန်ထားတဲ့ သတ်မှတ်ချက်တွေအတိုင်း မပြောင်းလဲကြောင်း ဗဟိုဘဏ်ရဲ့ အမြဲတမ်း အတွင်းဝန် ဦးအောင်အောင်က ပြောပါတယ်။

ပြည်ပကို အလုပ် သွားလုပ်ကြမယ့်သူတွေ၊ ဆေးသွားကုမယ့် သူတွေ၊ ဘုရားဖူးသွားမယ့် သူတွေအတွက် လေဆိပ်ဒါမှမဟုတ် AD လိုင်စင်ရ ဘဏ်တွေမှာ တယောက်ကို အမေရိကန်ဒေါ်လာ ၃၀၀ကနေ၅၀၀အထိဝယ်ခွင့်ပြုထားပါတယ်။ ပြည်တွင်းမှာ နေထိုင်သူတွေဟာ တရားဝင် ရရှိထားတဲ့ အမေရိကန်ဒေါ်လာ ၁၀,၀၀၀အထိကို ၆ လအတွင်းသာ လက်ဝယ်ထားရှိ သုံးစွဲခွင့်ရှိပြီး ကျော်သွားရင်တော့ လိုင်စင်ရ ငွေလဲ လုပ်ငန်းတွေမှာ စျေးကွက်ပေါက်စျေး အတိုင်း ရောင်းချရမယ်လို့ ဗဟိုဘဏ်က ၂၀၁၄ စက်တင်ဘာ ၉ ရက်နေ့ကတည်းက ထုတ်ပြန်ခဲ့ပါတယ်။ ဒီညွှန်ကြားချက်ကိုပဲ ဗဟိုဘဏ်က မကြာသေးခင်က ထပ်မံ ထုတ်ပြန်ပြီး နိုင်ငံခြားငွေ ကိုင်ဆောင်သုံးစွဲသူတွေကို သတိပေးခဲ့တာ ဖြစ်ပါတယ်။

စစ်အာဏာသိမ်းမှုကြောင့် အနောက်နိုင်ငံတွေရဲ့ အရေးယူဒဏ်ခတ်မှုတွေကြား နိုင်ငံခြားသုံးငွေ ပြတ်လပ်မှု သတင်းတွေနဲ့အတူ ငွေကြေးလုပ်ငန်းတွေကို ထိန်းချုပ်ဖို့ စစ်ကောင်စီက ကြိုးပမ်းလာနေတာပါ။ မကြာသေးခင် သီတင်းပတ်တွေမှာ ထိပ်တန်းစီးပွားရေး လုပ်ငန်းရှင်တချို့နဲ့ အရာရှိကြီးတွေကို စစ်ဆေးမေးမြန်းတာ ဖမ်းဆီးတာတွေ ရှိတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်ခဲ့တာပါ။ နိုင်ငံခြားသုံးငွေ ကြီးကြပ်မှု ကော်မတီကို ပြင်ဆင်ဖွဲ့စည်းလိုက်ကြောင်း စစ်ကောင်စီက တနင်္လာနေ့တုန်းကပဲ ကြေညာချက် ထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG