သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကျောင်းသားသပိတ်အဖွဲ့ ဆက်ချီတက်မည်


အမျိုးသားပညာရေးဥပဒေကန့်ကွက် လမ်းလျှောက် သပိတ်မှောက် နေတဲ့ ကျောင်းသားများ (ဓာတ်ပုံ-မာတင်ဆွေ FB)
အမျိုးသားပညာရေးဥပဒေကန့်ကွက် လမ်းလျှောက် သပိတ်မှောက် နေတဲ့ ကျောင်းသားများ (ဓာတ်ပုံ-မာတင်ဆွေ FB)

ကျောက်ပန်းတောင်းမြို့မှာ ရပ်နားနေတဲ့ သပိတ်မှောက်ကျောင်းသားတွေဟာ ဒီကနေ့ စနေနေ့ မှာတော့ ဆက်ပြီး ချီတက်ကြတော့မှာဖြစ်ပါတယ်။ ဖေဖော်ဝါရီလ (၁)ရက်နေ့ မှာ ပြုလုပ်မယ့် ဆွေးနွေးပွဲ ကို စောင့်ကြည့်နေချိန် အတွင်း ကျောက် ပန်းတောင်းမှာပဲ နားပြီးတော့ ဆန္ဒပြလှုပ်ရှားမှုတွေကို ဆက်လုပ်သွားမယ် လို့ သောကြာနေ့ အစောပိုင်းမှာ ပြောခဲ့ပြီးတဲ့နောက် အခုတခါ ဆက်လက် ချီတက်ကြဖို့ ဆုံးဖြတ်ခဲ့ကြတယ်။ အခုလိုဘာ့ကြောင့်များ ဆုံးဖြတ်လိုက်ကြတာပါလဲ ဆိုတာနဲ့ ပါတ်သက်ပြီး ဆက်သွယ်မေးမြန်းထားတဲ့ ဗွီအိုအေရဲ့ ထိုင်းအခြေစိုက် သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

အမျိုးသားပညာရေးဥပဒေကို ဆန့်ကျင်ကန့်ကွက်နေတဲ့ကျောင်းသားတွေဟာ အစိုးရ လွတ်တော်နဲ့ NNER တို့နဲ့ ဆက်လက် ညှိနှိုင်းသွားမှာဖြစ် သလို ကျောင်းသားတွေ တောင်းဆိုတဲ့ အချက် (၁၁)ချက်ကို အစိုးရနဲ့လွတ်တော်က လိုက်လျောဖို့ မသေချာသေးတာကတကြောင်း အစိုးရအနေနဲ့ ညှိနှိုင်းတဲ့ဖြစ်စဉ်မှာ အချိန်ဆွဲတဲ့ သာဓကတွေ ရှိခဲ့တဲ့အတွက် ဖေဖေါ်ဝါရီလ (၁) ရက်နေ့ကလွဲလို့ ခရီးရှည် ချီတက်မှုကို ဆက်လုပ်သွားမယ်လို့ သပိတ်ခေါင်းဆောင် ကိုမင်းသွေးသစ်က ဆိုပါတယ်။

"ဆွေးနွေးပွဲစမယ်။ ရန်ကုန်မှာ စိန်ရတုခန်းမမှာဆွေးနွေးပွဲစမယ်။ ၁ ရက်နေ့ကလွဲလို့ပေါ့။ အဲဒီ ၁ရက်နေ့မှာတော့ ကျနော်တို့ သပိတ်ကို (၁) ရက် ရပ်နားမယ်။ ကျန်တဲ့ရက်မှာတော့ ကျနော်က ရန်ကုန်ရောက်တဲ့အထိ ဆက်ပြီး ချီတက်သွားမယ် ဆိုပြီးတော့ ခရိုင်ပေါင်းစုံမှာ ရှိတဲ့ ကျောင်းသား ကျောင်းသူတွေ အားလုံး သဘောတူဆုံးဖြတ်ချက်နဲ့ ဒီကြေညာချက်ကို ထုတ်ပြန်လိုက်တာပါ"

ဇန်နဝါရီလ (၂၈)ရက်နေ့တုန်းကတော့ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲနဲ့ ဒီမိုကရေစီပညာရေး လှုပ်ရှားမှု ဦးဆောင်ကော်မတီက ကျောင်းသား (၁၀)ဦးတို့ တွေ့ဆုံပြီး ဖေဖေါ်ဝါရီလ (၁) ရက်နေ့မှာ ကျောင်းသားတွေတောင်းဆိုထားတဲ့ (၄)ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရေး လုပ်ဆောင်ပေးမယ်လို့ ဆိုပြီး သဘောတူညီမှု လက်မှတ်ရေးထိုးခဲ့တာပါ။

သဘောတူညီချက်ထဲမှာတော့ ဆွေးနွေးပွဲစတဲ့ ဖေဖေါ်ဝါရီလ (၁)ရက်နေမှာ သပိတ်ရပ်နားမယ် ဆိုပြီး ပါရှိပါတယ်။ ဗကသများအဖွဲ့ချုပ်ကတော့ အဲ့ဒီ (၁)ရက်ကိုသာ ရပ်နားထားမှာဖြစ်ပြီး ဆွေးနွေးမူတွေအောင်မြင်အောင် ပံ့ပိုးတဲ့အနေနဲ့ ဗကသများဦးဆောင်တဲ့ သပိတ်စစ်ကြောင်းကတော့ ရန်ကုန်အထိ ချီတက်သွားမယ်လို့ ဆိုပါတယ်။

"ကျနော်တို့ ဗကသက အစိုးရနဲ့တွေ့ဖို့ နေပြည်တော်ကို လွှတ်လိုက်တဲ့ ကိုယ်စားလှယ်တွေ (၃) ယောက်ပေါ့လေ။ ဒီ ခေါင်းဆောင်တွေ လက်မှတ်ရေးထိုးခဲ့တဲ့ အတိုင်းပဲ။ (၁) ရက်နေ့မှာ အခြေအနေစောင့်ကြည့်တဲ့ အနေနဲ့ ကျနော်တို့ သပိတ်ကို ရပ်မယ်။ ကျန်တဲ့နေ့တွေမှာတော့ ကျနော်တို့ ဆက်ပြီး ချီတက်မယ်။ ရန်ကုန်ရောက်တဲ့အထိ။ ဘာကြောင့်လည်းဆိုတော့ အစိုးရက ကျနော်တို့ကို စေတနာ အစောကြီးကတည်းက ရှိတယ်ဆိုရင် ရက်ပေါင်း ၆၀ ကာလအတွင်း ကတည်းက တွေ့ဆုံဆွေးနွေးပြီး ညှိနှိုင်းခဲ့မှာပေါ့။ အဲဒီ့တော့ သပိတ်စစ်ကြောင်းလျှောက်ရတဲ့ ရည်ရွယ်ချက်က အစိုးရနဲ့ တွေ့ဆုံဆွေးနွေးရင် ကျနော်တို့ ဗကသ က ခေါင်းဆောင်တွေအတွက် သပိတ်စစ်ကြောင်းက သူတို့ နိုင်နိုင်နင်းနင်း ရပ်တည်ပြီးတော့ ပြောလို့ရအောင် ပံ့ပိုးပေးနေတဲ့ အားတစ်ခုဖြစ်အောင်လို့ပါ"

မန္တလေးကနေ ရန်ကုန်ကို ခရီးရှည်ချီတက်ရင်းကျောက်ပန်းတောင်းမှာ ရပ်နားနေတဲ့ သပိတ်စစ်ကြောင်းဟာ သူတိုရဲ့သဘောထားထုတ်ပြန်ချက်အရ ဇန်နဝါရီလ (၃၁)ရက်နေ့မှာ တော့ နောက်မြို့ တမြို့ဆီကို ခရီးရှည်ချီတက်မူ ဆက်လုပ်တော့ မှာဖြစ်ပါတယ်။ ဒါပေမယ့်လည်း အာဏာပိုင်တွေ ဘက်က ခြိမ်းခြောက်မှုတွေ ဟန့်တားမူတွေရှိခဲ့တဲ့အတွက် သူတိုရဲ့ ခရီးစဉ်တွေအတွက် စိုရိမ်ပူပန်မှုတွေရှိနေကြောင်း သပိတ်စစ်ကြောင်းရဲ့ခေါင်းဆောင်တဦးဖြစ်တဲ့ ကိုသီဟဝင်းတင်က ဆိုပါတယ်။

"ကျနော်တို့တည်းတဲ့ ဘုန်းကြီးကျောင်း မြို့ထဲကိုပေါ့နော် စစ်ကားတွေ ဝင်လာတာတွေရှိတယ်။ မြို့ထဲလမ်းပေါ်မှာ စစ်ကားတို့ ရဲကားတို့နဲ့ ပါတ်ပြီးတော့ အဲလိုမျိုး ဖိအားပေးခြိမ်းခြောက်မှုတွေရှိတယ်။ ကျနော်တို့ တောင်သာကို အထွက် မြင်းခြံ နဲ့ တောင်သာကြားထဲမှာ ကျနော်တို့ကို ကင်းပုန်းချပြီးတော့ သတ်ကွင်းဆင်ပြီးတော့ တောင်ကြားနှစ်ခုကြားမှာ ထိုင်စောင့်နေ တာရှိတယ်။ ပြီးတော့ ကျနော်တို့ မြင်းခြံက ထွက်လာတော့ နောက်ကနေ တစ်ဆင့်ချင်းဆီ လိုက်ပိတ်တာရှိတယ်။ နှစ်ဘက်ချောင်ပိတ်တာပေါ့နော်။ ကျနော်စိတ်ပူတာ တစ်ခုက ကျနော်တို့ အဲလိုထွက်လာမယ်ဆိုတဲ့ အနေအထားမျိုးမှာ သူတို့အနေနဲ့အဲလိုမျိုး လုပ်နေတယ်ဆိုတဲ့ ဥစ္စာကိုတော့ ကျနော့်အနေနဲ့ နည်းနည်းစိတ်ပူတယ်ဆိုတာထက် တွေးမိတာပေါ့နော်။

အမျိုးသားပညာရေးဥပဒေကို ဆန့်ကျင်ကန့်ကွက်နေကြတဲ့ ကျောင်းသားတွေနဲ့ အစိုးရအာဏာပိုင်တွေကြား ပြီးခဲ့တဲ့ရက်က သဘောတူထားတာကတော့ အစိုးရ လွတ်တော် ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေးနိုင်ငံလုံးဆိုင်ရာကွန်ရက် (NNER) နဲ့ ဒီမိုကရေစီ ပညာရေးလှုပ်ရှားမူဦးဆောင်ကော်မတီ တို့ (၄)ပွင့်ဆိုင်ဆွေးနွေးမှုတွေ ကို ဖေဖေါ်ဝါရီလ (၁)ရက်နေ့မှာပြုလုပ်ဖို့ သဘောတူညီမူ ရခဲ့ပါတယ်။ လက်ရှိ တိုင်းနဲ့ပြည်နယ်အသီးသီးမှာ ကန့်ကွက် သပိတ်မှောက်နေကြတဲ့ ကျောင်းသားတွေ ကတော့ ဖေဖေါ်ဝါရီလ (၁)ရက်မှာ ထွက်လာမယ့်အဖြေကိုစောင့်ကြည်ြ့ပီး မန္တလေးက ခရီးရှည်ချီတက်နေတဲ့ သပိတ်မှောက်ကျောင်းသားတွေနဲ့ ပူပေါင်းလုပ်ဆောင်သွားမယ်လို့ဆိုပါတယ်။

XS
SM
MD
LG