သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်စစ်ဘက်နေရာနှစ်ခု ပစ်ခတ်မှု မရိန်းတပ်သား လေးဦး သေဆုံး


အမေရိကန်တောင်ပိုင်း Tennessee ပြည်နယ်မှာ စစ်ဖက်ဆိုင်ရာနေရာ ၂ ခုမှာ ကြာသာပတေးနေ့က ဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှု။
အမေရိကန်တောင်ပိုင်း Tennessee ပြည်နယ်မှာ စစ်ဖက်ဆိုင်ရာနေရာ ၂ ခုမှာ ကြာသာပတေးနေ့က ဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှု။

အမေရိကန်တောင်ပိုင်း Tennessee ပြည်နယ်မှာ စစ်ဘက်ဆိုင်ရာနေရာ ၂ ခုမှာ ကြာသာပတေးနေ့က ဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှု အတွင်း မရိမ်း တပ်ဖွဲ့ဝင် လေးယောက် သေဆုံးသွားခဲ့ပါတယ်။ အဲဒီစစ်ဖက်ဆိုင်ရာ နေရာ ၂ ခုမှာ ပစ်ခတ်မှုပြုလုပ်ခဲ့တဲ့ သေနတ်သမားလည်း အခင်းဖြစ်တဲ့နေရာ မှာပဲ သေဆုံးသွား တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ရဲအရာရှိတဦးအပါဝင် တခြားလူတော်တော် များများလည်း ဒဏ်ရာရရှိသွားတယ်လို့ ပြောပါတယ်။

သေနတ်သမားဟာ အသက် ၂၄ နှစ်အရွယ် Muhammad Youssef Abdulazeez ဖြစ်တယ်လို့ လုံခြုံရေးဆိုင်ရာ တာဝန်ရှိ သတင်းရပ်ကွက် ကပြောပါတယ်။ အခုချိန်ထိတော့ ဒီလူနဲ့ပတ်သက်တဲ့ သတင်းအချက်လက်တွေ ထွက်ပေါ်မလာသေးပါဘူး။ FBI တာဝန်ရှိသူတဦးက တော့ သေနတ်သမားဟာ ကူဝိတ်နွယ်ဖွား အမေရိကန် နိုင်ငံသားဖြစ်တယ်လို့ VOA ကို ပြောပါတယ်။

သေနတ်သမားဟာ Chattanooga က ဈေးဆိုင်ခန်းတွဲတွေရှိတဲ့ ဝင်းကြီးထဲမှာ ဖွင့်ထားတဲ့ တပ်သားစုဆောင်းရေး ရုံးခန်းကို မော်တော်ကားနဲ့ ဖြတ်မောင်းရင်း ပစ်ခတ်သွားတာဖြစ်တယ်လို့ အာဏာပိုင်တွေကပြောပါတယ်။ Chtattanooga မှာ စစ်ဖက်ဆိုင်ရာ ရုံးခွဲ ငါးခု ကပ်ပြီး ဖွင့်လှစ်ထားတာပါ။

သေနတ်နဲ့ အချက်ပေါင်း ၂၅ ချက်ကနေ ၃၀ အထိပစ်ခတ်ခဲ့ပြီး မရိန်းတပ်သား စုဆောင်းရေး လုပ်ဆောင်သူတဦး ခြေထောက်မှာ ဒဏ်ရာရခဲ့တယ်လို့ ကာကွယ်ရေးဌာန ကပြောပါတယ်။ သူ့ကိုဆေးရုံမှာ ကုသပေးပြီး ပြန်ဆင်းခွင့်ပေး လိုက်ပြီလို့ဆိုပါတယ်။

သေနတ်သမားဟာ နောက်ထပ် ၁၀ ကီလိုမီတာလောက်ဝေးတဲ့ ရေတပ် စစ်ဆင်ရေးအထောက်ကူပြုဌာနရှိရာကို သွားရောက်ပြီး အဲဒီမှာ အဆက်မပြတ် ပစ်ခတ်မှုတွေပြုလုပ်ခဲ့တယ်လို့ မျက်မြင်သက်သေတွေကပြောပါတယ်။ အဲဒီမှာ မရိန်း တပ်ဖွဲ့ဝင် လေးယောက်သေဆုံးခဲ့ပြီး ပစ်ခတ်သံ ရပ်သွားချိန်မှာ သေနတ်သမား လည်းသေဆုံးနေတာတွေ့ရပါတယ်။

ကနဦး ရရှိတဲ့ သတင်းတွေအရ သေနတ်သမားကို ဒေသခံ လုံခြုံရေးတပ်ဖွဲ့ဝင်တယောက်က ပစ်လိုက်တာဖြစ်တယ်လို့ ကာကွယ်ရေးဌာန အရာရှိတွေက ပြောပါတယ်။

XS
SM
MD
LG