သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သတင်းစုဆောင်းမှုနဲ့ CSO အခွင့်အရေး USAID တောင်းဆို


USAID အမေရိကန်နိုင်ငံတကာဖွံ့ဖြိုးမှုအေဂျင်စီ အကြီးအကဲ Mark Green
USAID အမေရိကန်နိုင်ငံတကာဖွံ့ဖြိုးမှုအေဂျင်စီ အကြီးအကဲ Mark Green

ဒီမိုကရေစီရှင်သန်ထွန်းကားရေးအတွက် သတင်းသမားတွေအနေနဲ့ သတင်း အချက် အလက် တွေရရှိနိုင်ဖို့ နဲ့ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေရဲ့ အခွင့်အရေးတွေကို တတ်စွမ်းသမျှ ဖြည့်ဆည်းဆောင်ရွက်ပေးသွားမယ်လို့ အမေရိကန်နိုင်ငံတကာ ဖွံ့ဖြိုးမှုအေဂျင်စီ အုပ်ချုပ်ရေးမှူးက ပြောပါတယ်။ လက်ရှိ NLD အရပ်သားအစိုးရ လက်ထက်မှာ အရင်ကထက် အရပ်ဘက် အဖွဲ့အစည်းတွေနဲ့ မီဒီယာအပေါ် ဖိနှိပ်မှုတွေ ပိုများလာတယ်လို့ အရပ်ဘက်အဖွဲ့စည်းတွေနဲ့ မီဒီယာသမားတွေက ထောက်ပြမှုတွေ ရှိနေပါတယ်။ ဒီသတင်းကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မေခက ပေးပို့ထားပါတယ်။

အမေရိကန်ပြည်ထောင်စု၊ နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ (USAID) အကြီးအကဲ Mark Green က မြန်မာနိုင်ငံမှာ အရပ်ဘက်အဖွဲ့အစည်းတွေ အနေနဲ့ အစိုးရနဲ့ ပူးပေါင်း ဆောင်ရွက်နိုင်ဖို့ တွန်း အားပေးသွားမယ်လို့ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံပွဲမှာ အခုလိုပြောဆိုလိုက်ပါတယ်။

“ပြည်သူလူထုအတွက် သတင်းအချက်အလက်တွေရရှိရေး ဆိုတာဟာ ဒီမိုကရေစီ ရှင်သန် ထွန်းကားရေးရဲ့ အစိတ်အပိုင်းတခုပါ။ သတင်းသမားတွေရဲ့ အခွင့်အရေးဆိုတာ ဟာ သူတို့ ကြားသမျှ၊ မြင်သမျှ၊ သူတို့ လေ့လာစုံစမ်းထားသမျှတွေကို သတင်းရေးသား ဖော်ပြနိုင်ခွင့် ရရှိကြဖို့ ဖြစ်ပါတယ်။ အဲဒါကိုက ဒီမိုကရေစီရဲ့ အဓိကျတဲ့ အစိတ်အပိုင်းတခု ဖြစ်နေတာပါ။ ဒါကြောင့်မို့လို့ ကမ္ဘာတလွှားမှာ ကျနော်တို့ USAID က သတင်းသမားတွေ ရဲ့ အခွင့်အရေးတွေ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေရဲ့ အခွင့်အရေးတွေကို ကျနော်တို့ တတ်စွမ်းသမျှ ဖြည့်ဆည်းဆောင်ရွက်ပေးနေတာဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ လူ့ အဖွဲ့ အစည်းအတွက် အလွန်ကြီးမားတဲ့ စိန်ခေါ်မှုတွေကို ကူညီဖြေရှင်းဖို့အတွက် ဒီလူတွေရဲ့အသံတွေဟာ အင်မတန် အရေးကြီးတယ်ဆိုတာကို ကျနော်တို့ ယုံကြည်ကြလို့ပဲ ဖြစ်ပါတယ်။”

မြန်မာနိုင်ငံမှာ လက်ရှိရင်ဆိုင်နေရတဲ့ အကျပ်အတည်းကြောင့်တော့ အမေရိကန် ပြည်ထောင်စုရဲ့ ထိတွေ့ ဆက်ဆံမှုနဲ့ အကူအညီတွေကို နောက်ပြန် ဆုတ်မှာ မဟုတ်ဘူးလို့ နိုင်ငံတကာ အကူအညီပေးရေးဆိုင်ရာ အမေရိကန်အေဂျင်စီရဲ့ အကြီးအကဲကပြောထားပါတယ်။ ဒီအကျပ်အတည်းကြောင့် အတားအဆီးတခု ရှိနေပေမဲ့ အနာဂတ်မှာ ကျော်လွှားနိုင်မယ်လို့ ယုံကြည်တဲ့အကြောင်းလည်း ပြောပါတယ်။

လက်ရှိ အစိုးရပိုင်းအနေနဲ့ အရင်ကထက် အရပ်ဘက် အဖွဲ့အစည်းတွေနဲ့ မီဒီယာအပေါ် ဖိနှိပ်မှုတွေပိုများ လာတယ်လို့ အရပ်ဘက်အဖွဲ့စည်းတွေနဲ့ မီဒီယာတွေဘက်က ထောက်ပြ မှုတွေ ရှိနေပါတယ်။ မြန်မာနိုင်ငံ သတင်းစာဆရာများကွန်ယက်က အလုပ်အမှုဆောင် ကိုဇေယျာလှိုင်ကတော့ အစိုးရ ဘက်က ပူးပေါင်းဆောင်ရွက်မှုအားနည်းလသလို သတင်း သမားတွေရဲ့ လုံခြုံ မှုကိုပါ လျစ်လျူရှုမှုတွေနဲ့သတင်းရယူမှုပိုင်းမှာ သတင်းရယူဖို့ ခက်ခဲတာတွေ ပိုကြုံနေရတယ်လို့ ဆိုလာပါတယ်။

“အစိုးရက မီဒီယာနဲ့ပူးပေါင်းဆောင်ရွက်မှုက အရင်ကထက်ပိုနည်းလာတာ တွေ့ရတယ်။ အထူး သဖြင့် သတင်း ထုတ်ပြန်တဲ့ အပိုင်း။ သတင်းစာဆရာ တွေက သတင်းအချက်အလက်တွေလိုချင်ပေမယ့် အစိုးရဘက်က သတင်း အချက်အလက် ပေးဖို့ခက်တယ်။ သတင်းဖြစ်တဲ့နေရာ သတင်းသွားယူရင် လည်း ခက်ခဲတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းက တာမွေအိုးရှင်းမှာ ဖြစ်တုန်းကဆို တာဝန်ကျတဲ့ ရဲတပ်ဖွဲ့ဝင်တွေရှိတယ်။ အဲဒီမှာ သတင်းသမားတွေကို ဘေးနားက အရပ်ဝတ်တွေနဲ့လူတွေက သတင်းစာ ဆရာတွေ ကို ရိုက်ဖို့ နှက်ဖို့ပြောနေကြတာတွေရှိတယ်။ ဥပဒေမဲ့ခြိမ်းခြောက်မှုတွေကို ဥပဒေစိုးမိုးရေး လုပ်နေသူ တွေက ကြည့်နေတယ်။ မီဒီယာသမားတွေကတော့ သတင်းဖြစ်တဲ့ နေရာသွားမယ်။ သူတွေ့တာကို သူ့ရှုထောင့်ကတင်ပြမှာပဲ။ အဲသတင်းမှား ရင် သတင်းမှန်ဖို့ မီဒီယာလောကကိုဖွံ့ဖြိုးအောင်လုပ်ပေးရမယ်။ ခက်တာက မီဒီယာနဲ့ လူထူုအခြေပြုအဖွဲ့တွေနဲ့ အစိုးရဘက်က ဝေး သွားတာပဲ။”

USAID ရဲ့ ပံ့ပိုးမှုဟာ အရပ်ဖက်လူထုအခြေပြုအဖွဲ့အစည်းအတွက် အထိုက်အလျောက် အကျိုးသက်ရောက်မှုရှိတယ်လို့ Triangle Women အမျိုူသမီးအဖွဲ့ တာဝန်ခံ မခင်လေးကပြောပါတယ်။

“ဘယ်လောက်ထိ ထိရောက်သလဲဆိုတာကတော့ အင်မတန်မှ အချိန်အတိုင်းအတာ လိုသေးတယ်။ နှစ်ရှည်ပိုပြီးတော့လုပ်နိုင်မှ သိသာမှုတွေ၊ ထိရောက်မှုတွေ၊ ပြောင်းလဲ မှုတွေ ကတော့ ဖြစ်နိုင်မယ်လို့ထင်တယ်။ ဒါပေမယ့် သူတို့လုပ်နေတဲ့ ပရောဂျက်တွေ သည် ရပ်ရွာထဲအထိ ရောက်အောင် လုပ်ဖို့အတွက် အားပေးတယ်၊ ကူညီပေးတာ ဖြစ်တဲ့အတွက်တော့ အရင်တုန်းကပုံစံတွေနဲ့မတူဘဲနဲ့ ထိရောက်မယ်လို့ ထင်တယ်။”

ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဒေါက်တာညိုညိုသင်းကတော့ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးစံနှုန်းတွေက မေးခွန်းထုတ်စရာတွေရှိလာတဲ့ အတွက် ထောက်ပံပေးနေတဲ့ အမေရိကန်ရဲ့ ကူညီမှုတွေကထိရောက်ရဲ့လားဆိုတာ သုံးသပ်ဖို့လိုလာပြီလို့ ဆိုပါတယ်။

“အခုကစပြီး မြန်မာနိုင်ငံကိုထောက်ပံ့မှုကို ပြန်လည်သုံးသပ်ဖို့လိုလာပြီ။ မြန်မာနိုင်ငံကို ရှေ့ဆက်ပြီး အမေရိ ကန်ပြည်သူတွေဘက်က အကူအညီပေးသင့် သလား။ မပေးသင့်ဘူးလာ;ဆိုတာ ကော အစိုးရဘက်က ဖိနှိပ်မှု ပိုပြင်းထန်လာတဲ့ မီဒီယာနဲ့ CSO အဖွဲ့တွေ ကိုကူညီပေးနေတာတွေအတွက် အကူအညီတွေ ပေးတာတော့ပေးမယ်။ ဘယ်လိုပေးမလဲ ပိုပြီးတိုးပေးမလားစဉ်းစားရမယ်ဆိုတာတွေ လုပ်မှာဆိုတော့ ဒီတွေ့ဆုံမှုက တခြားတွေ့ဆုံ မှုထက် ထူးခြားပါတယ်။”

အစိုးရတာဝန်ရှိသူတွေက အရပ်ဘက် အဖွဲ့အစည်းတွေနဲ့ပူးပေါင်းမှုတွေ ဒီထက်ပိုတိုးဖို့ လိုတယ်လို့ ဆိုလာသူက တော့ စားသုံးသူကာကွယ်ရေးအဖွဲ့က အမှုဆောင် ဦးမောင်မောင်ပါ။

“ပံ့ပိုးတာထက် မနှောင့်ယှက်ရင်တော်တော်ကျေးဇူးတင်ပါတယ် လို့ အရင်တုန်းက သမဂ္ဂ ဆိုတော့ လုပ်ကိုင်ရတာ ခက်တာတွေရှိခဲ့တယ်။ အခုတော့မှတ်ပုံတင်ခွင့် ပေးလိုက်ပြီ ဆိုတော့ အဲဟာက ကျနော်တို့ကို အသိအမှတ်ပြု ပံ့ပိုးတယ်လို့ မှတ်ယူပါတယ်။”

Mark Green ရဲ့ အခု မြန်မာနိုင်ငံခရီးစဉ်ဟာ ပြီးခဲ့တဲ့နှစ် သြဂုတ်လမှာ USAID အကြီးအကဲဖြစ်လာပြီး ကတည်းက ဆိုရင် ပထမ ဆုံးခရီးစဉ် ဖြစ်ပါ တယ်။ Mark Green ဟာ လူဦးရေ၊ ဒုက္ခသည်နဲ့ ရွှေ့ပြောင်း နေထိုင်သူများအရေးဆိုင်ရာ အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Mark Storella ၊ USAID လက်ထောက်အုပ်ချုပ်ရေးမှူး Gloria Steele တို့နဲ့အတူ မေလ ၁၇ ရက် ကြာသပတေးနေ့က နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံပါတယ်။ စနေနေ့မှာတော့ လူထု အခြေ ပြုအဖွဲ့ အစည်းတွေ၊ လူငယ်အဖွဲ့တွေ၊ ဘာသာရေး ခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့ပြီး၊ ရခိုင်ပြည်နယ်မြောက်ပိုင်းကိုလည်း အကဲခတ်လေ့လာဖို့ သွားရောက်မှာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG