သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၁၈ နှစ်အောက်မိန်းကလေးတွေ လက်ထပ်ခွင့် လွှတ်တော်ပြင်ဆင်ချက်အပေါ် ဝေဖန်မှုတိုး


ထိမ်းမြားလက်ထပ်နိုင်တဲ့ အသက် (၁၈)နှစ်ပြည့်မှဆိုတဲ့ အချက် ပယ်ဖျက်ခဲ့တာကို ကန့်ကွက်ခဲ့နေတဲ့ လွှတ်တော်အမတ် ဒေါ်အေးမြမြမျိုး
ထိမ်းမြားလက်ထပ်နိုင်တဲ့ အသက် (၁၈)နှစ်ပြည့်မှဆိုတဲ့ အချက် ပယ်ဖျက်ခဲ့တာကို ကန့်ကွက်ခဲ့နေတဲ့ လွှတ်တော်အမတ် ဒေါ်အေးမြမြမျိုး

ဘာသာ၊ ဓလေ့ထုံးတမ်းအရ အသက် (၁၈)နှစ်အောက် လက်ထပ်ထိမ်းမြားနိုင်တဲ့ ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်မှာ မနေ့ ဗုဒ္ဓဟူးနေ့က အတည်ပြုခဲ့ပါတယ်။ ကလေးသူငယ်အခွင့်အရေး များဆိုင်ရာ ဥပဒေကြမ်းကို တင်သွင်းရာမှာ အရင်က ထိမ်းမြားလက်ထပ်နိုင်တဲ့ အသက် ဟာ (၁၈)နှစ်ပြည့်မှဆိုတဲ့ ကန့်သတ်ချက်ပါဝင်နေတာကို ပယ်ဖျက်လိုက်တာဖြစ်ပါတယ်။

အသက် (၁၈)နှစ်အောက်အရွယ်တွေကို ဓလေ့ထုံးတမ်းအရဆိုပြီး လက်ထပ်ထိမ်းမြားခွင့် ပေးလိုက်ခြင်းအားဖြင့် ကလေးသူငယ် အခွင့်အရေး ကာကွယ်ရေးနဲ့ ပတ်သက်လို့ ဘယ်လို ထိခိုက်မှုတွေရှိနိုင်မလဲ။

မအင်ကြင်းနိုင်က တင်ပြမှာပါ။

ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေကြမ်းကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက လွှတ်တော်ကို တင်သွင်းခဲ့တာပါ။ နိုဝင်ဘာလ ၂၈ ရက်နေ့က ပြုလုပ်တဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ ဒီဥပဒေကြမ်းမှာပါတဲ့ အခန်း (၇)၊ ပုဒ်မ (၂၃)မှာ လက်ထပ်ထိမ်းမြားမှုဆိုင်ရာ အသက် ကန့်သတ်ချက်နဲ့ ပတ်သက်လို့ ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီဘက်က ပြင်လိုတဲ့ အဆိုကို အတွင်းရေးမှုး မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန်မဲဆန္ဒနယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်စိုးလင်းက တင်သွင်းခဲ့တာပါ။

အသက် (၁၈)နှစ်အရွယ်ဟာ အရွယ်ရောက်ပြီဖြစ်တဲ့အတွက် အခုပြဌာန်းမယ့် ဥပဒေဟာ ကလေးသူငယ်တွေအတွက်သာဖြစ်တာကြောင့် အသက် (၁၈)နှစ်မပြည့်တဲ့သူတွေကိုသာ စဉ်းစားဖို့ဖြစ်ပြီး ထိမ်းမြားခြင်း အသက်ရွယ်နဲ့ပတ်သက်လို့ လည်း လူမျိုး၊ ဘာသာ ဓလေ့ထုံးတမ်းတွေရဲ့ သတ်မှတ်ချက်တွေကို ထည့်သွင်းစဉ်းစားဖို့ လိုကြောင်း ဦးကျော်စိုးလင်းက အခုလို ပြောသွားပါတယ်။

“တည်ဆဲဥပဒေများ၊ ဓလေ့ထုံးတမ်းများဆိုတဲ့အခါမှာ ဥပမာအားဖြင့် ကျနော်ပြောရမယ်ဆိုရင် ဗုဒ္ဓဘာသာ ဓလေ့ထုံတမ်းမှာဆိုရင် ကျနော်တို့ ပုဆိုးတန်းတင်ရုံနဲ့ ကျနော်တို့ အကြင်လင်မယားဖြစ်ပါတယ်။ နောက်ပြီးတော့ အရှေ့ (၇)အိမ်၊ အနောက် (၇)အိမ် အသိပေးရုံနဲ့ အကြင်လင်မယားဆိုတဲ့ ဓလေ့ရှိပါတယ်။ ချင်းပြည်နယ်မှာဆိုရင်လည်း အသက် (၁၃)နှစ်ပြည့်ရုံနဲ့ စေ့စပ် မင်္ဂလာပွဲတွေပြုလုပ်ရပါတယ်။ ရှမ်းပြည်နယ်မှာဆိုရင်လည်း လက်ဖက်တရိုး၊ ကွမ်းတရိုး ကျွေးရုံနဲ့ အကြင်လင်မယားအဖြစ် ဓလေ့တွေရှိပါတယ်။ ကျနော်တို့ စာဆိုလည်းရှိပါတယ်။ ဈေးသုံးလည်း မလွယ်နဲ့ ရှေ့ထုံးလည်း မပယ်နဲ့ ဆိုရိုးအတိုင်းပါပဲ ကျနော်တို့ ထုံးတွေကိုလည်း မပယ်သင့်ပါဘူး။”

ဒါကြောင့် အရင်ကပြဌာန်းထားတဲ့ ဥပဒေမှာ အသက် (၁၈)နှစ်ပြည့်မှ အိမ်ထောင်ပြုနိုင်တယ်ဆိုတဲ့ သတ်မှတ်ချက်နဲ့ ရှေ့နောက်မညီ ဖြစ်နေတာကြောင့် ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီဘက်ကနေ အသက် ၁၈ နှစ်ပြည့်ပြီးဖြစ်ရမယ်ဆိုတဲ့အချက်ကို ပယ်ဖျက်လိုက်တာဖြစ်တယ်လို့ လွှတ်တော်အမတ် ဦးကျော်စိုးလင်းက အခုလို ပြောသွားပါတယ်။

“တည်ဆဲဥပဒေတွေ၊ ဓလေ့ထုံးတမ်းဥပဒေတွေ ရှိပါလျှက်နဲ့ နောက်က အသက် (၁၈)နှစ်ပြည့်မှ ပဋိဉာဉ်ပြုနိုင်မယ်ဆိုတဲ့အချက်က သက်ဆိုင်ရာဥပဒေ၊ တည်ဆဲဥပဒေတွေနဲ့ ဆန့်ကျင်ကွဲလွဲ လျက်ရှိနေပါတယ်။”

ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ အခုလိုဒီဥပဒေကြမ်းပြင်ဆင်ချက်မှာ ထိမ်းမြားလက်ထပ်နိုင်တဲ့ အသက်ကို (၁၈)နှစ်ပြည့်မှဆိုတဲ့ အချက် ပယ်ဖျက်ခဲ့တာကို ကန့်ကွက်ခဲ့သူက ကျောက်တန်းမဲဆန္ဒနယ်က ဒေါ်အေးမြမြမျိုးပါ။

ကလေးသူငယ်အခွင့်အရေး ကာကွယ်ပေးရေး ဥပဒေပြဌာန်းချက်တွေမှာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှုဟာ အရွယ်မရောက်သေးသူတွေကို လက်ထပ်ထိမ်းမြားခွင့် ပေးတဲ့အချက်နဲ့ ဆက်စပ်နေတယ်ဆိုတာ သတိပြုမိဖို့ ဒေါ်အေးမြမြမျိုးက အခုလို ထောက်ပြခဲ့ပါတယ်။

“လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်းဆိုတဲ့ ပုဒ်မမှာ ကလေးသူငယ်တွေကို လက်ထပ်စေခြင်းဆိုတဲ့ အချက်နဲ့ စပ်ဆက်နေတယ်ဆိုတာ လေ့လာတွေ့ရှိရပါတယ်။ ပြဌာန်းမယ့် ဥပဒေသည် ကလေးသူငယ်အခွင့်အရေးဆိုင်ရာအတွက် အထူးပြုထားတဲ့ ဥပဒေဆိုတာလည်း သတိပြုစေချင်ပါတယ်။”

ကလေးသူငယ်အရွယ်တွေကို စောစောအိမ်ထောင်ပြုပေးခြင်းအားဖြင့် ရင်ဆိုင်ရနိုင်တဲ့ ကျန်းမာရေး၊ လူမှုရေး၊ ပညာရေး ဆိုကျိုးတွေနဲ့အတူ နိုင်ငံထူထောင်ရေးအနာဂတ်ကိုပါ ထိခိုက်စေတယ်လို့ ဒေါ်အေးမြမြမျိုးက ပြောပါတယ်။

“ကလေးတွေကို လက်ထပ်ထိမ်းမြားပေးခြင်း၊ စောလျှင်စွာ ကိုယ်ဝန်ဆောင်ခြင်းရဲ့ နောက်ဆက်တွဲ အကျိုးဆက်ဖြစ်တာက မိခင်နဲ့ ကလေးငယ်သေဆုံးမှုကို ပိုမိုမြင့်တက်စေတဲ့ ကျန်းမာရေးရှုထောင့်ကလည်း ဘယ်လိုမှ ကောင်းနိုင်မှာ မရှိပါဘူး။ ပြီးတော့ (၁၈)နှစ်အောက် ကလေးတွေ ပညာရေးအရ၊ လူမှုရေးအရ၊ စီးပွားရေးအရ ဘယ်လိုမှ ပြည့်စုံနိုင်တဲ့ အခြေအနေမဟုတ်ပါဘူး။ ဒီကလေးတွေကနေ အိမ်ထောင်ပြုပြီး ရလာတဲ့ မျိုးဆက်ကလည်း ဒီထက်ပိုပြီးကောင်းမယ့် အလားအလာ အင်မတန်မှနည်းပါတယ်။”

အထူးသဖြင့် အရွယ်မရောက်သေးတဲ့ မိန်းကလေးတွေ လက်ထပ်ထိမ်းမြားခြင်းအားဖြင့် ကျန်းမာရေး၊ လူမှုရေးအပါအဝင် အခြားဘက်စုံကဏ္ဍတွေမှာ ထိခိုက်မှုတွေ၊ ဆိုကျိူးတွေရှိနေတယ်လို့လည်းကနေဒါအခြေစိုက် အယ်လ်ဘာတာ တက္ကသိုလ်က ကထိကအဖြစ် ထမ်းဆောင်နေသူ ဒေါက်တာ ဒေါ်ခင်စောဝင်းက မြင်ပါတယ်။

“ ကျန်းမာရေး ရှုထောင့်ဘက်က ကြည့်ရင်တော့ ကောင်းကျိုးမဟုတ်ပဲ ဆိုးကျိုးကိုပဲ မြင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မျိုးပွားခြင်းဆိုင်ရာ အင်္ဂါတွေ ဖွံဖြိုးတာ၊ လစဉ် မမျိုးဥ ထုတ်တဲ့နေရာမှာ အသက် (၁၈)အောက်က မျိုးပွားအင်္ဂါတွေရဲ့လုပ်ငန်းတွေက ပုံမှန်မဖြစ်သေးဘူး။ မရင့်ကျက်သေးတဲ့အချိန်မှာ လက်ထပ်လိုက်ပြီးတော့ သားသမီးမွေးဖွားလာမယ်၊ ကိုယ်ဝန်ဆောင်လာမယ်ဆိုရင် chromosome တွေ၊ မမျိုးဥတွေက ပြည့်ပြည့်၀၀ ဖွံဖြိုးမှုမရှိသေးတဲ့အတွက် မွေးဖွားလာတဲ့ ကလေးမှာ အများကြီး ထိခိုက်၊ ချို့ယွင်းမှုတွေရှိနေပါတယ်။”

ပြည်သူ့လွှတ်တော်က အတည်ပြုလိုက်တဲ့ ပုဒ်မ (၂၃)၊ အမျိုးသားနှင့် အမျိုးသမီးတို့၏ ထိမ်းမြားလက်ထပ်နိုင်သည့် အသက်သည် ၎င်းတို့၏ တည်ဆဲဥပဒေနှင့် ဓလေ့ထုံတမ်းဥပဒေများတွင် သတ်မှတ်ထားသည့် အတိုင်းဖြစ်စေရမည် လို့ ဖေါ်ပြထားပါတယ်။ ဒါနဲ့ပတ်သက်လို့ မြန်မာနိုင်ငံ ဥပဒေကြောင်းရေးရာ လေ့လာသုံးသပ်နေသူ အာရှလူ့အခွင့်အရေးကော်မရှင်ရဲ့ မြန်မာနိုင်ငံဆိုင်ရာတာဝန်ခံ ဦးမင်းလွင်ဦးရဲ့ အမြင်ကတော့-

“ဘာသာကွဲတွေနဲ့ ကျနော်တို့ ပေါင်းစည်းနေထိုင်တာဖြစ်တယ်။ ဟိန္ဒူ၊ မူဆလင် စတဲ့ သူတို့တွေရဲ့ ဓလေ့ထုံးတမ်းမှာက- အသက် (၁၈)နှစ်မပြည့်ခင်မှာ လက်ထပ်ထိမ်းမြားခွင့်ပြုထားတာတွေရှိတယ်။ ဒါတွေကြောင့် အခုလိုမျိုး အသက် (၁၈)နှစ်ပြည့်မှ လက်ထပ်ရမယ်လို့ သတ်မှတ်ပြဌာန်းမယ်ဆိုရင် အခြား လူမျိုးချင်းမတူ၊ ဓလေ့ထုံးတမ်းခြင်းမတူသူတွေ ကြားထဲမှာ အဟန့်အတားမျိုးတွေဖြစ်လာမှာ စိုးရိမ်တဲ့အတွက် ပြင်ဆင်ပြဌာန်းလိုက်တယ်လို့ ကျနော်ကတော့ မြင်ပါတယ်။”

မနေ့က ပြည်သူ့လွှတ်တော်က အတည်ပြုလိုက်တဲ့ ပြင်ဆင်ချက် ၁၂၉ ချက်ပါဝင်တဲ့ ကလေးသူငယ် အခွင့်အရေးဆိုင်ရာဥပဒေကို အမျိုးသားလွှတ်တော်ကို ထပ်မံပေးပို့မှာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG