သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လက်ပံတောင်းကြေးနီစီမံကိန်းတဝိုက် ပုဒ်မ ၁၄၄ သက်တမ်းတိုး


လက်ပံတောင်းတောင် ကြေးနီစီမံကိန်းရှိတဲ့ ကြေးနီသိုက်နေရာက ဧက ၇၈၆၇.၇၈ မှာ ၂၄ နာရီပတ်လုံး မည်သူမှ သွားလာခွင့် မရှိတဲ့အကြောင်း ပုဒ်မ ၁၄၄ ညမထွက်ရအမိန့်ကို နောက်ထပ် သက်တမ်း ၂ လတိုးလိုက်ပါတယ်။ တရားဥပဒေ စိုးမိုးရေးနဲ့ ငြိမ်ဝပ်ပိပြားရေးအတွက် မြို့နယ်အုပ်ချုပ်ရေးမှူးအမိန့်နဲ့ အခုလို ထပ်တိုးလိုက်တာဖြစ်တယ်လို့ ဆိုပါတယ်။ ဒီသတင်းအပြည့်အစုံကို မအေးအေးမာ က သတင်းပေးပို့ထားပါတယ်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနဲ့ နီးစပ်ရာ ကျေးရွာတွေအနေနဲ့ ၂၄ နာရီ အတွင်းမှာ ကန့်သတ်နယ်မြေတွေကို ကျုးကျော်ခြင်း မလုပ်နိုင်ဖို့အတွက် ဆားလင်းကြီးမြို့နယ် အထွေအထွေ အုပ်ချုပ်မှူးဦးစီးဌာနက မြို့နယ်အုပ်ချုပ်ရေးမှူး အသစ်က ပုဒ်မ ၁၄၄ ကို သက်တမ်း ၂ လတိုးပြီး ထုတ်ပြန်ခဲ့တာပါ။

လက်ပံတောင်းတောင် သပိတ်စခန်းမှာရှိနေတဲ့ မြန်မာနိုင်ငံ ဝိဇ္ဇာသိပ္ပံ တက္ကသိုလ် ကျောင်းသားများ ကွန်ရက်က ကိုသောင်းထိုက် က အခုလို ပြောပါတယ်။

“ဒီနေ့ဆိုရင် အသစ်ပြောင်းလာတဲ့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သောင်းကနေ မတ်လ ၁ ရက်နေ့က ဧပြီလ ၃၀ ရက်နေ့အထိ ဆိုပြီးတော့ ၂ လ သက်တမ်းတိုးပြီး ပုဒ်မ ၁၄၄ ထုတ်ပြန် ချက်ကိုလည်း ထပ်မံ ထုတ်ပြန်လိုက်ပါတယ်။ တကယ်လို့ ပုဒ်မ ၁၄၄ ထုတ်ပြန်တယ်ဆို ရင်တောင် ဒေသခံတွေကို ပြောရမှာ။ အခုတော့ မပြောဘူး။ သူတို့ အုပ်ချုပ်ရေးပိုင်းမှာပဲ စာရွက်တွေ ဖြန့်ပြီးတော့ ထုတ်ပြန်တယ်ဆိုတာမျိုးလောက်ပဲ အသိအမှတ်ပြုပြီးတော့ ပြည်သူတွေ မသိတဲ့အတွက် အချိန်မရွေး သူတို့ ဝင်ပြီးတော့ နှိမ်နင်းနိုင်တယ်။”

ပုဒ်မ ၁၄၄ ထုတ်ပြန်ထားတဲ့ ကျေးရွာတွေကတော့ ဖောင်းတကာရွာ၊ တောင်ပလူရွာ၊ ရွာရှည်အုပ်စု ဝက်မှေးကျေးရွာ၊ ဖောင်းကားတောင်ရွာ၊ လိပ်ခွံတောင်၊ ဖောင်းတကာအုပ်စု ဆည်တဲရွာ၊ ဇီးတောရွာ၊ ပလူကုန်းရွာ၊ ရွေလှေရွာ၊ လက်ရှိ သပိတ်စခန်း ဖွင့်ထားတဲ့ တုံရွာ တို့ ပါဝင်ပါတယ်။

ဒါ့အပြင် အရှေ့၊ အနောက်၊ တောင်၊ မြောက် မှာရှိတဲ့ ဆားလင်းကြီး၊ ညောင်ပင်ကြီး ကားလမ်း၊ မိုးကြိုးပြင်ကျေးရွာအုပ်စု၊ ဖောင်းတကာကျေးရွာအုပ်စု၊ ညောင်ပင်ကြီး ယင်းမာပင်လမ်းတို့လည်း ပါဝင်ပါတယ်။

လက်ပံတောင်း ကြေးနီစီမံကိန်း ဖျက်သိမ်းရေး တောင်းဆိုနေတဲ့ ပြီးခဲ့တဲ့နှစ် အချိန်ကာလ ကတည်းက အာဏာပိုင်တွေဘက်က ပုဒ်မ ၁၄၄ ထုတ်ပြန်ခဲ့တာပါ။ လယ်သမားတွေက သူတို့ လယ်မြေတွေနေရာမှာ ပြန်လည်လုပ်ကိုင်တဲ့အခါမှာ ခြိမ်းခြောက်မှု၊ ဖိအားပေးမှုတွေကို လုပ်ခဲ့ကြပါတယ်။

မတ်လ ၁ရက်နေ့ကနေ ဧပြီလ ၃၀ ရက်နေ့အထိ သက်တမ်း ၂ လ ထပ်တိုးလိုက်ခြင်းလည်း ဖြစ် ပါတယ်။ ဒေသခံတွေကတော့ စီမံကိန်း ဖျက်သိမ်းဖို့အပြင် ပြီးခဲ့တဲ့ နိုဝင်ဘာလက မီးလောင်ဗုံးတွေ သုံးပြီး ဖြိုခွဲခဲ့တဲ့အပေါ်မှာ အရေးယူ ဆောင်ရွက်ခြင်း မရှိတဲ့အတွက် နိုင်ငံတော် သမ္မတကို ဒေသ ခံရွာသား ၃ ဦးက တရားစွဲဆိုမှုတွေ လုပ်ခဲ့တဲ့အကြောင်းကိုလည်း ကိုသောင်းထိုက် အခုလို ဆက်ပြောခဲ့ပါတယ်။

“အဓိကစွဲရတဲ့ အကြောင်းရင်းကတော့ သပိတ်စခန်းတွေမှာရှိတဲ့ သံဃာတွေနဲ့ ပြည်သူတွေကို အစိုးရအာဏာပိုင်တွေက မီးလောင်ဗုံးတွေသုံးပြီး ပစ်ခတ်နှိမ်နင်း အကြမ်းဖက်တဲ့ကိစ္စ အစိုးရအဆင့်၊ နိုင်ငံတော်အဆင့် လုပ်ကြံမှုဖြစ်တယ်။ အဲ့ဒါကြောင့် ဒီကိစ္စတွေရဲ့ တာဝန်အရှိဆုံး ပုဂ္ဂိုလ်ဟာ နိုင်ငံတော်သမ္မတပဲ ဖြစ်တယ်ဆိုတဲ့အတွက် ကြောင့် နိုင်ငံတော် သမ္မတကိုပဲ ဦးတည်ပြီးတော့ တရားစွဲတယ်။ ပုဒ်မ ၁၄၄ ကို ထုတ်ပြန်လိုက်တယ်ပေါ့နော်။ ဒီဥစ္စာက မြို့နယ်အုပ်ချုပ်မှူး အဆင့်ကနေပြီးတော့ ဒီဒေသမှာ ပုဒ်မကို လိုသလို ထုတ်ပြန်နိုင်တဲ့အတွက် ဒီကိစ္စမှာ တာဝန်အရှိဆုံး ပုဂ္ဂိုလ်ဟာလည်း သမ္မတဖြစ်တယ်ဆိုတဲ့အတွက်ကြောင့် ဒီကိစ္စတွေနဲ့ နိုင်ငံတော် သမ္မတကို တရားစွဲတာပါ။ စွဲတာက သုံးယောက်၊ တရားစွဲတဲ့သူတွေက ဆည်တဲရွာက မဝင်းဝင်းဌေးရယ်၊ မရီဝင်းရယ်၊ နောက် မိုးကြိုးပြင်ရွာက ကိုဇော်နိုင်ရယ်။”

လက်ပံတောင်းဒေသခံတွေက စုံစမ်းစစ်ဆေးရေး ကော်မရှင်ကိုလည်း ဘဝင်ကျမှုမရှိကြောင်း သူတို့ရဲ့ လေ့လာစုံစမ်းချက်တွေဟာ ဒေသခံတွေရဲ့ သဘောထားဆန္ဒတွေကို အလေးထားမှု နည်းပါးတဲ့အကြောင်းကိုလည်း ဆက်ပြောသွားပါတယ်။

“လက်ပံတောင်းတောင်နဲ့ ပတ်သက်ပြီးတော့မှ သဘာဝပတ်ဝန်းကျင်တို့၊ ရေတိုရေရှည် စီမံကိန်း တို့နဲ့ ပတ်သက်တဲ့ ကိစ္စရပ်တွေကို တင်ပြတဲ့အခါမှာ စုံစမ်းစစ်ဆေးရေးအဖွဲ့မှာ ပါဝင်တဲ့သူတွေက ဒီကိစ္စတွေကို သူတို့ သိပြီးသားပါ။ ဒါတွေ မပြောပါနဲ့ဆိုပြီးတော့ ကြားကနေ ဖြတ်ပြီးတော့ တားတဲ့အတွက် သူတို့မှာ ပြောပိုင်ခွင့် မရခဲ့ဘူး။ သူတို့ ပြောခွင့်ရတဲ့အပိုင်းကတော့ မြေယာလျော်
ကြေးနဲ့ ပတ်သက်ပြီးတော့ပဲ ပြောခွင့်ရခဲ့တယ်။ ဟိုဘက်ကလည်း မေးတာက မြေယာလျော်ကြေး ကိုပဲ ဦးတည်ပြီး မေးတယ်။ ဒေသခံတွေ လိုချင်တာကတော့ စုံစမ်းစစ်ဆေးရေးကော်မရှင်က ဒီဒေသက ပြည်သူတွေ ဘာဖြစ်ချင်တယ်၊ ဘယ်လိုချင်လဲ ဆိုတဲ့ အချက်အလက်တွေကို အစုံအ လင် မယူဘဲနဲ့ မြေယာလျော်ကြေး ကိစ္စတခုလောက်သာ သူတို့ စုံစမ်းစစ်ဆေးသွားတဲ့ကိစ္စအပေါ် မှာ သံသယဝင်နေတယ်။ စုံစမ်းစစ်ဆေးရေးကော်မရှင်မှာတော့ မီးလောင်ဗုံးတွေ ထည့်သွင်းထား
ပေမဲ့ နောက်ပိုင်း ၁၆ ယောက်နဲ့ ၁ ယောက် ပြန်လည် ဖွဲ့စည်းတဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင် မှာတော့ ဒီမီးလောင်ဗုံးကိစ္စနဲ့ပတ်သက်ပြီး တခုမှ မပါတော့ဘူး။ လက်ပံတောင်းတောင် ကြေးနီ စီမံကိန်း စုံစမ်းစစ်ဆေးဖို့ အချက်အလက်တွေပဲ သူတို့မှာ ပါဝင်ခဲ့ပါတယ်။ မီးလောင်ဗုံးနဲ့ပတ်သက် တဲ့ဟာကတော့ လုံးဝကို မြုပ်ပြီး ပျောက်ကွယ်သွားတာပါ။ အဲ့ဒီအကြောင်းအရာက။ အဲ့ဒီအပေါ်မှာ လည်း ဒေသခံတွေက သိပ်ပြီး မကြည်လင်ကြဘူး။”

ဒီစီမံကိန်းကြောင့် ဒေသခံတွေရဲ့ လယ်မြေဧကပေါင်း ၇၈၀၀ ကျော်ကို သိမ်းယူခဲ့သလို စီမံကိန်းနဲ့ မလွတ်တဲ့ ရွာ ၄ ရွာကိုလည်း ဖယ်ရှားခိုင်းခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

အခု ပုဒ်မ ၁၄၄ ထုတ်ထားတဲ့ နယ်မြေတွေကတော့ လယ်သမားတွေထံကနေ သိမ်းယူထားတဲ့ လယ်မြေဧကတွေရှိတဲ့ ကွင်းအမှတ်တွေ ဖြစ်ကြတယ်လို့ ဒေသခံတွေက ဆိုပါတယ်။ လယ်သမား တွေကတော့ အစပိုင်းမှာ သူတို့ပိုင် လယ်မြေတွေ ပြန်ရရေးအတွက် ကြိုးစားခဲ့ကြပေ မဲ့ နောက်ပိုင်းမှာ စီမံကိန်း ရပ်တန့်ရေးအတွက်ကိုပဲ သူတို့ သဘောထား ဆန္ဒအဖြစ် ထုတ်ဖော်ကြပါ တယ်ရှင်။
XS
SM
MD
LG