သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မာတင်လူသာကင်း အထိမ်းအမှတ် ချီတက်ပွဲ


တန်းတူညီမျှရေး တိုက်ပွဲဝင်ခဲ့သူ မာတင်လူသာကင်း (ယာ)
တန်းတူညီမျှရေး တိုက်ပွဲဝင်ခဲ့သူ မာတင်လူသာကင်း (ယာ)
“March on Washington” လို့ခေါ်တဲ့ ၁၉၆၃ ခုနှစ်က ပြည်သူ့ အခွင့်အရေး တောင်းဆို ဆန္ဒပြ ချီတက်ပွဲတွေ လုပ်ခဲ့ကြတဲ့အတိုင်း စုဝေးချီတက်ကြဖို့ အတွက် ဝါရှင်တန်ဒီစီမြို့တော်မှာ ဒီကနေ့ စနေနေ့မှာ လူတွေ ထောင်နဲ့ချီ စုဝေးကြဖို့ ရှိပါတယ်။

အဲဒီ သမိုင်းဝင် လူထုချီတက်ပွဲအတွင်းမှာ တန်းတူညီမျှရေးအတွက် တိုက်ပွဲဝင်ခဲ့တဲ့ မာတင်လူသာကင်း ဂျူနီယာရဲ့ ထင်ရှားလှတဲ့ “I have a Dream” ကျနော် မျှော်မှန်းထားတဲ့ အိပ်မက်တခု ရှိတယ်၊ ဆိုတဲ့ မိန့်ခွန်းကို လူပေါင်း ၂ သိန်းခွဲကျော်ရှေ့မှာ ပြောကြားခဲ့တာဖြစ်ပါတယ်။

ဒီလူထု ချီတက်ပွဲကြီးဟာ အမေရိကန်သမိုင်းမှာ တန်းတူညီမျှရေး အတွက် တောင်းဆိုတဲ့ အကြီးမားဆုံး ဆန္ဒပြပွဲကြီး ဖြစ်ခဲ့ပြီးတော့၊ အမေရိကန် ပြည်ထောင်စုအတွက် အပြောင်းအလဲတွေ ဖြစ်စေခဲ့တဲ့ အခိုက်အတန့် ကာလလည်း ဖြစ်ပါတယ်။ နှစ်ပေါင်း ၅ဝ နီးပါး ကြာခဲ့ပြီးနောက် ဒီကနေ့ မိန့်ခွန်းပြောကြမယ့် အထဲမှာတော့ အာဖရိကနွယ်ဖွား အမေရိကန် တရားဟောဆရာ Al Sharpton နဲ့ မာတင်လူသာကင်းရဲ့ သားဖြစ်သူတို့လည်း ပါဝင်မှာ ဖြစ်ပါတယ်။ ဒီ လူထုဆန္ဒပြချီတက်ပွဲကြီးရဲ့ နှစ်ပတ်လည်ဖြစ်တဲ့ သြဂုတ်လ ၂၈ ရက်နေ့မှာလည်း ဒုတိယအကြိမ် ချီတက်ပွဲတရပ် လုပ်သွားဖို့ ရှိနေတာပါ။

အဲဒီအခါကျရင်တော့ အမေရိကန်ပြည်ထောင်စုရဲ့ ပထမဆုံး အာဖရိကနွယ်ဖွား အမေရိကန် သမ္မတ ဘရက်အိုဘားမား ကိုယ်တိုင် မိန့်ခွန်း ပြောကြားမှာ ဖြစ်သလို သမ္မတဟောင်း Jimmy Carter နဲ့ bill Clinton တို့လည်း မိန့်ခွန်းတွေ အသီးသီး ပြောကြမှာ ဖြစ်ပါတယ်။ ဝါရှင်တန်ဒီစီ မြို့တော်မှာ ၁၉၆၃ ခုနှစ် လူထုချီတက်ပွဲကြီးဟာ အမေရိကန်ပြည်ထောင်စုမှာ အာဖရိကနွယ်ဖွား အမေရိကန်ပြည်သူတွေအပေါ် နှစ်ပေါင်းများစွာ ခွဲခြား ဆက်ဆံလာခဲ့တဲ့ ဥပဒေတွေကို အဆုံးသတ်နိုင်ရေး ကြိုးပမ်းမှုတွေနဲ့ လူမျိုးရေး ကွဲပြားမှုအပေါ် အခြေခံတဲ့ မတည်ငြိမ်မှုတွေ ဖြစ်ပွားနေချိန် မှာ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။
XS
SM
MD
LG