နိုင်ငံအကျိုးအတွက် အားလုံးညီညီညွတ်ညွတ်နဲ့ လုပ်ကိုင်သင့်ကြောင်း အာဇာနည်နေ့ အခမ်းအနား ကို တက်ရောက်လာတဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မနေ့က ပြောကြားလိုက်ပါတယ်။ နှစ်ပေါင်း (၄၀)ကျော်အတွင်း ပထမဆုံးအကြိမ် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်အနေနဲ့ ရန်ကုန်မြို့ အာဇာနည်ဗိမာန်မှာကျင်းပတဲ့ အခမ်းအနားကို တက်ရောက်ပြီး ကျဆုံးသွားတဲ့ အာဇာနည်ခေါင်းဆောင်ကြီးတွေကို ဂါရဝပြုခဲ့တာပါ။
အခုလို အာဇာနည်နေ့အခမ်းအနားကို နိုင်ငံတော်နဲ့ တပ်မတော်အကြီးအကဲတွေ၊ ပြည်သူတွေပါ အတူတကွ တက်ရောက်ပြီး ပွင့်ပွင့်လင်းလင်းနဲ့ ဂါရဝပြုတာကိုမြင်ရတာဟာ ထူးခြားပြီး နိုင်ငံမှာ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေး ပြန်ပြီးရှင်သန်လာနေတာပြသတာဖြစ်တယ်လို့ NLD ပါတီနာယကကြီး သူရဦးတင်ဦးကလည်းပြောကြားခဲ့ပါတယ်။
အပြည့်အစုံကို မအင်ကြင်းနိုင်က တင်ဆက်မှာပါ။
အရင် ဦးနေဝင်းဦးဆောင်တဲ့ မဆလ အစိုးရလက်ထက်ကစလို့ စစ်အစိုးရအဆက်ဆက်မှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ အာဇာနည်ခေါင်းဆောင်ကြီးတွေရဲ့ အရေးပါမှုကို သိပ်ပြီးရှေ့တန်းတင်ခဲ့တာမျိုးမရှိခဲ့ပါဘူး။ ဒီနှစ် NLD အစိုးရလက်ထက်မှာ ကျင်းပတဲ့ အာဇာနည်နေ့ နိုင်ငံတော်အခမ်းအနားမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အခြား အစိုးရ၊ လွှတ်တော်ခေါင်းဆောင်တွေနဲ့ အတူ အာဇာနည်နေ့အခမ်းအနားကို တက်ရောက်ခဲ့ပါတယ်။ ဒီအခမ်းအနားမှာ အာဇာနည်နေ့ အထိမ်းအမှတ်နဲ့ပတ်သက်လို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပြောကြားခဲ့တာကတော့…
“ တိုင်းပြည်ရဲ့ တည်ငြိမ်အေးချမ်းရေးနဲ့ ဖွံဖြိုးတိုးတက်ရေးအတွက် တိုင်းသူပြည်သူအားလုံးကနေ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့ လုပ်သင့်လုပ်ထိုက်တဲ့ကိစ္စမှန်သမျှ လုပ်စေချင်ပါတယ်လို့ ပြောချင်ပါတယ်။”
အခုလို နိုင်ငံတော်နဲ့ တပ်မတော်အကြီးအကဲတွေ၊ ပြည်သူတရပ်လုံးက အာဇာနည်ခေါင်းဆောင်ကြီးတွေကို လွတ်လပ်လပ် ပွင့်ပွင့်လင်းလင်း ဂုဏ်ပြုလာနိုင်တာဟာ တိုင်းပြည်မှာ ဒီမိုကရေစီ ပြန်ပြီးရှင်သန်လာတာကို တွေ့ရတာဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD နာယကကြီး သူရဦးတင်ဦးကလည်း ပါတီဌာနချုပ်မှာ မနေ့က ကျင်းပတဲ့ အာဇာနည်နေ့အခမ်းအနား အဖွင့်မိန့်ခွန်းမှာ ပြောကြားခဲ့ပါတယ်။
ဒါအပြင် ဖခင်ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ အာဇာနည်ခေါင်းဆောင်ကြီးတွေ အစပျိုးခဲ့တဲ့ စစ်မှန်တဲ့ ဖယ်ဒရယ်ပြည်ထောင်စု တည်ထောင်ရေးကို လက်ရှိအချိန်မှာ သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်က ဦးဆောင်ပြီး အရှိန်အဟုန်နဲ့ အကောင်အထည် ဖေါ်ဆောင်ရွက်နေကြောင်းနဲ့ မကြာခင် အကျိုးရလာဒ်တွေကို မြင်တွေ့ကြရတော့မှာဖြစ်တယ်လို့ဦးတင်ဦးက အခုလိုပြောသွားပါတယ်။
“ဗိုလ်ချုပ်အောင်ဆန်းအမှုးပြုတဲ့ အာဇာနည်ခေါင်းဆောင်ကြီးတွေရဲ့ နောက်ထပ် ဆန္ဒကတော့ တိုင်းရင်းသားမျိုးနွယ်စုများအားလုံး သွေးစည်းညီညွတ်ပြီး တန်းတူညီညွတ်မှုရှိတဲ့ ငြိမ်းချမ်းတဲ့ ဒီမိုကရေစီဖယ်ဒရယ်ပြည်ထောင်စု ထူထောင်ရေးဖြစ်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်ခေါင်းဆောင်တွေ ပျိုးထောင်ပေးခဲ့တဲ့ ဒီစိန်ခေါ်ချက်ကိုလည်း မူလ ပင်လုံညီလာခံနဲ့ ပင်လုံစိတ်ဓာတ်ကို၂၁ရာစု ပင်လုံညီလာခံပေါ်ပေါက်ရေးနဲ့ မြှင့်တင်ပေးခဲ့ပါတယ်။ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ ၂၁ ရာစုပင်လုံညီလာခံရဲ့ အသီးအပွင့်တွေကို မကြာမီမြင်တွေ့ခံစားရတော့မှာ ဖြစ်ပါတယ်။”
လက်ရှိ NLD အစိုးရအနေနဲ့ အာဇာနည်ခေါင်းဆောင်ကြီးတွေ စတင်ခဲ့တဲ့ ပင်လုံညီလာခံ သဘောတူညီချက်တွေကို အကောင်အထည် ဖေါ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်နေကြောင်း အာဇာနည်ဗိမာန်မှာကျင်းပတဲ့ အခမ်းအနားကိုတက်ရောက်လာတဲ့ ဒုသမ္မတ ဦးမြင့်ဆွေက ပြောပါတယ်။
“ဒီအချိန်ကတော့ ကျနော်တို့ နိုင်ငံတော်မှာ အမျိုးသားပြန်လည် ရင်ကြားစေ့ရေးနဲ့ ငြိမ်းချမ်းရေးရရှိဖို့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးရဖို့ တည်ဆောက်နေတဲ့အချိန်၊ ဒီအာဇာနည်ခေါင်းဆောင်ကြီးတွေတုန်းကလည်း လုပ်ခဲ့တဲ့ ပင်လုံညီလာခံ ပြန်ပြီးဆောင်ရွက်နေတဲ့ အနေအထားမှာ တိုင်းရင်းသားစည်းလုံးညီညွတ်မှုရရှိပြီးတော့ တနိုင်ငံလုံးငြိမ်းချမ်းရေးရပြီး တိုင်းသူပြည်သူတွေအားလုံးတိုးတက်ဖို့အတွက် ဆောင်ရွက်နေတဲ့အချိန် ဖြစ်ပါတယ်။ ငြိမ်းချမ်းရေးလည်းရမယ်လို့ ကျနော်တို့ ယုံကြည်ပါတယ်။”
အလားတူ အာဇာနည်နေ့အခမ်းအနားကိုတက်ရောက်လာတဲ့ ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့်ကလည်း လွှတ်တော်အနေနဲ့ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးကို ပူးပေါင်း ဆောင်ရွက်နေကြောင်း အခုလိုပြောပါတယ်။
“အမျိုးသား အာဇာနည်ခေါင်းဆောင်ကြီး၊ လွတ်လပ်ရေးဗိသုကာကြီး၊ တပ်မတော်ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကနေပြီးတော့ မူဝါဒချခံတာရှိပါတယ်။ ဘာလဲဆိုတော့ ဒီမိုကရေစီဝါဒသာ လွတ်လပ်ရေးနဲ့ ဆီလျော်တယ်။ ဒီဝါဒသာ ငြိမ်းချမ်းရေးကို အားပေးတယ်လို့ ဒီလို မိန့်မှာခဲ့ပါတယ်။ ဒါကြောင့်မို့လို့ ဒီမိုကရေစီနိုင်ငံတည်ဆောက်ဖို့နဲ့ ပြည်တွင်းငြိမ်းချမ်းရေးရရှိဖို့ နဂိုကတည်းက နိုင်ငံတော်နဲ့ အမျိုးသားအာဇာနည်ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းချမှတ်ခဲ့တဲ့မူဝါဒနဲ့အညီ ကျနော်တို့ ပန်းတိုင်ကိုရောက်ရှိဖို့အတွက် အားလုံး တက်ညီလက်ညီနဲ့ အမျိုးသားရင်ကြားစေ့ရေးကို အခြေခံပြီးတော့ အားလုံးပူးပေါင်းဆောင်ရွက်လျက်ရှိပါတယ်။”
ကျဆုံးသွားတဲ့ အာဇာနည်ခေါင်းဆောင်ကြီး (၉) ဦးထဲက တဦးဖြစ်တဲ့ မန်းဘခိုင်ရဲ့ မြေးဖြစ်သူ လက်ရှိ အမျိုးသားလွှတ်တော်ဥက္ကဌ မန်းဝင်းခိုင်သန်းကလည်း အာဇာနည်နေ့အထိမ်းအမှတ်နဲ့ပတ်သက်လို့ အခုလိုပြောပါတယ်။
“ဖထီးအနေနဲ့ကတော့ ကိုယ့်အဖိုးရဲ့လုပ်ငန်းကို ပြန်ပြီးဆက်ပြီးလုပ်ရတဲ့အတွက်ကြောင့် အများကြီးဝမ်းသာတယ်ပေါ့။ တိုင်းပြည်ကောင်းစားအောင်၊ တိုးတက်အောင် လုပ်ဆောင်သွားဖို့လည်း ရည်မှန်းချက်တွေရှိပါတယ်။ အတတ်နိုင်ဆုံးကြိုးစားသွားမယ်လို့လည်း ပြောကြားလိုပါတယ်။”
မနေ့က ကျရောက်တဲ့ (၆၉)နှစ်မြောက် အာဇာနည်နေ့အခမ်းအနား ထူးခြားချက်အဖြစ်လည်း နှစ်ပေါင်းများစွာ ကွယ်ပျောက်နေခဲ့တဲ့ နိုင်ငံပိုင် ရုပ်သံနဲ့ ရေဒီယိုတွေက သံရှည်ဥသြဆွဲ ပြီး အာဇာနည်ခေါင်းဆောင်ကြီးတွေကို ဂုဏ်ပြုခဲ့သလို တိုင်းနဲ့ပြည်နယ်အနှံအပြားမှာလည်း ပြည်သူလူထုကိုယ်တိုင် အာဇာနည်နေ့ အောင်းမေ့ဖွယ် အခမ်းအနားတွေကို ကျင်းပခဲ့ကြပါတယ်။