သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဇာနည်နေ့အခမ်းအနား NLD ရုံးချုပ်မှာကျင်းပ


အာဇာနည်နေ့ အခမ်းအနားအတွင်း ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောနေစဉ်
အာဇာနည်နေ့ အခမ်းအနားအတွင်း ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောနေစဉ်
အာဇာနည်နေ့ ကျင်းပတယ်ဆိုတာဟာ တိုင်းပြည်အတွင်းမှာ အာဇာနည်စိတ်ဓာတ် ပြန့်ပွားစေချင် လို့၊ မြင့်မြတ်တဲ့စိတ်ကိုအခြေခံတဲ့ သတ္တိရှိသူတွေ ပေါ်ထွက်လာစေဖု့ိအတွက် ဖြစ်တယ်လို့ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ ဒီကနေ့ ရန်ကုန်မြို့၊ ရွှေဂုံတိုင်မှာ ရှိတဲ့ NLD အဖွဲ့ချုပ် ရုံးချုပ်မှာ ကျင်းပတဲ့ အာဇာနည်နေ့အခမ်းအနားအတွင်းမှာ ဒေါ်အောင်ဆန်း စုကြည်က အဲဒီလို ပြောသွားတာပါ။ ဒီကနေ့ ကျရောက်တဲ့ အာဇာနည်နေ့ အခမ်းအနားအကြောင်း အစုံအလင်ကိုတော့ ဘန်ကောက်ရုံးကနေ ဆက်သွယ် စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။
မြင့်မြတ်တဲ့စိတ်ဓာတ်ကို အခြေခံမှ အာဇာနည်စိတ်ဓာတ်လို့ ခေါ်နိုင်မှာပါ။ ...
(ဒေါ်အောင်ဆန်းစုကြည်) ...


ဒီကနေ့ ဇူလိုင်လ ၁၉ ရက်နေ့မှာ ကျရောက်တဲ့ အာဇာနည်နေ့အခမ်းအနားတွေကို ရန်ကုန်မြို့နဲ့ နိုင်ငံ အနှံ့ မြို့တိုင်းလိုလိုမှာ တားဆီး ကန့်သတ်မှုတွေ ရှိနေတဲ့ကြားကပဲ စည်စည်ကားကား ကျင်းပခဲ့ကြ တာပါ။ ရန်ကုန်မြို့ NLD ရုံးချုပ်မှာ ကျင်းပတဲ့ အာဇာနည်နေ့ အခမ်းအနားကိုတော့ လွတ်လပ်ရေး ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးလည်းဖြစ်၊ NLD ဥက္ကဋ္ဌလည်းဖြစ်တဲ့ မြန်မာ့ ဒီမို ကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ပြီး အာဇာနည်နေ့နဲ့ဆိုင်တဲ့ အမှာစကား ပြောကြားခဲ့ပါတယ်။

“ကျမတို့ အာဇာနည်နေ့ကျင်းပတယ်ဆိုတာဟာ အာဇာနည်စိတ်ဓာတ်ကို ကျမတို့နိုင်ငံမှာ ပြန့်ပွားစေ ချင်လို့၊ ဒီလို အာဇာနည်စိတ်ဓာတ် ပြန့်ပွား စေချင်တယ်ဆိုလို့ရှိရင် အာဇာနည်စိတ်ဓာတ်ကို လေးစား တယ်ဆိုတာဟာ ကျမတို့နိုင်ငံမှာ ရှိရမယ်။ အများမလေးစားတဲ့ကိစ္စကို လုပ်ဖို့ဆိုတာဟာ အင်မတန်မှ ခက်ပါတယ်၊ ဒီတော့ အာဇာနည်စိတ်ဓာတ်ဆိုတာ ဘာလဲဆိုရင်တော့ ပြောနိုင်တာတွေက အမျိုးမျိုးပေ့ါနော်။ ကျမအမြင်မှာတော့ အာဇာနည် စိတ်ဓာတ်ကို - အများက မြင်တာတော့ - ဒါ သတ္တိရှိခြင်းနဲ့ဆိုင်တယ်လို့ပဲ မြင်ကြတယ်။ သတ္တိရှိတာကို အာဇာနည်စိတ်ဓာတ်ပေါ့။

ရဲရဲရင့်ရင့်နဲ့ လုပ်ရဲကိုင်ရဲတာကို အာဇာနည်စိတ်ဓာတ်လို့ မြင်ကြတယ်။ ကျမကတော့ ဒီလိုပဲ ကြည့်လို့ မဖြစ်ဘူးပေါ့နော်။ မြင့်မြတ်တဲ့စိတ်ဓာတ်ကို အခြေခံမှ အာဇာနည်စိတ်ဓာတ်လို့ ခေါ်နိုင်မှာပါ။ သတ္တိ ရှိတယ်ဆိုတာလည်း မြင့်မြတ်တဲ့စိတ်ဓာတ်ကို အခြေခံတဲ့ သတ္တိမျိုးဖြစ်ရမှာ။ သတ်ရဲ ဖြတ်ရဲတိုင်း သတ္တိမဟုတ်ပါဘူး။ မြင့်မြတ်တဲ့စိတ်ဓာတ်တွေ ကျမတို့နိုင်ငံမှာ ပွားများအောင်လို့ ကျမတို့ဟာ အာဇာနည်ခေါင်းဆောင်ကြီးတွေကို လေးစားသင့်တယ်၊ အာဇာနည်ခေါင်းဆောင်ကြီးတွေရဲ့ကျေးဇူး ကို မမေ့သင့်ဘူးလို့ ကျမကတော့ ယူဆပါတယ်။”

သူမရဲ့ ဖခင် အာဇာနည်ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနဲ့ ပတ်သက်လို့လည်း ပြန်ပြောင်း အမှတ်ရစရာအဖြစ်နဲ့ ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်း ပြောကြားသွားခဲ့ပါတယ်။

“ဒီနေ့ ဖေဖေနဲ့တကွ ကျန်တဲ့ ကျဆုံးသွားတဲ့ အာဇာနည်ခေါင်းဆောင်ကြီးတွေအကြောင်း ပြောနေ တဲ့နေရာမှာ ဖေဖေကိုယ်တိုင် ပြောသွားတဲ့စကား- သူ့ကိုယ်သူ ပြုပြင်ဖို့ လိုတယ်ပေါ့နော်။ ကျောင်း သားဘဝတုန်းကလို ပုံစံနဲ့သူနေလို့ မရတော့ဘူး။ သူက ကျောင်းသား မဟုတ်တော့ဘူး။ သို့သော်ငြား လည်း အဲဒီတုန်းက ဖေဖေ အင်မတန်ငယ်ပါသေးတယ်။ ၃၂ နှစ်- ဒီ စကားပြောခဲ့တုန်းက ၃၂ နှစ်တောင် မပြည့်သေးပါဘူး။ ဒါပေမဲ့ ဖေဖေကတော့ လူကြီးစိတ် အပြည့်အဝနဲ့ သူဟာ လူကြီး တယောက်ဖြစ်သွားလို့ လူကြီးပီပီနေရမယ်၊ သူ့ရဲ့အားနည်းချက်တွေကို သူ ပြုပြင်ရမယ်၊ တနေ့ထက် တနေ့ တိုင်းပြည်အတွက် ပိုပြီးတော့ အကျိုးရှိအောင်လို့ သူ နေသွားရမယ်ဆိုတာကို လက်ခံသွား တာကြောင့်မို့လို့ ကျမအနေနဲ့ကတော့ ဖေဖေဟာ တကယ့်အာဇာနည်စိတ်ဓာတ်နဲ့ ပြည့်စုံတယ်လို့ ကျမ ဒီလိုပဲ သတ်မှတ်ပါတယ်။ ကျဆုံးသွားရလို့၊ ဒီလို အနစ်နာခံသွားရလို့ အာဇာနည်ရယ်လို့ ကျမက ဒီလို သတ်မှတ်တာမဟုတ်ပါဘူး။ မှန်ကန်တဲ့၊မြင့်မြတ်တဲ့စိတ်ဓာတ်ရှိလို့ အာဇာနည်လို့ ကျမ ကနေပြီးတော့ သတ်မှတ်တာပါ။ ဒါကြောင့်မို့လို့ ကျမတို့ရဲ့နိုင်ငံမှာ အာဇာနည်တွေ အများကြီးမွေးဖွား ရှင်သန်နိုင်ကြပါစေလို့ ကျမအနေနဲ့ ဆန္ဒပြုရင်းနဲ့ နိဂုံးချုပ်ပါတယ်။ ကျေးဇူးတင်ပါတယ်။”

အာဇာနည်နေ့ အခမ်းအနားတွေ ကျင်းပခွင့်မရှိဘူးလို့ အစောပိုင်းမှာ အာဏာပိုင်တွေက မြို့နယ် တချို့မှာ တာဆီးပိတ်ပင်မှုတွေ ရှိခဲ့တာကြောင့် စိုးရိမ် ပူပန်မိပေမယ့်လည်း အားလုံး အထစ်အငေါ့ အမရှိ ပြီးစီသွားတဲ့အတွက် ကျေနပ်အားရမှုရှိတယ်လို့ အာဇာနည်ဗိမ္မာန်မှာ ကိုယ်တိုင် လွမ်းသူ့ပန်းခွေ သွားချခွင့်ရခဲ့တဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုကိုကြီးက ပြောပြပါတယ်။

“ပထမပိုင်းကြားရတာတွေကတော့ ကျနော် နည်းနည်းစိုးရိမ်တယ်ဗျ။ ဘာဖြစ်လို့လဲဆိုတော့ အများပြည်သူနဲ့ ဆိုင်တဲ့ အခမ်းအနား၊ အများပြည်သူနဲ့ ဆိုင်တဲ့နေရာမျိုးမှာ တင်းကျပ် မှုတွေ တော်တော်များတယ်လို့ ကြားရတော့ ကျနော်လည်း စိုးရိမ်တယ်။ ဒါပေမဲ့လို့- ပထမ ပိုင်းတော့ပေါ့ဗျာ-နာရီတို့ ဘောလ်ပဲန်တို့ကအစ အကုန်လုံးထုတ်ခဲ့ရမယ်၊ ထားခဲ့ရမယ်၊ ဖုန်းတွေ-ကင်မရာတွေ အကုန်ထားခဲ့ရမယ်၊ နောက် ပန်းခွေတွေလည်းမချရဘူး- အစရှိ သဖြင့်ပေ့ါဗျာ။ အဲသလိုတွေဖြစ်ပြီး စိုးရိမ်တယ်။ အခု ကျနော်တို့သွားပြီး အလေးပြုတဲ့အချိန်မှာတော့ တော်တော်လေး လွတ်လွတ်လပ်လပ် အလေးပြု ခွင့် ရခဲ့တဲ့အတွက်ကြောင့်ပေါ့လေ-ကျနော်လည်း စိတ်သက်သာရာရတယ်။

တကယ်ကတော့ ပြီးခဲ့တဲ့ 7 July ပွဲမှာတုန်းကလည်း စိုးရိမ်လွန်ပြီးတော့ ပေါ့ဗျာ- လုံခြုံရေး ရှုဒေါင့် ကနေ ကြည့်လေ့ကြည့်ထရှိတဲ့ သဘာဝအတိုင်း တင်းတင်းကျပ်ကျပ် ကိုင်တွယ်တာတွေက အစိုးရရဲ့ ပုံရိပ်ကို အရမ်းထိခိုက် တယ်။ နိုင်ငံတော်ရဲ့ ပုံရိပ်ကိုလည်း ထိခိုက်တယ်။ အခု တော်တော်လေး သက်တောင့်သက်သာရှိရှိနဲ့ အများပြည်သူပါ ဂါရဝပြုနိုင်တဲ့ အခြေအနေကတော့ ဒါကို ကျေးဇူးလည်းတင်ပါတယ်။”

မနက်အစောပိုင်းတုန်းကတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ သူမနေအိမ်မှာပဲ သံဃာတော် ၁၀ ပါးကို ဆွမ်းကပ်လှူခဲ့ပြီး အာဇာနည်ဗိမာန်မှာ မိသားစုအနေနဲ့ လွမ်းသူ့ပန်းခွေ သွားချခဲ့တာပါ။

ဒေါ်အောင်ဆန်းစုကြည်နည်းတူပဲ တခြား အာဇာနည်ကြီးတွေရဲ့ မိသားစုဝင်တွေလည်း အာဇာနည် ဗိမာန်မှာ လွမ်းသူ့ပန်းခွေ လာချခဲ့ကြပေမယ့် အကိုဖြစ်သူ ဦးအောင်ဆန်းဦးကတော့ လူကိုယ်တိုင် တက်ရောက်ခြင်းမရှိဘဲ သူ့မိသားစုကိုယ်စား ပန်းခွေကိုသာ ပေးပို့ခဲ့တယ်လို့ သိရပါတယ်။

နိုင်ငံတော်အခမ်းအနားအဖြစ် ကျင်းပတဲ့ အာဇာနည်နေ့အခမ်းအနားကိုတော့ ဒုသမ္မတ စိုင်းမောက်ခမ်း ဦးဆောင်တက်ရောက်ခဲ့ပြီး ဖိတ်ကြားထားတဲ့ နိုင်ငံရေးပါတီတွေအနက်က NLD ပါတီကိုယ်စား နာယကအဖွဲ့ဝင် ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်ဦးနဲ့ တခြား အဖွဲ့ဝင် ၄ ဦးတို့ တက်ရောက်ကြတယ်လို့ သိရပါတယ်။

အာဇာနည်နေ့ မတိုင်ခင်က အခမ်းအနားတွေ မလုပ်ကြဖို့ အာဏာပိုင်တွေဘက်က တားဆီး ပိတ်ပင် မှုတွေ ရှိခဲ့သလို ဗိုလ်ချုပ် ကြေးရုပ်၊ ဗိုလ်ချုပ် ပန်းခြံရှိတဲ့ နေရာတွေကို မဝင်နိုင်အောင် အစောင့်တွေ ချထားတဲ့အပြင် လွမ်းသူ့ပန်းခွေချတာ၊ ဓာတ်ပုံရိုက်တာတွေ မပြုလုပ်ဖို့လည်း မုံရွာအပါအဝင် နယ်မြို့ အတော်များများမှာ အာဏာပိုင်တွေ တားဆီး ပိတ်ပင်မှုတွေ ပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေ က ပြောပါတယ်ခင်ဗျား။
XS
SM
MD
LG