သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဇာနည်နေ့မှာ စစ်အာဏာသိမ်းမှုဆန့်ကျင်ဆန္ဒပြ


အာဇာနည်နေ့အထိမ်းအမှတ် ရန်ကုန်ဆန္ဒပြပွဲ
အာဇာနည်နေ့အထိမ်းအမှတ် ရန်ကုန်ဆန္ဒပြပွဲ

Zawgyi/Unicode

ဂျူလိုင်လ (၁၉) ရက်နေ့၊ ဒီကနေ့ ကျရောက်တဲ့ ၇၄ နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် ရန်ကုန်နဲ့ မြို့ကြီးတချို့မှာ စစ်အာဏာသိမ်းမှု ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ ပေါ်ပေါက်ခဲ့သလို စစ်ကောင်စီဘက်ကလည်း အစဉ်အလာမပျက် အာဇာနည်နေ့ အခမ်းအနားကို ရန်ကုန် အာဇာနည်ဗိမ္မာန်မှာ ကျင်းပပါတယ်။

အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီး၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကတော့ အာဇာနည်နေ့ အခမ်းအနားကို တက်ရောက်နိုင်ခြင်း မရှိပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ဟာ နေအိမ်အကျယ်ချုပ်နဲ့ နေပြည်တော်မှာ ဖမ်းဆီးခံထားရပြီး စွဲချက်တွေတော်တော်များများနဲ့ တရားရင်ဆိုင်နေရတာပါ။

စစ်အာဏာသိမ်းမှု ဆန့်ကျင်တဲ့ ဆန္ဒပြလှုပ်ရှားမှုတွေကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေဘက်က အင်အားသုံး ဖြိုခွင်းနေပြီး ထောင်နဲ့ချီတဲ့ တက်ကြွလှုပ်ရှားသူတွေ ဖမ်းဆီးခံနေရချိန်၊ Covid-19 တတိယလှိုင်းရဲ့ ကူးစက်မှုကြောင့် လူတွေ ထောင်ချီသေဆုံးနေချိန်မှာ အာဇာနည်နေ့ အခမ်းအနားကို ကျင်းပတာပါ။

အာဇာနည်နေ့အထိမ်းအမှတ် ရန်ကုန်ဆန္ဒပြပွဲ
အာဇာနည်နေ့အထိမ်းအမှတ် ရန်ကုန်ဆန္ဒပြပွဲ

ရောဂါကူးစက်မှုတွေကြား Covid-19 လူနာတွေအတွက် အောက်စီဂျင်ထုတ်ယူရာမှာ စစ်တပ်ဘက်က ကန့်သတ်ပိတ်ပင်တာကို ကန့်ကွက်တဲ့အနေနဲ့ “လွတ်လပ်စွာ အသက်ရှုခွင့်ပေးပါ” ဆိုတဲ့စာတန်းကို ဆန္ဒပြသူတချို့ ကိုင်ဆောင်ခဲ့ကြပါတယ်။ တချို့ကလည်း အာဇာနည်မျိုး သေရိုးမရှိဆိုတဲ့ စာတန်းတွေကို ကိုင်ဆောင်ခဲ့ကြပါတယ်။

၁၉၄၇ ခုနှစ် မြန်မာနိုင်ငံ လွတ်လပ်ရေးမရခင်တနှစ်အလို အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း အပါအဝင် နိုင်ငံ့ခေါင်းဆောင် ၉ဦး ဂျူလိုင်လ (၁၉) ရက်နေ့မှာ လုပ်ကြံခံခဲ့ရတာကြောင့်အဲဒီနေ့ကိုအာဇာနည်နေ့အဖြစ် သတ်မှတ်ပြီး အခမ်းအားတွေ နှစ်စဉ် ကျင်းပခဲ့ကြပါတယ်။ ဒီနှစ်အခမ်းအနားကတော့ နိုင်ငံရေးအခြေအနေအရရော ကိုဗစ်ကူးစက်မှု ကာကွယ်ရေး စည်းမျဉ်းတွေအရကြောင့်ပါ အတတ်နိုင်ဆုံး အကျဉ်းရုံးကျင်းပခဲ့ပါတယ်။

ရန်ကုန်အမေရိကန်သံရုံးကလည်း ဒီကနေ့ကျရောက်တဲ့အာဇာနည်နေ့မှာ နိုင်ငံအတွက်အသက်စွန့်သွားခဲ့တဲ့အာဇာနည်တွေ ကိုးဦးကို ဂုဏ်ပြုကြောင်း သံရုံးဖေ့ဘုတ်စာမျက်နှာကနေ ကြေငြာချက်ထုတ်ပြန်ခဲ့ပါတယ်။

ရန်ကုန် အာဇာနည်ဗိမာန်မှာလုပ်တဲ့ ဒီကနေ့ အခမ်းအနားကိုတော့ စစ်ကောင်စီအကြီးအကဲ ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်မတက်ရောက်ဘဲ စစ်ကောင်စီ သာသနာရေးဝန်ကြီးကပဲ ဦးဆောင်တက်ရောက်ပါတယ်။ ပြီးခဲ့တဲ့ NLD အစိုးရလက်ထက် အာဇာနည်နေ့နိုင်ငံတော်အခမ်းအနားမှာတော့ ဒုသမ္မတအဆင့် ဦးဆောင်တက်ရောက်ပြီး ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်လည်း တက်ရောက်ခဲ့ဖူးပါတယ်။

တိုက်ရိုက် လင့်ခ်

=======

Unicode









#MyanmarMilitaryCoup #MyanmarProtest #VOABurmes

XS
SM
MD
LG