သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဇာနည်နေ့ အခမ်းအနား ရန်ကုန်နဲ့ နယ်မြို့တွေမှာ ကျင်းပ


ဒီကနေ့ကျရောက်တဲ့ အာဇာနည်နေ့ အခမ်းအနားကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင်တွေက မြို့ကြီး တော်တော်များများမှာ ကျင်းပကြပြီး ရန်ကုန်မြို့မှာ ကျင်းပတဲ့ ဒု-ဥက္ကဋ္ဌ ဦးတင်ဦး နေအိမ်က အခမ်းအနားကိုတော့ လူ ၅၀၀ ကျော်လောက် တက်ရောက်ခဲ့ပါတယ်။ အခမ်းအနားအပြီး NLD လူငယ်တွေက အာဇာနည်ကြီးတွေကို သွားရောက် အလေးပြု ပန်းခွေချရာမှာတော့ အာဇာနည်ကုန်းကို ဗိုလ်ချုပ်အောင်ဆန်းပုံပါ တီရှပ်နဲ့ ပင်နီတိုက်ပုံတွေ ဝတ်ခွင့်မပေးဘူးလို့ လူငယ်အဖွဲ့ဝင်တဦးက ပြောပါတယ်။ မြန်မာနိုင်ငံမှာ ဒီကနေ့ ကျင်းပတဲ့ အာဇာနည်နေ့ အခမ်းအနား အကြောင်းတွေကိုတော့ ထိုင်းအခြေစိုက် သတင်းထောက် ကိုမိုးဇော်က စုစည်းတင်ပြထားပါတယ်။

ဒီကနေ့ ရန်ကုန်မြို့ အာဇာနည်ဗိမာန်မှာ ကျင်းပတဲ့ အာဇာနည်နေ့ အခမ်းအနားကို ရန်ကုန်မြို့တော်ဝန် ဗိုလ်မှူးချုပ် အောင်သိန်းလင်းက စစ်အစိုးရဘက်က အဆင့်မြင့်ဆုံး တာဝန်ရှိသူအဖြစ် တက်ရောက် ကျင်းပပါတယ်။ ဒီအခမ်းအနားမှာ အာဇာနည် ခေါင်းဆောင်တွေရဲ့ မိသားစုဝင်တွေ လာရောက် ဂါရဝါပြု လွမ်းသူပန်းခွေ ချကြပေမဲ့ လွတ်လပ်ရေး ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီး ဒေါ်အောင်ဆန်းစုကြည်ကိုတော့ တက်ရောက်လာတာ မတွေ့ရပါဘူး။ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD ပါတီ အဖွဲ့ဝင်တွေကတော့ မြို့ကြီး တော်တော်များများမှာ အာဇာနည်နေ့ အောက်မေ့ဖွယ် အခမ်းအနားတွေ ကျင်းပကြပါတယ်။

ရန်ကုန်မြို့မှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီဝင်တွေက အာဇာနည်နေ့ အခမ်းအနားကို ကျင်းပခဲ့တာကို NLD ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးဝင်းတင်က အခုလို ပြောပါတယ်။

“ကျနော်တို့ အာဇာနည်နေ့ အခမ်းအနားကို ဒု-ဥက္ကဋ္ဌ ဦးတင်ဦးအိမ်မှာ လုပ်တယ်။ ဝါရင့်က သခင်ချန်ထွန်း စကားပြောတယ်၊ ဦးသန်းထွန်း ပြောတယ်၊ ကျနော် ပြောတယ်၊ ဦးတင်ဦး ပြောတယ်ပေါ့ဗျာ။ အာဇာနည်ကြီးတွေနဲ့ ပတ်သက်ပြီး အမှတ်တရတွေ၊ ကျနော်တို့ ရရှိတဲ့ သင်ခန်းစာတွေ ဘာတွေ ပြောကြတာပဲ။ ဒီနေ့ဆိုရင် ဦးတင်ဦးအိမ်မှာ လာကြတာက လူ ၅၀၀ လောက်တောင် ရှိနိုင်တယ်ဗျ။ ဘာလို့လဲဆိုတော့ သူ့ခြံဝင်းအတွင်းက မြေကွက်လပ်ကလည်း အပြည့်ပဲဗျာ။ အိမ်ရှေ့လမ်းပေါ်ဗျာ၊ နောက် ထောက်လှမ်းရေးတွေ စုရပ်တဲ့ နေရာကို ရောက်ကော လူက အပြည့်ပဲဗျ။”

အခမ်းအနား ပြီးဆုံးသွားတဲ့နောက်မှာ NLD လူငယ် ၂၀၀ ကျော်လောက်ဟာ လွမ်းသူ့ပန်းခွေတခုနဲ့ ပန်းခြင်းတခြင်းကို ယူဆောင်သွားပြီး အာဇာနည်ဗိမာန်ကို သွားရောက် အလေးပြုခဲ့ပါတယ်။ ဒီလို သွားရောက် အလေးပြုရာမှာ တွေ့ကြုံရတဲ့ အခြေအနေကိုတော့ ကိုယ်တိုင် တက်ရောက်ခဲ့တဲ့ လူငယ်တယောက်က အခုလို ပြောပါတယ်။

“အဲဒီမှာဗျာ ဗိုလ်ချုပ်အောင်ဆန်း တီရှပ်တွေကို ချွတ်ခိုင်းတယ်ဗျာ၊ ပင်နီတွေကို ချွတ်ခိုင်းတယ်ဗျာ။ ပြီးတော့ ကဗျာစာရွက်တို့ ဘာတို့ အကုန်သိမ်းတယ်ဗျာ။ ဒီနေ့လိုဟာမျိုးက သူတို့ကိုယ်တိုင် ဦးဆောင်ပြီး ခမ်းခမ်းနားနား၊ သိုက်သိုက်မြိုက်မြိုက် လုပ်ရမယ့် အစားဗျာ။ ဒီမှာလာပြီးတော့ ကန်တော့တဲ့၊ ဂါရဝပြုတဲ့၊ ကျေးဇူးတရားကို ဖော်ထုတ်တဲ့ လူတွေကို ဒီလို စိတ်အနှောင့်အယှက်ဖြစ်အောင် လုပ်တာတော့ မကောင်းဘူးပေ့ါဗျာ။ ဗိုလ်ချုပ်ဆိုတာ တိုင်းပြည်ရဲ့ လွတ်လပ်ရေး ဗိသုကာပဲ၊ ဖခင်ပဲဗျ။ အဲတော့ ကန်တော့ချင်တယ်၊ ဂါရဝပြုချင်တယ်။ ဒါလေးတောင်မှ လွတ်လွတ်လပ်လပ် မလုပ်ရဘူးဆိုတော့ မကောင်းဘူးပေါ့ဗျာ။”

သူတို့တွေကို ပန်းခွေချ အလေးပြုခွင့်တော့ ပေးခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီနောက်မှာ လူငယ်အဖွဲ့ဝင်တွေဟာ ဗိုလ်ချုပ်အောင်ဆန်း ပြတိုက်ကို သွားရောက်ရာမှာတော့ ဝင်ခွင့်မရခဲ့ဘူးလို့ ဆိုပါတယ်။ ဒါကြောင့် လူငယ်တွေဟာ ကန်တော်ကြီးက ဗိုလ်ချုပ်ကြေးရုပ်ကို သွားရောက် အလေးပြုခဲ့ကြပါတယ်။

ပဲခူးမြို့မှာတော့ NLD အဖွဲ့ဝင်တွေဟာ အာဇာနည်ကြီးများကို ရည်စူးပြီး သံဃာတော် ၅ ပါးကို ဆွမ်းကပ် အမျှပေးဝေခဲ့သလို ခေါင်းဆောင်ကြီးတွေရဲ့ အတ္ထုပ္ပတ္တိတွေကို နောက်မျိုးဆက်သစ် လူငယ်တွေ အတုယူစေဖို့ ဟောပြောခဲ့ပါတယ်။ ပဲခူးမြို့ အာဏာပိုင်တွေကတော့ အာဇာနည်နေ့ကို အထူးတလည် ဆောင်ရွက်ပေးတာ မရှိဘူးလို့ ပဲခူးမြို့ခံတဦးက ပြောပါတယ်။

“အာဏာပိုင်တွေဘက်က ခမ်းခမ်းနားနား အထူးတလည် ကျင်းပခြင်း မရှိပါဘူး။ အဲဒါဟာ အင်မတန် ဝမ်းနည်းစရာ ကောင်းပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းဆိုတာ ကျနော်တို့ မြန်မာပြည် လွတ်လပ်ရေးရဖို့ ကြိုးပမ်းပေးခဲ့တဲ့ အာဇာနည် ခေါင်းဆောင်လည်းဖြစ်၊ တပ်မတော်ရဲ့ ဖခင်လည်း ဖြစ်တယ်ပေါ့နော။ ဒါပေမဲ့ သူ တိုင်းပြည်အတွက် အလုပ်လုပ်ရင်း သေဆုံးသွားတဲ့နေ့ကို ကျနော်တို့ မြန်မာနိုင်ငံမှာရှိတဲ့ ပြည်သူပြည်သား အားလုံးက နေပြီးတော့မှ သတိတရနဲ့ ကျင်းပနေတဲ့ အချိန်မှာ အစိုးရဘက်ကတော့ ဘာမှ ဦးစားပေး ဆောင်ရွက်ခြင်း မရှိတဲ့အတွက် ကျနော်တို့ ဝမ်းနည်းပါတယ်။”

ဒီနေ့ မနက်ပိုင်းမှာ ပဲခူးမြို့က ဒီမိုကရေစီရေး လှုပ်ရှားသူတွေဟာ ဗိုလ်ချုပ်အောင်ဆန်း ဓာတ်ပုံတွေကို ဈေးအတွင်းမှာ ဖြန့်ဝေခဲ့ကြတယ်လို့ ပြောပါတယ်။

မန္တလေးမြို့မှာလည်း အာဇာနည်ကြီးတွေကို ရည်စူးပြီး အနောက်ပြင် ငါးဆူတိုက်ရှိ သံဃာတော် ၆၁ ပါးကို ဆွမ်းကပ်လှူခဲ့ကြပါတယ်။ အာဇာနည်နေ့ မနက်မှာ မန္တလေးမြို့က NLD အဖွဲ့ဝင် အတော်များများရဲ့ နေအိမ်တွေရှေ့မှာ ဒေါ်အောင်ဆန်းစုကြည်ကို အပုပ်ချထားတဲ့ စာတွေကို အမည်မသိသူတွေက လိုက်လံ ဖြန့်ဝေထားတာ တွေ့ရတယ်လို့ တိုင်းစည်းအဖွဲ့ဝင် ကိုမျိုးနိုင်က ပြောပါတယ်။

မတ္တရာမြို့မှာတော့ မိုးသည်းသည်းမည်းမည်း ရွာနေတဲ့ကြားကနေ သံဃာတော်တွေကို ဆွမ်းကပ်လှူတဲ့ အခမ်းအနားကို ကျင်းပခဲ့တယ်လို့ မတ္တရာမြို့နယ် NLD ဥက္ကဋ္ဌဖြစ်သူ ဦးခင်မောင်သန်းက ပြောပါတယ်။ အသက် ၈၀ ကျော်ပြီဖြစ်တဲ့ ဦးခင်မောင်သန်းက အာဇာနည်နေ့ အခမ်းအနား ကျင်းပတာနဲ့ ပတ်သက်ပြီး သူ့အမြင်ကို အခုလို ပြောပါတယ်။

“အခုခေတ် လူငယ်တွေက လွတ်လပ်ရေး ကြိုးပမ်းမှု သမိုင်းမှာ ကျဆုံးခဲ့တဲ့ ရဲဘော်တွေရဲ့ အနေအထား၊ ခေါင်းဆောင်တဲ့ အနေအထားကို သိတဲ့လူ တော်တော် ရှားရှားပါးပါး ဖြစ်နေပြီ။ ဒါကလည်း သက်ဆိုင်ရာ ပုဂ္ဂိုလ်တွေက ဒီအပေါ်မှာ မှေးမှိန်အောင် လုပ်လာတဲ့အတွက်ကြောင့် ကျနော်က အာဇာနည်နေ့ဆိုတာ မြန်မာ့မြေပေါ်မှာ ပျောက်သွားမှာကိုတောင် တော်တော်ရင်လေးမိပါတယ်ဗျ။ ကျနော့်အသက်အရွယ် ၈၀ ကျော်ပြီ၊ လွတ်လပ်ရေး ကြိုးပမ်းမှုက ဘယ်လောက်ထိ ခက်ခဲတယ်၊ နက်နဲတယ်ဆိုတာ နားလည်သဘောပေါက်ကြတယ်။ အာဇာနည်နေ့ဆိုတာ ဗမာပြည် ရှိနေသမျှ ကာလပတ်လုံး မပျောက်ပျက်အောင် ထိန်းသိမ်းဖို့ ကျနော်တို့မှာ တာဝန်ရှိတယ်လို့ ဒါလေးတော့ ကျနော် ပြောချင်ပါတယ်။”

ဒီလို အာဇာနည်နေ့ အခမ်းအနား ကျင်းပကြတဲ့ အခြားမြို့တွေကတော့ မိတ္ထီလာ၊ ကျောက်ပန်းတောင်း၊ စစ်ကိုင်း၊ စကု၊ ဘိတ် စတဲ့မြို့တွေမှာလည်း ကျင်းပခဲ့ကြတယ်လို့ သိရပါတယ်။

ဒီနေ့ထုတ် မြန်မာအစိုးရ သတင်းစာတွေမှာတော့ ကွယ်လွန်သူ မြန်မာ့လွတ်လပ်ရေး ခေါင်းဆောင်ကြီးတွေနဲ့ ပတ်သက်ပြီး တစုံတရာ ဖော်ပြထားတာ မတွေ့ရပါဘူး။

XS
SM
MD
LG