သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဇာနည်နေ့ ဒု သမ္မတ တက်ရောက်မည်


အာဇာနည်ကုန်း။
အာဇာနည်ကုန်း။

၆၈ နှစ်မြောက် အာဇာနည်နေ့ကို သမ္မတ အစား ဒုတိယသမ္မတ တက်ရောက် မှာဖြစ်ပါတယ်။ အစိုးရပိုင်း ဘက်က ဒုသမ္မတ အပြင် ပြည်ထောင်စု ဝန်ကြီး ၂ဦးနဲ့ ဒုဝန်ကြီး ၁၁ဦးပါ ပါဝင်တက်ရောက်မှာပါ။ တပ်ပိုင်းဆိုင်ရာဘက်က ဒုတိယ ဗိုလ်ချုပ်ကြီး အဆင့် ရှိသူ ၂ဦး တက်ရောက်မယ်လို့ ယဉ်ကျေးမှုဝန်ကြီးဌာန ကပြောပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)အနေနဲ့ကတော့ အရင်နှစ်တွေလိုဘဲ အာဇာနည်ကုန်းမှာ လွမ်းသူ့ပန်းခွေချပြီး ကွယ်လွန်သူတွေ အတွက် ဆွမ်းကပ်သွားမှာပါ။ ဒေါ်အောင်ဆန်းစုကြည်အနေ နဲ့ ရုံးချုပ်မှာ မိန့်ခွန်းပြောဆိုသွားမယ်လို့ NLD ကပြောပါတယ်။ ၆၈ နှစ်မြောက်အာဇာနည်နေ့ကို ဘယ်လိုကျင်းပမလဲဆိုတာကို ဗီအိုအေ မြန်မာပိုင်းကမေခက အခုလို တင်ပြထားပါတယ်။

၆၈ နှစ်မြောက် အာဇာနည်နေ့ကို အစိုးရပိုင်းဘက်မှ သမ္မတ ကိုယ်စား ဒုသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း တက်ရောက်မှာဖြစ်ပြီး ပြည်ထောင်စုဝန်ကြီး ၂ဦးနဲ့ ဒုဝန်ကြီး ၁၁ဦး တို့ တက်ရောက်မှာဖြစ်ပါတယ်။ တပ်ပိုင်းဆိုင်ရာဘက်ကတော့ ဒုတိယ ဗိုလ်ချုပ်ကြီး တဦး၊ ဗိုလ်ချုပ် တ ဦးနဲ့ တိုင်းစစ်ဌာနချုပ်တို့က တက်ရောက်မှာဖြစ် တယ်လို့ ယဉ်ကျေးမှု ဝန်ကြီး ဌာနက တာဝန် ရှိ သူတစ်ဦးကခုလိုပြောပါတယ်။

"ဒုတိယသမ္မတ (၁) ခေါင်းဆောင်ပြီး တက်ပါမယ်။ အစိုးရဘက် ကပေါ့နော်။ နောက်ပြီးတော့ ပြည်ထောင်စု တရားလွှတ်တော်ချုပ် တက်ပါမယ်။ နောက်တော့ အစိုးရအဖွဲ့ဝန်ကြီးနဲ့ ဒုဝန်ကြီးတွေ တက်ဖို့ရှိပါတယ်။ ဝန်ကြီးက သူတို့သတ်မှတ်ပေးထားတာ နှစ်ပါးပါ ခင်ဗျ။ နောက်တခါ ဒုတိယ ဝန်ကြီးတွေက ၁၁ပါး တက်ပါမယ်ခင်ဗျ။ တပ်မတော်ကတော့ ကျနော်တို့ ကစခ(၅) မှူးပေါ့လေ။ ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေနဲ့ စစ်ရေးချုပ် ဗိုလ်ချုပ်စန်းဦး တက်ပါမယ်။"

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)အနေနဲ့ ဇူလိုင် ၁၉ရက်နေ့မှာ ဌာနေရုံးချုပ်မှာ ကျဆုံးသွားတဲ့ ခေါင်း ဆောင်တွေအတွက် ဆွမ်း ဆက်ကပ်သွား မှာဖြစ်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ဌာနရုံးချုပ်မှာ မိန့်ခွန်းပေးဖို့လည်း ရှိကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD)က ဦးညဏ်ဝင်းက အခုလို ပြောပါ တယ်။

" ရုံးမှာပဲ မနက်အာရုဏ် ဘုန်းကြီးတွေ ဆွမ်းကပ်ပါမယ်။ မနက်ပိုင်း ၁၀နာရီ ၃၇မိနစ် ကျဆုံးချိန်မှာ ဥသြဆွဲ အလေးပြု ပါမယ်။ နောက် အာဇာနည်နေ့ အခမ်းအနားကို နေ့ခင်း တနာရီခွဲမှာ ကျင်းပပါမယ်။"

အာဇာနည်နေ့ကို တက်ရောက်ဂါရဝပြုမယ့် အာဇာနည်ကြီးတွေရဲ့ မိသားစုဝင် အရေအတွက် ဟာ အရင်နှစ် တွေကထက် ပိုမိုသိသိသာသာတိုးတက်ခဲ့ကြောင်း အရင်နှစ်က တက်ရောက်ဂါရဝပြုသူ၁၀၀ နီးပါးသာရှိကြောင်း၊ ဒီနှစ်မှာတော့ တက်ရောက် ဂါရဝပြုသူ ၁၅၀နီးပါး ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး အာဇာနည်နေ့ ဖိတ်ကြားရေး တာဝန်ခံအဖွဲ့ကပြောပါတယ်။

ဒီနှစ်မှာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ သားကြီး အောင်ဆန်းဦးကိုယ်တိုင်လည်း တက် ရောက်မှာဖြစ်ပါတယ်။ အခမ်းအနားအရ မနက် ၈နာရီမှာ အာဇာနည်ကြီးတွေ ရဲ့ မိသားစုဝင်တွေနဲ့ ဖိတ်ကြားထားတဲ့ ဧည့်သည်တော်တွေ တက်ရောက် ဂါရဝပြုမှာဖြစ်ပါတယ်။ အများပြည်သူတွေအနေနဲ့ကတော့ နေ့ခင်း ၁၂နာရီကနေ ညနေ ၅နာရီ ထိ အာဇာနည်ကုန်းမှာ ဂါရဝပြုခွင့်ရမှာဖြစ်ပါတယ်။

အာဇာနည်နေ့မှာ ကျဆုံးခေါင်းဆောင်တွေအတွက်ရည်စူးပြီး ရန်ကုန်မြို့တော် ခန်းမမှာ ဆွမ်းကပ်လှုဖို့ရှိပြီး နေပြည်တော်မှာလည်း ကျဆုံးခေါင်းဆောင်တွေ ရည်စူးပြီး ဆွမ်းကပ်လှုမယ်လို့ ယဉ်ကျေးမှုဝန်ကြီးဌာနက တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။အဲဒီနေ့မှာ ဗိုလ်ချုပ် အောင်ဆန်းနဲ့ အာဇာနည် ခေါင်းဆောင်များ လုပ်ကြံခံခဲ့ရသည့် ဝန်ကြီးများရုံး ကို ပြည်သူများ လေ့လာနိုင်ဖို့ ဖွင့်လှစ် ပေးမှာ ဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကထုတ်ပြန်ထားပါတယ်။

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်ကို မြအေးကတော့ အာဇာနည်နေ့ကို ၈၈ကျောင်းသားခေါင်းဆောင်တွေ အနေနဲ့ နှစ်စဉ် ဂါရဝပြုတဲ့ပုံစံအတိုင်း ဂါရဝပြုသွားမှာဖြစ်ကြောင်း၊ လွမ်းသူ့ပန်းခွေချ အလေးပြုသွားမှာဖို့လည်းရှိကြောင်း သူကပြောပါတယ်။

အဲဒီနေ့မှာ အရင်နှစ်တွေလိုဘဲ အာဇာနည်ကုန်းကို လုံခြုံရေး တင်းကျပ်ထား မှာဖြစ်ကြောင်း၊ အများပြည်သူအနေနဲ့ တက်ရောက် ဂါရဝ ပြုလုပ်ပါက လက်ကိုင်အိတ်၊ လက်ဆွဲအိတ်၊ ကင်မရာ၊ လက်ကိုင်ဖုန်းနဲ့ ကြိုတင် စစ်ဆေး ထားတာ မရှိတဲ့ ပန်းခွေ၊ပန်းခြင်းတွေကို ယူဆောင်ခွင့် ပြုမှာမဟုတ်ကြောင်း ရန်ကုန်တိုင်းအစိုးရ ရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့နှစ်ကနေ စတင်ပြီး အာဇာနည်နေ့ကို အစိုးရဘက်ပိုင်းက အလေးထား လုပ်ဆောင်လာခဲ့တာတွေ ရှိလာပါတယ်။ ဒီထဲမှာ အာဇာနည်ခေါင်းဆောင်တဲ့ ဝန်ကြီးများရုံးကို တရားဝင်လေ့လာခွင့်ပေးလာတာတွေပါဝင်သလို ဝမ်းနည်းခြင်း အထိမ်းအမှတ် အနေနဲ့ ခေါင်းဆောင်တွေကျဆုံးချိန်မှာ ဥသြဆွဲ ဂါရဝပြုမှုတွေပြန်လည် လုပ်ဆောင်လာတာတွေရှိပါတယ်။ ဥသြပြန်ဆွဲခွင့်ကိုလည်း တရားဝင်လုပ်ဆောင်ခွင့်ပေးခဲ့ပါတယ်။

ဒီနှစ်မှာ ထူးခြားချက်အနေနဲ့ အာဇာနည်ခေါင်းဆောင်တွေရဲ့ မိသားစုတွေနဲ့ အင်တာဗျူးတွေ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်တာဗျူးတွေကိုကို နိုင်ငံပိုင် သတင်းမီဒီယာ တွေမှာ ထည့်သွင်းဖော်ပြလာခဲ့ပါတယ်။ ဒါပေမယ့် အာဇာနည်နေ့ ဂါရဝပြုတာကိုတော့ မနှစ်ကကော ဒီနှစ်မှာပါ သမ္မတကိုယ်တိုင် တက်ရောက်ခြင်းမရှိဘဲ ဒုတိယသမ္မတဒေါက်တာ စိုင်းမောက်ခမ်းသာ တက်ရောက်ခဲ့ပါတယ်။

XS
SM
MD
LG