သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Maryland မြန်မာမိသားစု သင်္ကြန်ပွဲ


၂၀၁၆ မင်္ဂလာရာမဘုန်းကြီးကျောင်း အတွင်းက မေရီလန်းသင်္ကြန် (ဓာတ်ပုံ- သီရိကျော်ဝင်း-ဖဘ)
၂၀၁၆ မင်္ဂလာရာမဘုန်းကြီးကျောင်း အတွင်းက မေရီလန်းသင်္ကြန် (ဓာတ်ပုံ- သီရိကျော်ဝင်း-ဖဘ)

မြန်မာ့ရိုးရာအတာသင်္ကြန်ကာလမှာ အမေရိကန်ပြည်ထောင်စု၊ ပြည်နယ်အသီးသီးမှာရောက်နေတဲ့ မြန်မာမိသားစုတွေကလည်း အစဉ်အလာမပျက် နှစ်သစ်ကူးပွဲတော်ကို ကျင်းပဆင်နွဲှကြပါတယ်။ ဧပြီလ ၁၂ ရက်နေ့၊ တနင်္ဂနွေနေ့က မေရီလန်းပြည်နယ်၊ မင်္ဂလာရာမ ဘုန်းတော်ကြီးကျောင်းမှာကျင်းပတဲ့ မြန်မာသင်္ကြန်ပွဲမှာတော့ စတုဒီသာကျွေးမွေးပွဲအပါအဝင် သင်္ကြန်အကတွေ၊ ဖျော်ဖြေပွဲတွေနဲ့ စည်စည်ကားကားကျင်းပခဲ့ပုံကို မအင်ကြင်းနိုင်က တင်ပြပေးထားပါတယ်။

မြန်မာနှစ်သစ်ကူး သင်္ကြန်အခါသမယမှာ အမေရိကန်ပြည်ထောင်စုရောက်နေတဲ့ မြန်မာမိသားစုတွေကလည်း ပျော်ပျော်ရွှင်ရွှင်နဲ့ ရိုးရာမပျက် ဆင်နွဲှနေကြပါတယ်။ အခုကျင်းပနေတဲ့သင်္ကြန်ပွဲကို မေရီလန်းပြည်နယ်၊ ဗာဂျီးနီးယားနဲ့ ဝါရှင်တန်ဒီစီတဝိုက်မှာရှိကြတဲ့ မြန်မာမိသားစုတွေလည်း ပါဝင်ဆင်နွဲကြတာကို တွေ့ရပါတယ်။ အခု သင်္ကြန်ပွဲမှာဆိုလို့ရှိရင်လည်း မြန်မာ့ရိုးရာ ယဉ်ကျေးမှုအကတွေ၊ သင်္ကြန်သီချင်းတွေနဲ့ မြန်မာမိသားစုတွေ၊ မြန်မာကလေးတွေကနေ ပျော်ပျော်ရွှင်ရွှင်သီဆိုပြီးတော့ ကပြ ဖျော်ဖြေကြပါတယ်။

“အခုအချိန်မှာဆိုရင်တော့ မြန်မာမှာတောင်မှ ကျမထင်တယ်၊ ဒီလိုမျိုး တကယ့်ယဉ်ကျေးမှုနဲ့တူတဲ့သင်္ကြန်က ရှားနေပြီထင်တယ်နော်၊ ဘာဖြစ်လို့လဲဆိုတော့ မြန်မာနိုင်ငံမှာတော့ အဝတ်အစားကအစ သူတို့က အခု ခေတ်ပေါ်အဝတ်အစားတွေ ဝတ်ကြတာကိုး။ ကျမတို့ ဒီမှာကတော့ တိုင်းတပါးလည်း ရောက်နေလို့လားမသိဘူး။ လာသမျှလူအားလုံးက ဗမာဝတ်စုံကို တော်တော်လေး ဦးစားပေးပြီးဝတ်ကြတာကို တွေ့ပါတယ်။”

သင်္ကြန်ပွဲတော်မှာကိုယ်တိုင် ပါဝင်ဆင်နွဲှတဲ့ စာရေးဆရာမ မေငြိမ်း ပြောပြသွားတာပါ။ မြန်မာတွေရဲ့အလှူဒါနတခုဖြစ်တဲ့ စတုဒီသာကိုလည်း ဒီသင်္ကြန်မှာ လှူဒါန်းကြတာကိုလည်း တွေ့ရပါတယ်။

၂၀၁၆ မင်္ဂလာရာမဘုန်းကြီးကျောင်းအတွင်းက မေရီလန်းသင်္ကြန် (ဓာတ်ပုံ- သီရိကျော်ဝင်း-ဖဘ)
၂၀၁၆ မင်္ဂလာရာမဘုန်းကြီးကျောင်းအတွင်းက မေရီလန်းသင်္ကြန် (ဓာတ်ပုံ- သီရိကျော်ဝင်း-ဖဘ)

“မြန်မာနှစ်သစ်ကူး အတာသင်္ကြန်ပွဲမှာ ကလေးတွေရော၊ နောင်လာနောက်သားကလေးတွေကော၊ မြန်မာအစားအစာဆိုတာသိအောင်ရယ်၊ နောက် အလှူဒါနလုပ်တဲ့သဘောလည်းပါတာပေါ့လေ၊ အဲဒီအတွက် မုံ့လုံးရေပေါ်ကို နှစ်သစ်ကူးတဲ့သင်္ကြန်ပွဲမှာ ကျွေးဖြစ်တာပါ။”

စတုဒီသာအလှူရှင်တဦးဖြစ်တဲ့ ကိုဝင်းနိုင် ပြောသွားတာပါ။ သင်္ကြန်ပွဲလာတဲ့ဧည့်ပရိသတ်တွေဟာ ဘုန်းကြီးကျောင်းအတွက် သဒ္ဒါတရားထက်သန်စွာ လှူဒါန်းခဲ့ကြတယ်လို့လည်း ဂေါပကအဖွဲ့ဝင်တဦးဖြစ်တဲ့ ဦးတင်မောင်သော်က ပြောပါတယ်။

“စလုပ်လာတာတော့ နှစ်ပေါင်း ၃၀ ကျော်ပါပြီ၊ မင်္ဂလာရာမက ၁၉၈၂ ခုက စထောင်တာပေါ့လေ။ တဖြည်းဖြည်းနဲ့ ဗမာလူဦးရေကလည်း များများလာတယ်။ ရောက်စတုန်းကဆိုရင် ဗမာမိသားစုက ၁၆ စုလောက်ပဲရှိတယ်။ အခုတော့ မိသားစုပေါင်း ၆၀၀ လောက်ရှိတယ်။ နှစ်စဉ်နှစ်တိုင်းလည်း လာတဲ့လူလည်းများတယ်၊ ကျနော်တို့ သက်ကြီးပူဇော်ပွဲ၊ ဗမာ့ဓလေ့ထုံးစံပေါ့လေ။ သက်ကြီးပူဇော်ပွဲလည်းလုပ်တယ်။ အလှူငွေတွေလည်း ကျနော်တို့ အများကြီးရပါတယ်။ ရတဲ့အတွက်ကြောင့်မို့လို့လည်း ဒီအဆောက်အဦးတွေကို အကြွေးမတင်ဘဲနဲ့ ကျနော်တို့ ဆောက်နိုင်တာပေါ့လေ။”

ရာသီဥတုကလည်း မြန်မာပြည်နဲ့မကွာတဲ့အတွက်ကြောင့်မို့လို့ ကလေးတွေဟာဆိုလို့ရှိရင်လည်း မြန်မာပြည်ကအတိုင်း ရေတွေနဲ့ ပက်ဖျန်းကစားကြတာ တွေ့ရပါတယ်။ အခုလို ရေခြားမြေခြား တိုင်းတပါးကိုရောက်နေပေမယ့်လည်း မြန်မာမိသားစုတွေကတော့ မြန်မာ့ရိုးရာသင်္ကြန်ကို နှစ်စဉ် ရိုးရာမပျက် ပျော်ပျော်ရွှင်ရွှင် ဆင်နွဲှနေကြပါတယ်ရှင်။

XS
SM
MD
LG