သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယဆိုင်ကလုံး လူ ၃ ဦး သေဆုံး


ဘင်္ဂလားပင်လယ်အောက်ကမ်းခြေမှာ တိုက်ခတ်နေတဲ့ အားပြင်း ဆိုင်ကလုံးမုန်တိုင်း။(အောက်တိုဘာ ၁၂၊ ၂၀၁၄)
ဘင်္ဂလားပင်လယ်အောက်ကမ်းခြေမှာ တိုက်ခတ်နေတဲ့ အားပြင်း ဆိုင်ကလုံးမုန်တိုင်း။(အောက်တိုဘာ ၁၂၊ ၂၀၁၄)

ဘင်္ဂလားပင်လယ်အော်ဖက်က ဝင်လာတဲ့ အင်အားပြင်း Cyclone မုန်တိုင်းဟာ အိန္ဒိယနိုင်ငံအရှေ့ဖက်ကမ်းရိုးတမ်းဖက်ကို ဒီကနေ့ တနင်္ဂနွေနေ့မှာ ဝင်ရောက်တိုက်ခတ်ခဲ့တာမှာ Andhra Pradesh နဲ့ သြရဿပြည်နယ်တွေမှာ သစ်ပင်တွေအမြစ်ကနေ ကျွတ်ထွက်၊ ဓာတ်အားလိုင်းတွေ ပြတ်တောက်ခဲ့ပါတယ်။

အင်မတန်ပြင်းထန်တဲ့မုန်တိုင်းလို့ အိန္ဒိယမိုးလေဝသဌာနက ဖော်ပြပြောဆိုတဲ့ Hudhud ဆိုင်ကလုန်းမုန်တိုင်းဟာ တနာရီလေပြင်းတိုက်နှုန်း မိုင် ၁၂၀ လောက်နဲ့ Andhra Pradesh ပြည်နယ်ထဲက ရေတပ်အခြေစိုက်စခန်းရှိတဲ့ ဗီဆာကာပတ်တ်နမ် (Visakhapatnam) ဆိပ်ကမ်းမြို့ကို ဗဟိုပြုပြီးတိုက်ခတ်ခဲ့တာပါ။ အဲဒီမြို့မှာ အပျက်အစီးအများဆုံးဖြစ်ပြီး ၃ ယောက်ထက်မနည်းသေဆုံးခဲ့ပါတယ်။

မုန်တိုင်းဝင်လာချိန်မှာ သစ်ပင်တွေ အမြစ်ကနေ ကျွတ်ထွက်၊ လေထဲမှာ ပစ္စည်းတွေဝဲပျံနေတာကို တွေ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ မုန်တိုင်းကြောင့် ၆ ပေလောက် အထိ လှိုင်းကြီးနိုင်တဲ့အတွက် ကမ်းရိုးတမ်းဒေသဖက်က မြေနိမ့်ပိုင်းမြို့တွေမှာ
ရေကြီးနိုင်တယ်လို့လည်း အိန္ဒိယ မိုးလေဝသဌာနက သတိပေးထားပါတယ်။

မုန်တိုင်းလမ်းကြောင်းမှာရှိနေတဲ့ ဆိပ်ကမ်းတွေကို ပိတ်ထားပြီး မီးရထားပြေးဆွဲမှုတွေကိုလည်း ရပ်ထားပါတယ်။ မုန်တိုင်းဝင် မလာခင်ကတည်းက အဲဒီပြည်နယ်နှစ်ခုက မုန်တိုင်းဒဏ်သင့်နိုင်သူ ၄ သိန်းနီးပါးကို ကူညီကယ်ဆယ်ရေးတွေက ဘေးလွတ်ရာကို ပြောင်းရွှေ့ပေးထားပါတယ်။

အခုတော့မုန်တိုင်းဟာ အိန္ဒိယနိုင်ငံ အနောက်မြောက်ဖက်ကို ဦးတည်ဆက်သွားနေပြီး အရှိန်လျော့သွားတယ်လို့ မိုးလေဝသ တာဝန်ရှိသူတွေက ပြောပါတယ်။ အိန္ဒိယနိုင်ငံအရှေ့ပိုင်း မြန်မာနိုင်ငံကတော့ မုန်တိုင်းအန္တရာယ် စိုးရိမ်စရာ မရှိပေမဲ့ ခန့်မှန်းချက်တွေအရ
မြန်မာ့ပင်လယ်ပြင်ထဲမှာ လှိုင်းအသင့်အတင့်ကြီးနိုင်ပါတယ်။

XS
SM
MD
LG