သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖိလစ်ပိုင်မုန်တိုင်းဒဏ်သင့်သူ အများစု အကူအညီမရသေး


ဖိလစ်ပိုင်နိုင်ငံမှာ တိုင်ဖုန်းမုန်တိုင်းဒဏ် သင့်သူတွေ အရေးပေါ် အကူအညီတွေ စတင် လက်ခံရရှိနေကြပြီ ဖြစ်ပေမဲ့ မုန်တိုင်းသင့်ပြီး ၅ ရက်ကြာလာတဲ့ အချိန်အထိ အစားအသောက်နဲ့ နေစရာ အခက်အခဲတွေ ကြုံနေကြရတဲ့ ဒုက္ခသည်ပေါင်း ထောင်သောင်းချီပြီး ရှိနေဆဲ ဖြစ်ပါတယ်။

အကူအညီတွေ မရနိုင်ဘဲ ဖြစ်နေရတဲ့အတွက်လည်း မုန်တိုင်းကြောင့် လုံးဝနီးပါး ပျက်စီးသွားတဲ့ Tacloban မြို့အနီးက အစိုးရရဲ့ ဆန်ဂိုဒေါင် တလုံးကို ဒုက္ခသည်တွေ ဝင်ရောက် လုယက်ရာမှာ ပြိုကျပြီး ဒီကနေ့မှာပဲ လူ ၈ ဦး သေဆုံးခဲ့တာပါ။

တိုင်ဖုန်းမုန်တိုင်း Haiyan ပြီးခဲ့တဲ့ သောကြာနေ့မှာ ဝင်ရောက်တိုက်ခတ်ခဲ့ရာက သေဆုံးသူအဖြစ် ဒီကနေ့အထိ အတည်ပြုနိုင်သူ ၂၂၇၅ ယောက် ရှိသွားပြီ ဖြစ်တဲ့အကြောင်းလည်း အစိုးရက ဒီကနေ့ပဲ ကြေညာခဲ့ပါတယ်။

ဒါပေမဲ့လည်း အလှမ်းဝေးတဲ့ နေရာအတော်များများကို မရောက်နိုင်သေးတာကြောင့် အတိအကျ မသိရသေးတဲ့အတွက် တကယ်တမ်းမှာ သေဆုံးသူ အရေအတွက်ဟာ ဒီထက် ပိုများလိမ့်မယ်လို့လည်း ခန့်မှန်းနေကြတာပါ။

လက်လှမ်းမမှီတဲ့ ဒေသတွေမှာ အရေးပေါ် အကူအညီတွေ ပေးအပ်ဖို့ ရဟတ်ယာဉ်တွေ၊ လေယာဉ်တွေနဲ့အတူ အမေရိကန် လေယာဉ်တင်သင်္ဘော USS George Washington နဲ့ နောက်ထပ် သင်္ဘော ၅ စင်းလည်း ဒီကနေ့ပဲ ဖိလစ်ပိုင် နိုင်ငံကို ရောက်လာပါတယ်။ အမေရိကန် သင်္ဘောအုပ်စုကတော့ ကမ္ဘာပေါ်မှာ အင်အားအပြင်းထန်ဆုံး တိုင်ဖုန်းမုန်တိုင်း ဒဏ်ခံခဲ့ရတဲ့ ဒုက္ခသည်တွေအတွက် သောက်ရေသန့် လီတာပေါင်း သန်းနဲ့ချီပြီး နေ့စဉ် ဖြန့်ဝေရာမှာလည်း ဝိုင်းဝန်း ကူညီသွားကြမှာပါ။
XS
SM
MD
LG