သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မောင်တော ရုပ်အလောင်းတွေ တွေ့ရှိမှု စစ်တပ်စုံစမ်းမည်


အင်းဒင်ကျေးရွာ အမည်မသိရုပ်အလောင်း ၁၀ လောင်း ရရှိ (တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး)
အင်းဒင်ကျေးရွာ အမည်မသိရုပ်အလောင်း ၁၀ လောင်း ရရှိ (တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး)

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောဒေသမှာ တွေ့ရှိခဲ့တဲ့ ရုပ် အလောင်းတွေနဲ့ပတ်သက်လို့ လုံခြုံရေးတပ်တွေ ပါဝင်ကျူးလွန် ခဲ့ဲခြင်း ရှိမရှိ စုံစမ်းစစ်ဆေး ပေးဖို့ ဒုဗိုလ်ချုပ်ကြီးအေးဝင်း ဦးဆောင်တဲ့ မြန်မာတပ်မတော် စုံစမ်းစစ်းဆေးရေးအဖွဲ့ကို တာဝန်ပေးလိုက်ကြောင်း မနေ့ ဗုဒ္ဓဟူးနေ့မှာ တပ်မတော်က သတင်းထုတ်ပြန်ခဲ့ပါတယ်။ ရခိုင်ပြည်နယ်မြောက်ပိုင်းပဋိပက္ခနဲ့ ပတ်သက်လို့ လူမျိုးစု ရှင်းလင်းဖယ်ရှားမှုအဖြစ် မြန်မာ စစ်တပ်က ကျူးလွန်ခဲ့တယ်လို့ စွပ်စွဲမှုတွေရှိနေချိန်မှာ စစ်တပ်က စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်မယ့်အပေါ် အယုံအကြည်မရှိကြောင်း HRW လူ့အခွင့်အရေးအဖွဲ့က ပြောကြား လိုက်ပါတယ်။ မအင်ကြင်းနိုင်က အပြည့်အစုံကို ဆက်လက်တင်ပြမှာပါ။

ရခိုင်ပြည်နယ် မောင်တောမြို့နယ် အင်းဒင်ရွာမှာ တနင်္လာနေ့က ရုပ်အလောင်း ၁၀ လောင်း တူးဖော်တွေ့ရှိခဲ့တဲ့ဖြစ်ရပ်ကို စုံစမ်းဖို့ အတွက် ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) က ဒုဗိုလ်ချုပ်ကြီးအေးဝင်းဦးဆောင်တဲ့ အဖွဲ့ဝင် ၅ ဦးပါတပ်မတော် စုံစမ်းစစ်ဆေးရေး အဖွဲ့ ဟာ မနေ့က နေပြည်တော်ကနေ ရခိုင်ပြည်နယ်ကို ထွက်ခွာသွားပါပြီ။

ဒုဗိုလ်ချုပ်ကြီးအေးဝင်းဟာ အရင်ကလည်း ရခိုင်ပြည်နယ်အတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်တွေ လူ့အခွင့်အရေးချိုးဖောက်မှု ရှိ မရှိ စစ်ဆေးဖို့ ဖေဖေါ်ဝါရီလက ဖွဲ့စည်းလိုက်တဲ့ တပ်မတော် စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ဦးဆောင်ခဲ့သူဖြစ်ပါတယ်။ ဒီအဖွဲ့ရဲ့ စစ်ဆေးတွေ့ရှိချက်တွေအရ တပ်မတော်ဟာ ဥပဒေနဲ့အညီ ဆောင်ရွက်ခဲ့ကြောင်းနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ရိုဟင်ဂျာအကြမ်းဖက်အဖွဲ့ကသာ ကျူးလွန်ခဲ့ကြေင်း အောက်တိုဘာလကထုတ်ပြန်တဲ့ တပ်မတော်ရဲ့ အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။

ဒါကြောင့်လည်း အခုလို စစ်တပ်ရဲ့ စုံစမ်းစစ်ဆေးမှုတွေနဲ့ ပတ်သက်လို့ နိုင်ငံတကာ အသိုင်း အဝိုင်းက ယုံကြည်မှုမရှိကြောင်း နယူးရောက်အခြေစိုက် HRW နိုင်ငံတကာ လူ့ အခွင့် အရေးစောင့်ကြည့်ရေးအဖွဲ့ရဲ့ အာရှရေးရာတာဝန်ခံ Brad Adams က ဗွီအိုအေကို ပြောပါတယ်။

“စစ်တပ်ကတော့ သူတို့ သတ်ထားတာဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ ဒီလူတွေ အသတ်ခံရတာဟာ ARSA ရိုဟင်ဂျာအကြမ်းဖက်အဖွဲ့ပဲလို့ ပြောမှာကို ကျနော်တွက်ထား ပါတယ်။ စစ်တပ်ရဲ့ စုံစမ်းစစ်ဆေးမှုတွေကို ကျနော်တို့ အယုံအကြည်မရှိပါဘူး။ အထူး သဖြင့် ဒီရုပ်အလောင်းတွေ တွေ့ရှိတဲ့ သတင်းနဲ့ပတ်သက်လို့ လိုက်လံစုံစမ်းနေတဲ့Reuters သတင်းထောက် နှစ်ယောက်ဖမ်းဆီးခံခဲ့ရသလို သူတို့ကို ဓါတ်ပုံနဲ့ သတင်းအချက် အလက် တွေ ပေးခဲ့တဲ့ရွာက လူတချို့လည်း အဖမ်းခံခဲ့ရပါတယ်။”

Reuters သတင်းထောက်တွေဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ ၂ ဦးဟာ ရခိုင်ပြည် လုံခြုံရေး အခြေအနေတွေနဲ့ဆက်စပ်ပြီး ဒီဇင်ဘာလ ၁၂ ရက်နေ့က ရန်ကုန်မြို့မှာ အဖမ်း ခံရပြီးနောက် အခု ရုပ်အလောင်းတွေ တွေ့ရှိခဲ့တဲ့ မောင်တောမြို့ အင်းဒင်ရွာက ပညာရေး ဝန်ထမ်း ၄ ဦးနဲ့ အရပ်သားတဦးကို ဒီဇင် ဘာ ၁၆ရက်က ရဲတပ်ဖွဲ့က ထပ်မံ ဖမ်းဆီးခဲ့ပါ တယ်။ ပြည်တွင်းသတင်းတချို့မှာတော့ သူတို့အားလုံးဖမ်းဆီးခံရမှုတွေဟာ ဆက်စပ်နေ တယ် လို့ ဖေါ်ပြခဲ့ပေ မယ့် ဗွီအိုအေကတော့ သီးခြားအတည်ပြုနိုင်ခြင်းမရှိခဲ့ပါဘူး။

အခုလို သတင်းထောက်တွေဖမ်းဆီးခံရမှုအပါအဝင် မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် ယန်ဟီလီကို ပြည်တွင်းလာခွင့်မပြုတဲ့ မြန်မာ အရပ်သားအစိုးရရဲ့ လုပ်ရပ်အပေါ်မှာလည်း HRW အနေနဲ့ အတော်လေးစိတ်ပျက်မိတယ်လို့ Brad Adams ကဆိုပါတယ်။

“အခု အခြေအနေတွေကိုကြည့်မယ်ဆိုရင် သတင်းထောက်တွေအဖမ်းခံရမှုမှာ ဒေါ်အောင် ဆန်းစုကြည် ခန့်အပ်ထားတဲ့ သမ္မတရဲ့ ခွင့်ပြုချက်ပါဝင်ခဲ့တာ၊ နောက်ပြီး မြန်မာနိုင်ငံကို လာမယ့် ကုလသမဂ္ဂအထူးကိုယ်စားလှယ်ရဲ့ဗီဇာကို ဒေါ်အောင်ဆန်းစုကြည် ဝန်ကြီးအဖြစ် တာဝန်ယူနေတဲ့ နိုင်ငံခြားရေး ဝန်ကြီးဌာနက ငြင်းပယ်လိုက်တာတွေကိုကြည့်ရင် ပြဿနာ ထဲမှာ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ပါဝင်ပတ်သက်နေသလိုဖြစ်နေပါတယ်။”

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က တနင်္လာနေ့က ထုတ်ပြန်တဲ့ ကြေညာချက် မှာတော့ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ အင်းဒင် ကျေးရွာ သုဿန်မှာ သတ်ဖြတ် မြှုပ်နှံခံထားရတယ်ဆိုသူတွေရဲ့ ရုပ်အလောင်း ၁၀ လောင်းကို ဒီဇင်ဘာလ ၁၈ ရက်နေ့က တူးဖော်ရရှိခဲ့ပြီး ရုပ်အလောင်းတွေ ကိုတော့ ဘယ်သူဘယ်ဝါတွေ ဆိုတာ မသိရသေးတဲ့ အကြောင်းနဲ့ အဖြစ်မှန် ပေါ်ပေါက်အောင် ဆက်လက် စုံစမ်းသွားမယ်လို့လည်း ဖေါ်ပြထား ပါတယ်။

ဒါ့အပြင် အခု ဖြစ်ရပ်မှာ လုံခြုံရေး တပ်ဖွဲ့ဝင်တွေဘက်က ပါဝင် ပတ်သက်မှုရှိရင်လည်း တရားဥပဒေနဲ့အညီ အရေးယူမယ်လို့ တပ်မတော်ရဲ့ကြေညာချက် မှာ ဖေါ်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG