သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မောင်တော နယ်ခြားစောင့်ရဲကင်း တိုက်ခိုက်ခံရ


ရခိုင်ပြည်နယ် မောင်တောမြို့နယ် ဘင်္ဂလားနယ်စပ်အနီး အောင်သပြေကျေးရွာ နယ်ခြားစောင့်ရဲကင်းစခမ်းတခုကို အမည်မသိအဖွဲ့ ကနေ မနေ့ညကနေ ဒီမနက်ပိုင်းအထိ ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ ပစ်ခတ်တိုက်ခိုက်တဲ့ အင်အားနဲ့အခြေအနေကိုကြည့်ပြီး ရခိုင်လက်နက်ကိုင်အဖွဲ့ကလို့ နယ်ခြားစောင့်ရဲတွေကနေခန့်မှန်းကြောင်း နယ် မြေခံလွှတ်တော်ကိုယ်စားလှယ်တွေကပြောပါတယ်။ ဒီအတောအတွင်းချင်းပြည်နယ်ပလက်ဝမြို့နယ် ဘက်မှာလဲ စစ်ဖြစ်ပွါးရာဒေသက နောက်ထပ် ကျးရွာသား(၁၃၀)ခန့် စစ်ဘေးဒဏ်ကြောင့် ဘေးလွတ်ရာကိုပြောင်းရွှေ့လာကြတယ်လို့လဲ အကူညီပေးအဖွဲ့တာဝန်ရှိသူတွေကဆိုပါတယ်။ ရခိုင်ပြည်နယ်ဘက်က နောက်ဆုံးအခြေအနေတွေကို ဗွီအိုအေ ထိုင်းအခြေစိုက်သတင်းထောက် နိုင်ကွန်းအိန် က သတင်း ပေးပို့ထားပါတယ်။

မောင်တောမြို့နယ်မြောက်ပိုင်း အောင်သပြေကျေးရွာအနီး နယ်ခြားစောင့်ရဲကင်းတခုကို မနေ့ညပိုင်းကနေ ဒီကနေ့ ဖေဖေါ်ဝါရီ (၁၄) မနက်ပိုင်းအထိ လက်နက်ကိုင်အဖွဲ့တဖွဲ့ကနေ ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။

ဒီတိုက်ပွဲဖြစ်စဉ်အခြေအနေကိုတော့ မောင်တောမြို့နယ်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလှထွန်း ကျော်ကအခုလိုပြောပါတယ်။

“(၁၃) ရက်နေ့ ည(၁၀) နာရီကနေ စပြီးတော့ဖြစ်တာ မနက်(၄)နာရီလောက်မှ တိုက်ပွဲက ပြီးသွားတယ်တဲ့။ ဒေသခံလူ တွေကျတော့ တိုက်ပွဲဖြစ်ပြီးနောက်ပိုင်းမှာ သူတို့နဲ့ရင်းနှီးရာ ခင်မင်ရာ အဲဒီနယ်ခြားစောင့်တပ်တွေကိုမေးကြည့်တဲ့ သတင်းအရတော့ စပြီးတော့ပစ်လာတာ အောင်သပြေအဝင် အဝင်နားက ကာကင်းပေါ့။ ညညကျမှသွားပြီး ကာကင်း အနေနဲကစောင့်တဲ့ အဲဒီစခန်းကိုလာပစ်တာတဲ့။ အဲဒီစခမ်းကိုလာပစ်တော့ စိုက နယ်မြေရုံးကစခမ်းတွေလဲ လာပြီး အကူရောက်လာကြတာပေါ့။ တိုက်ပွဲကတော့(၆)နာရီ(၇)နာရီလောက်တိုက်ပွဲဖြစ်တာပေါ့။”

ဒီတိုက်ခိုက်တဲ့အဖွဲ့ဟာ ဘယ်အဖွဲ့ကဆိုပြီး အတည်မပြုနိုင်သေးပေမဲ့ တိုက်ခိုက်တဲ့အင်အားနဲ့ အချိန်ကြာမြင့်မှုအပေါ် မူတည်ပြီး နယ်ခြားစောင့်ရဲတွေဘက်ကတော့ AA အဖွဲ့လို့ ယူဆထားကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလှထွန်းကျော်က ပြောပါတယ်။

“အဲဒီမှာတာဝန်ကျနေတဲ့နယ်ခြားစောင့်သူဆီက စုံစမ်းချက်အရတော့ AA လို့တော့ပြောတာဘဲတဲ့။ သူတို့မျက်စိနဲ့ တပ်အပ် မြင်ရတာတော့မဟုတ်ဘူး။ နယ်ခြားစောင့်အနေနဲ့ယူဆတာပေါ့။ ဘာဖြစ်လဲဆိုတော့လက်နက်သံက တော် တော်များများခုခုခံခံနဲ့တိုက်ပွဲဖြစ်တယ်ဆိုတော့ အဲဒီအဖွဲ့ဘဲဖြစ်နိုင်တယ်ဆိုတဲ့ဟာ သုံးသပ်ချက်ပုံစံလောက်ပါ။ ဒါ တိတိကျကျမျက်စနဲ့ မြင်ရတာမဟုတ်ဘူး။”

တိုက်ပွဲဖြစ်တဲ့ နတလရွာဖြစ်တဲ့အောင်သပြေရွာဟာ မောင်တောမြို့နဲ့(၄၅)မိုင်ကွာဝေးသလို နယ်စပ်မှတ်တိုင်(၅၁) (၅၂)အနားမှာ တည်ရှိနေတယ်လို့ ဦးလှထွန်းကျော်က ပြောပါတယ်။

ဒီကနေ့တိုက်ပွဲဖြစ်ပွါးမှုနဲ့ပက်သက်လို့ ရခိုင့်တပ်မတော်ပြန်ကြားရေးဌာနကိုဆက်သွယ်ခဲ့ပေမဲ့ အဆက်အသွယ် မရရှိခဲ့သလို တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ တွဲဘက်အတွင်းရေးမှူးကို ဆက်သွယ်ရာမှာ တိုက်ပွဲဖြစ်စဉ်ကိုမသိရှိဘူးလို့ ပြောဆိုခဲ့ပါတယ်။

မောင်တောခရိုင်ဒုတိယအုပ်ချုပ်ရေးမှူး ဦးရဲထူးကတော့ ဒီမနက်မှာ တိုက်ပွဲဖြစ်ပွါးခဲ့ကြောင်း အတည်ပြုချက်ပေးခဲ့ပေမဲ့ အသေးစိပ်ကိုတော့ပြောဆိုခြင်းမရှိခဲ့ပါဘူး။

“ဖြစ်တယ်ဆိုတာတော့ပကြမ်းဖျင်းဘဲကြားတယ်။ အတိအကျကျတော့ ကျွန်တော်တို့ပြောဖို့က ခက်တယ်။ နယ်ခြား စောင့်တပ်ကိုမေးမှရမယ်။”

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနဲ့နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဘုန်းတင့်ကို ဆက်သွယ်ခဲ့ရာမှာတော့

“အော် အဲတာတော့ ကျွန်တော်လဲ ပြောရအဆင်မပြေဘူးလေ။ ဖုန်းနဲ့ဆိုတော့လေနော။”

ဒီလိုဖြစ်တဲ့တိုက်ပွဲအတွင်း ရဲအရာရှိတဦးကျဆုံးခဲ့တယ်လို့ ဒေသအတွင်းသတင်းတွေမှာ ဖော်ပြထားပေမဲ့ သီးခြား အတည် မပြုနိုင်သေးပါဘူး။

လက်ရှိမောင်တောမြို့နယ် အောင်သပြေကျေးရွာဘက်မှာ တပ်မတော်ဘက်က နယ်မြေရှင်းလင်းရေး လုပ်ဆောင် နေတာကြောင့် သွားလာခွင့်ကို လောလောဆယ် ပိတ်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ဇန္နာဝါရီလ (၂၄) ရက်နေ့မှာ ဘင်္ဂလားဒေ့ရှ်မြန်မာနယ်စပ်၊ မောင်တောမြို့နယ် တောင်ပြိုလက်ဝဲမြောက်ဘက် မိုင်တိုင်အမှတ် BP ၄၁ အနီးမှာ ရှိတဲ့ မြန်မာနယ်ခြားစောင့်ရဲကင်း စခန်းတခု လက်နက်ကြီးနဲ့ပစ်ခတ်တိုက်ခိုက်ခံ ရသလို ပစ်ခတ်တဲ့အဖွဲ့ဟာ ARSA ဘက်က ဖြစ်တယ်လို့ တပ်မတော်ဘက်က ပြောဆိုထားပါတယ်။

ရခိုင်ပြည်နယ်အတွင်း ဇန္နာဝါရီလ (၄)ရက်နေ့က ဘူးသီးတောင်နယ်အစပ် နယ်ခြားစောင့်ရဲကင်း စခန်း လေးခုကို ရခိုင့်တပ်မတော်ဘက်က စီးနင်းတိုက်ခိုက်ခဲ့ပြီးနောက်ပိုင်း မြန်မာ့တပ်မတော်နဲ့ AA တို့အကြား စစ်ရေးပဋိပက္ခ ပိုပြင်းထန်လာနေသလို စစ်ပြေးဒုက္ခသည်တွေလည်း ပိုပြီးများလာနေပါတယ်။

အလားတူ ချင်းပြည်နယ်ဘက်မှာလဲ နှစ်ဖက်တိုက်ပွဲကြောင့် တိုက်ပွဲဖြစ်ပွါးရာဒေသက ကျေးရွာသားတွေ ဒီကနေ့အထိ တိမ်းရှောင်နေရဆဲပါ။

တပ်မတော်နဲ့AAရခိုင်လက်နက်ကိုင်အဖွဲ့တို့တိုက်ပွဲဖြစ်ပွါးရာဒေသ ပလက်ဝမြို့နယ် ခမောင်းဝကျေးရွာဘက်က ရွာသား(၁၃၀)ခန့်ဟာ ပလက်ဝမြို့ကို ဒီကနေ့ရောက်ရှိလာပြီး အထက်မွန်ထောင့်ကျေးရွာနေရာချထား ပေးခဲ့တယ် လို့ ပရဟိတလူငယ်အဖွဲ့တာဝန်ခံ ကိုတင်ထွန်းအောင်ကပြောပါတယ်။

“အခုရောက်တာက ပွတ်စားချောင်းကအိမ်ထောင်စု(၁၃)စု၊ ပြီးရင် ခမောင်းဝရွာနဲ့ သာယာကုန်းရွာက အိမ်ထောင်စု (၃၇)စု စုစုပေါင်းအိမ်ထောင်စု(၅၀)ဟာ ကျွန်တော်တို့ ဒီပလက်ဝအောက်ပိုင်း မွန်ထောက်ရွာမှာ ကျွန်တော်တို့ယာယီ အဲဒီမှာချထားပေးထားတယ်။ လူဦးရေက(၁၃၀)လောက်ရှိမယ်။ တိုက်ပွဲတွေအခုနောက်ပိုင်းတော့မဖြစ်ဘူး။ မဖြစ်ပေမဲ့ အဲဒီမှာ စားဝတ်နေရေးက ဆန်ဆီဝယ်ရတာ တအားအခက်ခဲ ဖြစ်တဲ့အတွက် အဲဒီမှာက တောင်ယာလဲ လုပ်လို့မရဘူး။ နယ်မြေဒေသက မအေးချမ်းတဲ့အတွက် မနေရဲတဲ့အတွက် ဆင်းပြေးလာကြတာ။”

ဒီစစ်ရှောင်တွေအတွက် ပလက်ဝမြို့နယ် ရခိုင်လူငယ်အဖွဲ့နှင့် "တင်ထွန်းအောင် ပရဟိတလူငယ်အဖွဲ့" ပူပေါင်းပြီး ကူညီထောက်ပံ့ဖို့အရေး စီစဉ်နေဆဲလို့သူကဆိုပါတယ်။

ဇန်နဝါရီလဆန်းတုန်းက ပလက်ဝမြို့နယ် ခမောင်းဝနဲ့ကင်းတလင်းကျေးရွာမှာ ဖြစ်ပွါးတဲ့တိုက်ပွဲအပြီး ဒေသခံရွာသား (၂၀၀) ကျော်ဟာ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်ကို တိမ်းရှောင်ခဲ့ပေမဲ့ ဘင်္ဂလားဒေ့ရှ် အစိုးရကနေ ဒုက္ခသည်တွေကို လက်သင့်မခံတာကြောင့် အခုအခါ ဘင်္ဂလား-မြန်မာနယ်စပ်မှာ သောင်တင်နေဆဲ ဖြစ်ပါတယ်။

မြန်မာ့တပ်မတော်နဲ့ ရခိုင်လက်နက်ကိုင်အဖွဲ့AA တို့အကြားတိုက်ပွဲတွေကြောင့် ရခိုင်ပြည်နယ်(၅) မြို့နယ်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်း စစ်ရှောင်ဦးရေ (၇၀၀၀) ကျော် တိုးပွါးလာနေသလို သူတို့ရဲ့စားသောက် နေထိုင်ရေးဟာအခက်ခဲရှိနေတယ်လို့ လူမှုကူညီရေးအဖွဲ့တွေကပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG