သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မောင်တောမြို့နယ်မှာ စိတ်ကြွဆေးပြား ၇ သန်း ဖမ်းဆီးရမိ


မောင်တောမြို့နယ်မှာ စိတ်ကြွဆေးပြား ၇ သန်း ဖမ်းဆီးရမိ (MOI)
မောင်တောမြို့နယ်မှာ စိတ်ကြွဆေးပြား ၇ သန်း ဖမ်းဆီးရမိ (MOI)

ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်းမှာ စိတ်ကြွဆေးပြား ၇သန်းနီးပါး ကာလတန်ဖိုး သန်းပေါင်း တသောင်း ၄ထောင်ကျော်ဖိုးလောက် ဖမ်းဆီးရမိခဲ့ပါတယ်။ ဒါဟာ ရခိုင်ပြည်နယ်အတွင်းမှာ စိတ်ကြွဆေးပြား အများအပြားကို စံချိန်တင်ဖမ်းဆီးရမိခဲ့ဖြစ်ပြီး လောလောဆည်မှာတော့ သံသယရှိသတချို့ကို ဖမ်းဆီးရမိထားပေမယ့် အဓိက သံသယရှိသူတဦးကတော့ လွတ်မြောက်နေဆဲဖြစ်ပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေမြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

မောင်တောမြို့နယ်အတွင်း စိတ်ကြွဆေးပြားအများအပြား ဖမ်းဆီးရမိမှုဟာ တနင်္လာနေ့ ညနေပိုင်းက မတူညီတဲ့နေရာ ၂နေရာကနေ ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ ပထမနေရာက ဖမ်းဆီးရမိမှုက ဆေးပြား ၆သိန်းကျော်နဲ့ ဒုတိယနေရာက ၆ သန်းကျော် ရမိခဲ့တာလည်းဖြစ်ပါတယ်။

ဒီလို ဖမ်းဆီးရမိတာကို မောင်တောခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှုးကြီး ဉာဏ်ဝင်းဦး က အခုလို ပြောပါတယ်။

“မောင်တောမြို့နယ်ထဲက လသာရွာမှာ မွတ်ဆလင်အိမ်ထဲကနေပြီးတော့ အိမ်ထဲမှာရှိတဲ့ အိမ်သာကျင်းထဲမှာ အိမ်သာကိုမသုံးပဲနဲ့ အန်ဝှက်လုပ်ပြီးတော့ ဖွက်ထားတဲ့နေရာကနေ တနေရာရတယ် အဲဒါကတော့ ၆ သိန်း ၈ သောင်း ၂၅၀၀ အပြားပေါ့ ။ ငွေတန်ဖိုးကတော့ သိန်း ၁ သောင်း ၃ ထောင် ၆၀၀ ကျော်ပေါ့။မနေ့တုန်းကပဲ ကျနော်တို့ ၅ နာရီခွဲအချိန်မှာပဲ ၊ နောက်တနေရာကတော့ မောင်တောကနေပြီးတော့ ၃ မိုင်လောက်ဝေးတဲ့ သုံးမိုင်ရွာအနီးမှာ အုတ်သဲ ကျောက်လုပ်ငန်းလုပ်နေတဲ့ ဝင်းတဝင်းရှိတာပေါ့။ အဲဒီဝင်းထဲက အုတ်ပုံမှာ ဖွက်ထားတာပေါ့ ဆာလာအိတ်တွေနဲ့ ဖွက်ထားတာပေါ့၊ ဆာလာအိတ်က ၂၇ အိတ် မှုးယစ်ဆေးဝါးက ၆၂ သိန်း ၃ သောင်းကျော် ပေါ့ ၊ ကာလတန်ဖိုးကတော့ သိန်းပေါင်း ၁ သိန်း ၂ သောင်းကျော်ပေါ့။ အားလုံး မနေ့ကဟာနဲ့ဆိုရင် ၇ သန်းနီးပါးပေါ့၊ ကျပ်ငွေနဲ့ဆိုရင် ကျပ်သိန်းပေါင်း ၁ သိန်း လေးသောင်းနီးပါးပေါ့။”

ပထမဖမ်းဆီးရမိမှုမှာ သံသယရှိသူ အမျိုးသား၂ ဦးနဲ့ အမျိုးသမီး ၁ ဦး၊ ဒုတိယ ဖမ်းဆီးရမိမှုမှာတော့ အုတ်သဲကျောက်ရောင်းဝယ်ရေးတာဝန်ခံနဲ့ ညစောင့်ကို ဖမ်းဆီးထားပေမဲ့ လုပ်ငန်း ပိုင်ရှင်ဖြစ်သူကိုတော့ ဖမ်းဆီးနိုင်တာ မရှိသေးပါဘူး။

ဒုတိယ ဖမ်းဆီးမှုဟာ ဒီလ ၁၇ရက်နေ့က သဲကားတစီးပေါ်ကနေ စိတ်ကြွဆေးပြား ၆သိန်း၈သောင်းကျော် ဖမ်းဆီးရမိခဲ့တာနဲ့ ဆက်စပ်ပြီး အုတ်သဲကျောက်ထားရာ ခြံဝင်းအတွင်းကို ထပ်မံရှာဖွေဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

ဒီဖမ်းဆီးရမိတဲ့ စိတ်ကြွဆေးပြားတွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ပို့ဆောင်ဖို့ ဖြစ်နိုင်ကြောင်းလည်း ဒုတိယရဲမှုးကြီး ဉာဏ်ဝင်းဦး က သုံးသပ်ပါတယ်။

ရခိုင်အမျိုးသားပါတီ ANP ရဲ့ မောင်တောမြို့နယ် ဥက္ကဌ ဦးဘရွှေကတော့ ရခိုင်ပြည်နယ်အတွင်းမှာ စိတ်ကြွဆေးပြားဖမ်းဆီးရမိတာတွေဟာ မကြာခနဖြစ်ပွားနေပြီး ဆေးသုံးစွဲသူ လူငယ်တွေလည်း များပြားလာနေတယ်လို့ ပြောပါတယ်။

“ဒီမှာအဲလိုပေါ့ တော်တော်လေးကို မြင့်မားနေပါတယ်။ မူးယစ်ဆေးဝါး အရောင်းအဝယ်ကတော့ ၊ လူငယ်တွေလည်း အကုန်ပျက်စီး အဲဒီလိုဖြစ်နေ ကြတယ်။ သုံးစွဲတာ လူငယ်တွေများပါတယ်။ ရခိုင်ပြည်နယ် တခုလုံးပျံနှံ့နေတယ် လို့ပြောလို့ရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပြင်ပဘက်ကလာတဲ့ဟာတွေက ရခိုင်ပြည်နယ်ကို ဖြတ်ပြီးလာရတာကို။ ကြာလာရင်တော့ ဒီအတိုင်း ပစ်စလက်ခတ် ထားမယ်ဆိုရင်တော့ စိုးရိမ်စရာအခြေအနေပါ။ ဒါတွေကို သေသေချာချာ လုပ်ကိုင်တဲ့သူတွေကို အရေးယူဖော်ထုတ် ဖမ်းဆီး လုပ်ရင်တော့ တဖြေးဖြေး ပပျောက်သွားမယ်လို့ ထင်ပါတယ်။”

ဒေသခံတွေကတော့ စိတ်ကြွဆေးပြားတွေဟာ ဘူးသီးတောင်- မောင်တောလမ်း နဲ့ ရေလမ်းကနေတဆင့် တဖက်နိုင်ငံကို တင်သွင်းနေတယ်လို့ လည်း ပြောကြ ပါတယ်။

ပြီးခဲ့တဲ့နှစ် ဇူလိုင်လ ၂၆ရက်နေ့က မင်္ဂလာဒုံမြို့နယ် ဇေကမ္ဘာဝင်းအတွင်းမှ ရပ်ထားတဲ့ ကွန်တိန်နာကားအတွင်းကနေ စိတ်ကြွဆေးပြား ၂၆သန်းကျော် ဖမ်းဆီးရမိခဲ့ပြီး ဒါဟာ မြန်မာနိုင်ငံမှာ အများဆုံးဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။ ဒီဖမ်းဆီးရမိတဲ့ စိတ်ကြွဆေးပြားတွေဟာ ကုလားတန်မြစ်ဝှမ်းဒေသ ဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီနဲ့ ဆက်စပ်နေတယ်လို့လည်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။

UNODC ( ခေါ် ) ကုလသမဂ္ဂရာဇဝတ်မှုနဲ့ မူးယစ်ဆေးဝါးနှိမ်နင်းရေး အဖွဲ့ကတော့ မြန်မာနိုင်ငံဟာ အရှေ့တောင် အာရှမှာ စိတ်ကြွဆေးဝါးတွေ အများဆုံး ထုတ်လုပ်တဲ့နိုင်ငံဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG