သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ILO အုပ်ချုု ပ်ရေး အဖွဲ့ဝင်အဖြစ် ဦးမောင်မောင် ရွေးချယ်ခံရ


၂၀၁၄ ကနေ ၂၀၁၇ နှစ် သုံးနှစ်တာ သက်တမ်းအတွက် ILO အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ချုပ်ရဲ့ အုပ်ချုပ်ရေးအဖွဲ့ ရွေးချယ်မှုမှာ တွဲဖက်ကိုယ်စားလှယ် အဖွဲ့ဝင်တဦးအဖြစ် မြန်မာနိုင်ငံက အလုပ်သမားရေးလှုပ်ရှားသူ ဦးမောင်မောင်လည်း ရွေးချယ်ခံခဲ့ရပါတယ်။

ILO အုပ်ချုပ်ရေးအဖွဲ့အတွက် အစိုးရကိုယ်စားပြုအဖွဲ့၊ အလုပ်သမားကိုယ်စားပြုအဖွဲ့၊ အလုပ်ရှင်ကိုယ်စားပြုအဖွဲ့ဆိုပြီး သုံးအုပ်စုထဲမှာ ဦးမောင်မောင်ဟာ အလုပ်သမားအုပ်စုအတွက် တွဲဖက်ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံရတာပါ။ အလုပ်သမားအုပ်စုဖက်ကဆိုရင် အမြဲတမ်းကိုယ်စားလှယ် ၁၄ ဦး၊ တွဲဖက်ကိုယ်စားလှယ် ၁၉ ဦးကို ILO အုပ်ချုပ်ရေးအဖွဲ့အတွက် သုံးနှစ်သက်တမ်း ရွေးချယ်ခဲ့ကြတာ ဖြစ်ပါတယ်။

ဇွန်လ ၂ ရက်နေ့က ပြုလုပ်ခဲ့တဲ့ ILC နိုင်ငံတကာအလုပ်သမားညီလာခံကနေ အလုပ်ရှင်၊ အလုပ်သမား၊ အစိုးရ သုံးပွင့်ဆိုင်ပါဝင်တဲ့ ILO အုပ်ချုပ်ရေးအဖွဲ့ ကိုယ်စားလှယ်တွေကို ရွေးချယ်ခဲ့တာပါ။ ဦးမောင်မောင်ဟာ FTUB မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူးအဖြစ် တာဝန်ယူခဲ့ပြီး မြန်မာနိုင်ငံအတွင်း အဓမ္မလုပ်အားပေးခိုင်းစေမှု၊ ကလေးစစ်သားအသုံးပြုမှု စတဲ့ အကြောင်းရပ်တွေနဲ့ အရင် မြန်မာစစ်အစိုးရကို ILO အနေနဲ့ အရေးယူနိုင်ရေး ဦးဆောင်လှုပ်ရှားခဲ့သူဖြစ်ပါတယ်။

မြန်မာနိုင်ငံ အပြောင်းအလဲတွေဖြစ်ပြီးတဲ့နောက် ဦးမောင်မောင်ဟာ မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိခဲ့သလို FTUB ကိုလည်း FTUM မြန်မာအဖြစ် ပြောင်းလဲ သတ်မှတ်ခဲ့ပါတယ်။

ILO အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ချုပ်သမိုင်းကြောင်း ကြည့်ရင်တော့ မြန်မာနိုင်ငံအနေနဲ့ ၁၉၆၁ ခုနှစ်တုန်းက နိုင်ငံတကာ အလုပ်သမားညီလာခံ သဘာပတိအဖြစ် တာဝန်ယူခဲ့ဖူးတာ ရှိပါတယ်။ ၄၅ ကြိမ်မြောက် ဂျနီဗာမှာ ကျင်းပတဲ့ နိုင်ငံတကာ အလုပ်သမားညီလာခံရဲ့သဘာပတိအဖြစ် အဲဒီအချိန် မြန်မာအစိုးရအလုပ်သမားရေးဝန်ကြီး တာဝန်ယူနေတဲ့ ဦးရာရှစ်ကို ရွေးချယ်ခဲ့တာပါ။ အဲဒီ ညီလာခံကို နိုင်ငံပေါင်း ၁၀၀ နီးပါးက ကိုယ်စားလှယ် ၁,၀၀၀ ကျော်တတ်ရောက်ခဲ့ပါတယ်။ နှစ်စဉ်ကျင်းပတဲ့ နိုင်ငံတကာ အလုပ်သမား ညီလာခံဟာ ILO အတွက် မူဝါဒဆိုင်ရာ လုပ်ငန်းစီမံမှုတွေ အုပ်ချုပ်ရေးအဖွဲ့ ရွေးချယ်မှုတွေကို ဆုံးဖြတ်အတည်ပြုပေးလေ့ရှိပါတယ်။
XS
SM
MD
LG