သုံးရလွယ်ကူစေသည့် Link များ

ပြည်ဝင်ခွင့် ငြင်းပယ်ခံရပြီး ပြည်တော်ပြန်ခဲ့ရသူ မြန်မာနိုင်ငံဖွား အမေရိကန်နိုင်ငံသား ဦးမောင်မောင်ဝမ်း မကြာခင် ရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို ပြန်သွားဖို့ ပြင်ဆင်နေပါတယ်။ ပြီးခဲ့တဲ့ အစိုးရလက်ထက်က ပြည်ဝင်ခွင့်ဆိုင်ရာ သတ်မှတ်ချက်တွေ ချိုးဖောက်မှုနဲ့ ပြည်နှင်ဒဏ် ပေးခံခဲ့ရဖူးသူ ဦးမောင်မောင်ဝမ်းကတော့ မြန်မာနိုင်ငံရဲ့ ဥပဒေတွေအတိုင်း လေးစားလိုက်နာမယ်လို့လည်း ပြောဆို လိုက်ပါတယ်။ ဦးမောင်မောင်ဝမ်းကို ဘာကြောင့် ပြည်ဝင်ခွင့် ပိတ်ပင်ခဲ့ပြီးမှ ပြန်လည် ခွင့်ပြုခဲ့ရလဲ ဆိုတာကိုတော့ မသိင်္ဂီထိုက်က စုစည်း တင်ပြထားပါတယ်။

မြန်မာနိုင်ငံဖွား အမေရိကန်နိုင်ငံသား ဦးမောင်မောင်ဝမ်းကို မြန်မာနိုင်ငံတွင်း ၀င်ရောက်ခွင့် ငြင်းပယ်ခံရတာကြောင့် ရန်ကုန်လေဆိပ်ကနေ အမေရိကန်ပြည်ထောင်စုကို လှည့်ပြန်ခဲ့ရတာပါ။ ဒီလို လှည့်ပြန်ခဲ့ရပြီး မကြာခင်မှာပဲ မြန်မာအာဏာပိုင်တို့က ပြည်ဝင်ခွင့် ပြန်ပေးလိုက်တာကြောင့် ဒီရက်ပိုင်းမှာပဲ မြန်မာနိုင်ငံကို သွားရောက်ပါမယ်လို့ ဦးမောင်မောင်ဝမ်းက ပြောပါတယ်။

“မကြာခင်ရက်ပိုင်းအတွင်းမှာပဲ ကျနော်သွားဖို့ ကြိုးစားနေပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပြည်တွင်းက ကြိုးစားပေးနေတဲ့ ကျနော့်ရဲ့ ရဲဘော်ရဲဘက်တွေ သူငယ်ချင်းတွေကိုလည်း အားနာတယ်။ ကျနော်ကတော့ အရမ်း ပင်ပန်းလွန်းအားကြီးပြီး စိတ်လည်း နည်းနည်းတော့ ပျက်သွားတာ ပါတာပေါ့နော်။ ဆိုတော့ကာ ဒေါ်အောင်ဆန်းစုကြည်ကလည်း အခုလို ခွင့်ပြုတယ်၊ နောက်တခုက ရန်ကုန်တိုင်းဝန်ကြီး ကျနော်တို့ရဲ့ ရဲဘော်ရဲဘက်ပေါ့နော် ကိုဖြိုးမင်းသိန်းကလည်း ကြိုးစားပေးတယ်ဆိုတော့ ကျနော့်အနေနဲ့ မကြာခင်ရက်ပိုင်းအတွင်းမှာပဲ ပြန်သွားဖို့ အစီအစဉ်ရှိပါတယ်။ ကျနော်က အရင်တခေါက်တုန်းက သက်ဆိုင်ရာ လ၀က လူကြီးကပြောတာ၊ social visa နဲ့ ဒီလိုမျိုး ဟောပြောပို့ချလို့ မရဘူးဆိုတော့ ကျနော် ဒီတခေါက်သွားတဲ့အခါမှာ business visa လျှောက်ပါတယ်။ Business visa လျှောက်လိုက်တဲ့အခါမှာ ဒီဗီဇာက တရားဝင်ခွင့်ပြုထားတဲ့ နေရာတွေတိုင်းမှာ ကျနော်တို့က ဟောပြောပို့ချလို့ရတယ် ဆိုတဲ့ဟာမျိုး ပြောတဲ့အခါကျတော့ သက်ဆိုင်ရာ လ၀ကအရာရှိတယောက်ကို ကျနော်လှမ်းမေးတော့ အဲ့လိုပြောတယ်ပေါ့နော်။ ဒါကြောင့် ကျနော့်ဘက်ကလည်း ဥပဒေနဲ့အညီ အကုန်လုံးကို လုပ်သင့်လုပ်ထိုက်တာ လုပ်ပါတယ်။ တကယ်လို့ ကျနော် ပြည်တွင်းကို ၀င်ခွင့်ရလို့ ဒီကိစ္စတွေဟာ ဥပဒေနဲ့ မညီဘူးဆိုရင်လည်း ကျနော်က မညီတဲ့ဟာ မလုပ်ပါဘူး။”

ပြည်ဝင်ခွင့် မပေးခဲ့တဲ့ အခြေအနေကိုလည်း ဦးမောင်မောင်ဝမ်းက အခုလို ပြောပါတယ်။

“ကျနော်ကလေ မြန်မာပြည်ကို မ၀င်ခင်ကတည်းက အတိုင်းပဲပေါ့ အမေရိကန်မှာရှိတဲ့ မြန်မာသံရုံးဆီကနေ ဗီဇာ ကျနော်လျှောက်ပါတယ်။ လျှောက်တဲ့အခါမှာ ရပါတယ်။ အဲဒီဗီဇာနဲ့ ကျနော် မြန်မာနိုင်ငံကို ၀င်သွားတယ်ပေါ့နော်။ ၀င်တယ်ဆိုတာ ဟိုလည်းရောက်ရော ကျနော့်ကို အဲဒီမှာ လ၀ကအရာရှိ လုပ်တဲ့သူကပေါ့နော် ကျနော် ၂၀၁၄ ခုနှစ် သွားတုန်းက ဗီဇာချိုးဖောက်မှုဆိုတဲ့ ပြစ်မှုနဲ့ ကျနော့်ကို Black List စာရင်းသွင်းထားတယ်တဲ့။ ဒါကြောင့် Black List စာရင်းသွင်းထားတဲ့သူဆိုရင် ပေးမ၀င်နိုင်ဘူးဆိုပြီးတော့ ကျနော့်ကို ချက်ခြင်း ပြန်ပို့တာပေါ့နော်။”

ဦးသိန်းစိန် အစိုးရလက်ထက် ၂၀၁၄ ခုနှစ်တုန်းက လူမှုရေး ပြည်ဝင်ခွင့်နဲ့ မြန်မာနိုင်ငံကို သွားရောက်ခဲ့စဉ်အတွင်း ဗီဇာစည်းကမ်းချိုးဖောက်မှုနဲ့ ဦးမောင်မောင်ဝမ်းကို ပြည်နှင်ဒဏ်ပေးခဲ့ဖူးတာ ဖြစ်ပါတယ်။

“တကယ်တမ်းက အရေးယူဆောင်ရွက်တာက စာသင်ကြားခွင့်မရှိဘဲနဲ့ သင်ကြားလို့ဆိုပြီးတော့ အရေးယူဆောင်ရွက်တာ။ ဒါပေမဲ့ နောက်ပိုင်း သတင်းထုတ်ပြန်တာတွေ ဘာတွေကျတော့ ဗီဇာရက်ကျော်သွားလို့ဆိုပြီး သူတို့က အရေးယူဆောင်ရွက်တာပေါ့နော်။ ကျနော် အဲဒီမှာနေလို့ ကျော်သွားတာကလည်း လေးရက်မြောက်ပေါ့။ တကယ်တမ်းကျတော့ ပြောမယ်ဆိုရင် ၃ ရက်မြောက်လို့ပဲ ပြောလို့ရပါတယ်။ ဘာလို့လဲဆိုတော့ နောက်ဆုံးရက်က ဖမ်းပြီးတော့ ပို့တာပေါ့နော်။ ရက်လွန်ကြေးလည်း တနေ့ကို ၃ ဒေါ်လာနှုန်းနဲ့ ၁၂ ဒေါ်လာ ပေးခဲ့ရတယ်။ ကျနော်လည်း အများနည်းတူပေါ့ဗျာ။ အေးအေးဆေးဆေး ဖြစ်လိမ့်မယ်လို့ ထင်တာပေါ့။ တကယ်တမ်းကျတော့ လူမုန်းရင် မူသုံးတယ်၊ လူခင်ရင် မူပြင်တဲ့ပုံစံနဲ့ လုပ်သွားတာပါ အဲဒီတုန်းက။ တဆက်တည်းမှာ အဲဒီလေဆိပ်မှာရှိနေတဲ့ အကြီးဆုံးအရာရှိက ကျနော့်ကို ပြောပါတယ်။ ဘာပြောလဲဆိုတော့ ကျနော့်ရဲ့ ပတ်စ်ပို့ပေါ်မှာ Black List သဘော မဟုတ်ဘူးပေါ့ဗျာ။ ပြန်ဝင်မယ်ဆိုရင် ၀င်လာလို့ရပါတယ်။ အဲဒီတံဆိပ်တုံး ထုပေးထားတာ မဟုတ်ဘူးဆိုပြီး သူက ကျနော့်ကို အတိအလင်းပြောတယ်ပေါ့။ သက်သေသက်ကာရတွေလည်း ရှိပါတယ်။”

ဦးမောင်မောင်ဝမ်းကို ပြည်ဝင်ခွင့် မပေးခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာနရဲ့ ညွှန်ကြားရေးမှူး ဦးရဲထွန်းဦးက အခုလို ပြောပါတယ်။

“သူက ဒီလိုလေ ကျနော်တို့ဆီက စာရင်းသွင်းထားတာတွေအားလုံးက စာရင်းသွင်းထားတဲ့ သက်ဆိုင်ရာဝန်ကြီးဌာနက ဖျက်မှ၊ သူက ပျက်မှ ၀င်ခွင့်ပေးလို့ရတာ။ သမ္မတဦးသိန်းစိန် လက်မှတ်တော့ မဟုတ်ပါဘူး။ ပြည်နှင်ဒဏ်ပေးတာ အရင်ဝန်ကြီးတွေ လက်မှတ်နဲ့ပဲ ပေးတာပါ။ သမ္မတအဆင့် မလိုပါဘူး အဲဒါ။ သမ္မတက လွှဲပြောင်းအာဏာပေးထားတဲ့ လူဆို သူက အဲ့လိုပေးလို့ရပါတယ်။ ကျနော်တို့ Immigration ကတော့ ကျနော်တို့ကိုလာပြီးတော့ သွင်းပေးပါ။ ဒီလူကိုတော့ တားဆီးပေးပါ။ ဒီနိုင်ငံခြားသားကိုတော့ တားဆီးပေးပါ။ ဒီမြန်မာနိုင်ငံသားကိုတော့ ၀င်ခွင့်မပေးပါနဲ့။ သူတို့ရဲ့ သက်ဆိုင်ရာ case တွေ ဖြစ်ခဲ့တာတွေရှိမှာပေါ့ဗျာ။ ကာယကံရှင်တွေတိုင်းမှာပေါ့လေ။ ကျနော်တို့ကတော့ ထုတ်ဖော်ပြောကြားခြင်းမရှိသလို သူတို့သက်ဆိုင်ရာဝန်ကြီးဌာနက ကျနော်တို့ကို လာပေးထားရင် ကျနော်တို့က စာရင်းတွေ သွင်းပေးထားတယ်။”

အမေရိကန်နိုင်ငံဆိုင်ရာ မြန်မာသံရုံးက ဦးမောင်မောင်ဝမ်းကို တရားဝင် ပြည်ဝင်ခွင့်ဗီဇာ ထုတ်ပေးခဲ့ပြီး မြန်မာနိုင်ငံကိုရောက်ခါမှ လှည့်ပြန်ခဲ့ရတဲ့အတွက် ဝေဖန်မှုတွေလည်း ကျယ်ကျယ်ပြန့်ပြန့် ထွက်ခဲ့တာပါ။ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ၀န်ကြီးဌာနဘက်ကတော့ အမည်မည်းစာရင်း - Black List ထဲကနေ ပုဂ္ဂိုလ်တချို့ကို သြဂုတ်လ ၂ ရက်နေ့မှာ တရားဝင် ဖြေလျှော့ပေးခဲ့တာမှာ ဦးမောင်မောင်ဝမ်း ပါဝင်တယ်လို့ တရားဝင် ပြောဆိုထားပါတယ်။

XS
SM
MD
LG