သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မောင်တောရဲကင်းတိုက်ခိုက်မှု ARSA အဖွဲ့လက်ချက်ဖြစ်နိုင်ခြေများဟု တပ်မတော်သုံးသပ်


ရခိုင်ပြည်နယ်၊ မောင်တောခရိုင် နယ်မြေ (၅) ရဲကင်းစခန်း တိုက်ခိုက်ခံရသည့် ကာလာဒေးဗတ်တံတား နေရာ။ (ဓာတ်ပုံ-MOI)
ရခိုင်ပြည်နယ်၊ မောင်တောခရိုင် နယ်မြေ (၅) ရဲကင်းစခန်း တိုက်ခိုက်ခံရသည့် ကာလာဒေးဗတ်တံတား နေရာ။ (ဓာတ်ပုံ-MOI)

မနေ့က ရခိုင်ပြည်နယ်မောင်တောမြို့နယ်က အမှတ် (၅) နယ်ခြားစောင့်ရဲတပ်ဖွဲ့ ရဲကင်း အဖွဲ့ကို တိုက်ခိုက်တာဟာ ရခိုင့်တပ်မတော် AAနဲ့ ARSA အဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်တယ် လို့ တပ်မတော်ပိုင်သတင်းစာကနေ ထုတ်ပြန်တဲ့အပေါ် ရခိုင်လက်နက်ကိုင် AA ဘက်က ငြင်းဆိုခဲ့ပါတယ်။ တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့တာဝန်ရှိသူတွေကတော့ ARSA အဖွဲ့ ဖြစ်နိုင်ခြေများတယ်လို့လည်း ပြောဆိုပါတယ်။ ဒီအကြောင်းကိုတော့ ဗွီအိုအေထိုင်းအခြေစိုက် သတင်းထောက် နိုင်ကွန်းအိန်ကနေသတင်းပေးပို့ထားပါတယ်။

ရခိုင်ပြည်နယ်မောင်တောမြို့နယ် နယ်မြေအမှတ်(၁) အောင်သပြေကျေးရွာအုပ်စု ကာလာဒေးဗတ်ကျေးရွာအနီး အမှတ် (၅) နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ တပ်စိတ်တစိတ်ကနေ ကင်းပုန်းဝပ်နေချိန် ဖေဖေါ်ဝါရီ (၁၄) ရက်နေ့မှာ ရခိုင့် တပ်မတော် AA နဲ့ အာရကန် ရိုဟင်ဂျာလွတ်မြောက်ရေးအဖွဲ့ ARSA ပူးပေါင်းအဖွဲ့တို့ကနေ လာရောက်တိုက်ခိုက်ခဲ့တယ် လို့ တပ်မတော်ပိုင်မြဝတီသတင်းစာကနေ ဖေါ်ပြထားပါတယ်။

မနေ့က မောင်တောမြို့နယ် နယ်ခြားစောင့်ရဲကင်းစခန်း တိုက်ခိုက်ခံရမှုဖြစ်စဉ်နဲ့ ပက်သက် လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ တွဲဘက် အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဗွီအိုအေကို အခုလိုပြောပါတယ်။

“နယ်မြေလုံခြုံရေးဆောင်ရွက်နေတဲ့ နယ်ခြားစောင့်ရဲတပ်ဖွဲ့ပေါ့လေ။ အဲဒီမှာတော့ AA/ ARSA သူတို့ကျတော့ မနက် (၂) နာရီခွဲလောက်မှာဖြစ်တာပေါ့။ သူတို့ရဲအဖွဲ့က ကင်းပုန်း ဝပ်ရင်းနဲ့ ဖြစ်တယ်။ တပ်ကတော့ ကျနော်တို့ မနက် (၄) နာရီပိုင်း တိုက်ကူတာပေါ့။ အဲဒီဖက်ကျတော့ ရဲတပ်ဖွဲ့ဝင်တဦး ကျဆုံးတယ ဆိုတာသိရတယ်။ ပြီးရင် သူတို့ ခဲယမ်းတွေ ရလိုက်တာ ရှိတယ်။ ပြီးရင် အာရဗီစာသားနဲ့ပုံနှိပ်ထားတဲ့ စာအုပ်တအုပ် တွေ့တယ်။ ထုတ်ပြန်ထားတာတော့ ရှိတယ်။ အများစုဖြစ်နိုင်တာတော့ ARSA အဖွဲ့ပဲ ဖြစ်နိုင်ပါတယ်။ အဲဒီမောင်တောဘက်မှာတော့လေ။”

တိုက်ခိုက်မှုဖြစ်စဉ်အတွင်း ရဲတပ်ဖွဲ့ဝင် အရာရှိ ၁ ဦးကျဆုံးခဲ့ပြီး တဖက်အဖွဲ့ကကျန်ခဲ့တဲ့ သွေးစွန်းပြောက်ကျား Waist coat ၁ ထည်၊ M-22 ကျည်အိမ် ၃ခု၊ ခဲယမ်းမျိုးစုံ ၂၉ တောင့်၊ လက်လုပ်လက်ပစ်ဗုံး ၂ လုံး၊ စကားပြောစက် ၁ လုံး၊ ရီမုခလုတ် ၁ ခု၊ ဝါယာကြိုး ၁ ခွေနဲ့ အာရ်ဗီဘာသာနဲ့ပုံနှိပ်ထားတဲ့စာအုပ် ၁ အုပ်ကို တွေ့ရှိသိမ်းဆည်းရမိပြီး အဲဒီ အဖွဲ့ကို တပ်မတော်စစ်ကြောင်းကနေ လိုက်လံရှင်းလင်းနေတယ်ဆိုပြီး ဖေဖေါ်ဝါရီ (၁၄) ရက်စွဲနဲ့ မြဝတီသတင်းစာမှာ ဖေါ်ပြထားပါတယ်။

ရခိုင့်တပ်မတော်အနေနဲ့က ARSA အဖွဲ့နဲ့ ပူးပေါင်းတာမရှိသလို သူတို့အဖွဲ့အနေနဲ့ မနေ့က မောင်တောမှာ တိုက်ပွဲမဖြစ်ခဲ့ဘူးလို့ AA ပြန်ကြားရေးတာဝန်ခံ ခိုင်သုခကပြောပါတယ်။

“ဗမာစစ်တပ်ဘက်ကတော့ ကျနော်တို့ကို တလျှောက်လုံးနေပြီးတော့ စွပ်စွဲနေတာပဲ။ ကျနော်တို့ကတော့ အကြမ်းဖက်အဖွဲ့အစည်း တွေနဲ့လည်း အဆက်အစပ်မရှိဘူးဗျ။ မနေ့က မောင်တောမြို့နယ်အတွင်းမှာ ကျနော်တို့နဲ့ တိုက်ပွဲဖြစ်တာမရှိဘူး။ သူတို့ဘက်က ထုတ်ပြန်ချက်ထဲ အဲဒီမှာ ကျန်ခဲ့တယ်ဆိုတဲ့ အဲဒီကျည်ဆံတွေပေါ့။ ဗမာစစ်တပ်က သုံးတဲ့ ကျည်ဆံတွေဗျ။ အဲဒီကျည်ဆံတွေဟာ ဗမာစစ်တပ်ကနေပြီးတော့ တဖက်လှည့်နဲ့ ထုတ် ပေးထားတဲ့ သဘော ရှိတယ်။ မနေ့က ကျနော်တို့တိုက်ပွဲဖြစ်တာဆိုလို့ ဖေဖေါ်ဝါရီ (၁၄) ရက်နေ့မှာ ရသေ့တောင်မြို့နယ်၊ ရေစိုးချောင်းကျေးရွာအနီးမှာ တိုက်ပွဲဖြစ်ပွါးခဲ့တာတခုပဲ ရှိတယ်။”

ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွါးရာ ကာလာဒေးဗတ်တံတားဘက်နဲ့ တမိုင်ကျော်ကွာဝေးတဲ့ အောင်သပြေကျေးရွာက အုပ်ချုပ်ရေးမှူး ဦးသိန်းရွှေဦးကတော့ မနေ့ကတိုက်ခိုက်တဲ့ အဖွဲ့အစည်းကို မသိရှိသေးတဲ့အကြောင်း အခုလို ပြောပါတယ်။

“သူတို့ပစ်တာကျတော့အသံပဲ ကြားတယ်။ ကျနော်တို့ရွာနဲ့ တမိုင်ကျော်ကျော်လောက်ပေါ့။ မနေ့ကလည်း ရဲမှူးနဲ့ တွေ့တော့ အဲဒီမှာ သူတို့လည်း ဘယ်အဖွဲ့ဆိုတာ အတိအကျ ပြောလို့ မရသေးဘူးတဲ့။ အဖြေမပေးနိုင်သေးဘူး အဲဒီ လိုမျိုးပြောတယ်။”

မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ ရဲဇာနည်လူမှုကွန်ယက်စာမျက်နှာနဲ့ တပ်မတော်ပိုင်မြဝတီ သတင်းစာ ကနေ ရခိုင့်တပ်မတော် AA နဲ့ ARSA အဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်တယ်လို့ ထုတ်ပြန်ထားပေမဲ့လည်း မိမိတို့အဖွဲ့အစည်းကနေ တိုက်ခိုက်တာဖြစ်ကြောင်း ဘယ်အဖ့ွဲကမှ ထုတ်ပြန်တာ မတွေ့ရသေးပါဘူး။

တိုက်ပွဲဖြစ်တဲ့ နေရာဟာ မောင်တောမြို့နယ် မြန်မာဘင်္ဂလားဒေ့ရ်နယ်စပ်အနား မှတ်တိုင် (၅၁) (၅၂) အနားမှာ တည်ရှိ နေပါတယ်။

ပြီးခဲ့တဲ့ဇန္နာဝါရီလ (၂၄) ရက်နေ့မှာ ဘင်္ဂလားဒေ့ရှ်မြန်မာနယ်စပ်၊ မောင်တောမြို့နယ် တောင်ပြိုလက်ဝဲမြောက်ဘက် မိုင်တိုင်အမှတ် BP ၄၁ အနီးမှာ ရှိတဲ့ မြန်မာနယ်ခြားစောင့် ရဲကင်းစခန်းတခုကို ARSA အဖွဲ့ကနေ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ တပ်မတော်ဘက်ကပြောဆိုခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG