သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တေးရေးဆရာ မောင်သစ်မင်း ကွယ်လွန်


တေးရေးဆရာ မောင်သစ်မင်း ကွယ်လွန်
တေးရေးဆရာ မောင်သစ်မင်း ကွယ်လွန်

တေးရေးဆရာ မောင်သစ်မင်းဟာ တနင်္ဂနွေနေ့ မနက်ပိုင်းက ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်မှာ ဆေးကုသမှု ခံယူရင်း ကွယ်လွန်သွားပါတယ်။ စတီရီယို ဂီတလောက ခေတ်ဦးကတည်းကနေ အခုချိန်ထိ အောင်မြင်ဆဲ တေးရေးဆရာ မောင်သစ်မင်း ကွယ်လွန်သွားတဲ့အတွက် မြန်မာ့ ဂီတလောကအတွက် ဆုံးရှုံးမှုတခု ဖြစ်တယ်လို့ ဂီတ လုပ်ဖော်ကိုင်ဘက်တွေက ပြောကြပါတယ်။ အပြည့်အစုံကို မသိင်္ဂီထိုက်က တင်ပြပေးထားပါတယ်။

မြန်မာ့ ဂီတလောကမှာ ကျော်ကြားတဲ့ တေးရေးဆရာ မောင်သစ်မင်းဟာ အသက် ၅၈ နှစ် အရွယ်မှာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့က စီမစ်တီဝေ့ ဆေးရုံမှာ ဆေးကုသရင်း တနင်္ဂနွေနေ့ မနက် မြန်မာစံတော်ချိန် ၈ နာရီခွဲ ကျော်ကျော်မှာ ကွယ်လွန်သွားခဲ့ပါတယ်။ တေးရေး မောင်သစ်မင်း ကွယ်လွန်ခဲ့တဲ့အတွက် မြန်မာ့ ဂီတလောကအတွက် ဆုံးရှုံးမှု ရှိပါတယ်လို့ တေးရေးဆရာ တဦးဖြစ်တဲ့ မြင့်မိုးအောင်က အခုလို ပြောပါတယ်။

“ကိုသစ်မင်းကတော့ အအောင်မြင်ဆုံး သီချင်းတွေ အများကြီး ရေးသားခဲ့တယ်။ ဂီတလောကနဲ့ ပတ်သက်တဲ့ လုပ်ကိုင်ရမယ့် ကိစ္စလေးတွေကိုလည်း သူက ဂီတအစည်းအရုံးမှာ တွဲဖက် အတွင်းရေးမှူးတယောက် အနေနဲ့ အများကြီး လုပ်ကိုင်သွားတယ်။ အဲဒီလိုမျိုး အရည်အသွေးတွေနဲ့ ရှိတဲ့သူ ဆိုတဲ့အတွက် ကျနော်တို့ ဂီတလောကမှာ အနုပညာပိုင်း ဆိုင်ရာရော၊ တေးဂီတလောကရဲ့ ဂီတလုပ်ငန်းတွေ တိုးတက်မှုမှာပါ ဘာပဲပြောပြော ဆုံးရှုံးတယ်လို့ ကျနော်တို့စိတ်ထဲမှာ ခံစားရပါတယ်။”

တေးရေးဆရာ မောင်သစ်မင်းဟာ မြန်မာနိုင်ငံ ဂီတအစည်းအရုံးမှာ တွဲဖက် အတွင်းရေးမှူးအဖြစ် တာဝန်ယူ လုပ်ဆောင်နေတဲ့အပြင် တေးရေးသူများ အသင်းမှာလည်း တာဝန်ယူ လုပ်ဆောင်နေသူတဦး ဖြစ်ပါတယ်။ ဒါ့အပြင် မြန်မာ့ရုပ်သံမှာလည်း ခေတ်ပြိုင် ဂီတမှတ်တိုင်များဆိုတဲ့ အစီအစဉ်ကို တာဝန်ယူ လုပ်ဆောင်နေပါတယ်။ မြန်မာ့ ဂီတလောကကို ၁၉၇၀ ပြည့်နှစ်တွေက စတင် ဝင်ရောက်လာပြီး သေဆုံးချိန်ထိလည်း တေးရေးဆရာ တယောက်အဖြစ် အောင်အောင်မြင်မြင် ရပ်တည်ခဲ့သူတဦး ဖြစ်ပါတယ်။

တေးရေးဆရာတယောက်အပြင် ဘာသာပြန် ကဗျာတွေ၊ ကိုယ်တိုင်ရေး ဝတ္ထုတွေလည်း ရေးသားခဲ့သူ ဖြစ်တဲ့ မောင်သစ်မင်းဟာ စိတ်ခံစားမှုကို ဦးစားပေးသူ ဖြစ်တယ်လို့လည်း ဂီတ လုပ်ဖော်ကိုင်ဘက် မြင့်မိုးအောင်က ပြောပါတယ်။

“သူက စဉ်းစားတွေးခေါ်တာထက်စာရင် ခံစားမှုကိုလည်း ဦးစားပေးတတ်တဲ့ လူတယောက်ဖြစ်တော့ ကျနော်ကတော့ သူ့ကို တွေ့ကြုံ ဆက်ဆံဖူးပါတယ်။ သူက သူငယ်ချင်း အပေါင်းအသင်းတွေ၊ လုပ်ဖော်ကိုင်ဘက်တွေကို ဖြစ်စေ၊ ကျနာ်တို့ ညီအကိုအရွယ် လူတွေကိုပဲ ဖြစ်စေ သူက လူကြီးလို တသီးတသန့် မနေဘဲနဲ့ ကျနော်တို့နဲ့ ညီအကိုတွေလို ပေါင်းပြီးတော့ အများကြီး အနစ်နာခံ လုပ်ခဲ့တာတွေ ရှိပါတယ်။”

သူ့ရဲ့ တေးသီချင်းတွေကို ခေတ်ဟောင်း ခေတ်သစ် တေးသံရှင်များစွာ သီဆိုခဲ့ကြတာပါ။ ဒီထဲက တယောက်ဖြစ်တဲ့ တေးသံရှင် ထွန်းအိန္ဒြာဗိုလ်ကတော့ မောင်သစ်မင်းဟာ သူ့အပေါ်မှာ ကျေးဇူးရှိဖူးပါတယ်လို့ ပြောပါတယ်။

“ကိုသစ်မင်းရဲ့ သီချင်းတွေ များစွာ ကျမ ဆိုဖူးပါတယ်။ ကျမကို ထွန်းအိန္ဒြာဗိုလ်အဖြစ် ပရိသတ်က အသိအမှတ် ပြုပေးတဲ့ သီချင်းပေါင်း များစွာလည်း ပါဝင်ခဲ့ပါတယ်။ ကိုသစ်မင်းက ကျမအတွက် ကျေးဇူးရှိတဲ့ သူတယောက် ဖြစ်ပါတယ်။

“ကျမ သူမဆုံးခင် ပြီးခဲ့တဲ့ တလလောက်က ဆေးရုံသွားကြည့်ပါသေးတယ်။ နေကောင်းပါတယ်၊ ရွှင်ရွှင်လန်းလန်းပါပဲ။ အလုပ်အကြောင်းတော့ သိပ်မပြောဖြစ်ဘဲ အလာပ သလာပပေါ့၊ အဲဒီအချိန် ဆေးရုံပေါ်ဆိုတော့။ တခြား တေးရေးဆရာ မိတ်ဆွေ အပေါင်းအသင်း၊ အသိုင်းအဝိုင်း ရောင်းရင်းတွေလည်း များစွာ ဆုံခဲ့ရတော့ အလုပ်အကြောင်းထက် တခြား သူ စိတ်ပျော်ရွှင်စေမယ့် အလာပ သလာပပဲ ပြောဖြစ်ပါတယ်။ ကျမကို အဆိုတော်ဖြစ်ဖို့ ပံ့ပိုးကြတဲ့ တေးရေးဆရာ များစွာထဲက တယောက်ပါပဲရှင်။ ကိုသစ်မင်း ကောင်းရာသုဂတိ လားပါစေလို့ ကျမ ဆုတောင်းပါတယ်။”

မြန်မာ့ ဂီတလောကရဲ့ ထင်ရှားတဲ့ တေးရေးဆရာ မောင်သစ်မင်းရဲ့ နောက်ဆုံး အခြေအနေကိုတော့ ကွယ်လွန်ချိန်မှာ အနားမှာ ရှိခဲ့တဲ့ တေးရေးဆရာ မြင့်မိုးအောင်က အခုလို ပြောသွားပါတယ်။

“ပထမ စစချင်း ရောဂါကတော့ အူမကြီးကင်ဆာပေါ့၊ တဖြည်းဖြည်းနဲ့ နောက်ကျတော့ အသည်းတို့ ဘာတို့ပါ ပြန့်သွားတဲ့သဘော ဖြစ်တယ်။ ကျနော်တို့ ဒီမှာလာပြီး အစွမ်းကုန် ကြိုးစားတယ်၊ ကုသကြတယ်။ အဲဒီလို အများကြီး လုပ်ပေမဲ့လည်း သူ့ရဲ့ ရောဂါအခြေအနေ၊ အသိနောက်ကျတာတို့ ဘာတို့ အချက်လေးတွေကြောင့်ပဲ သူ့အသက်ကို မမီလိုက်ဘူးပေါ့။ အသက်ကို ကောင်းကောင်းမွန်မွန် မကယ်ဆယ်နိုင်လိုက်ဘဲ အခုလို ဆုံးပါးသွားရတာပါ။”

ကွယ်လွန်သူ တေးရေး မောင်သစ်မင်းကို ဘန်ကောက်မြို့တော်မှာ သဂြုႋဟ်ဖို့ စီစဉ်ထားပြီး ကျန်ရစ်တဲ့ အရိုးပြာကို မြန်မာနိုင်ငံကို ပြန်လည်သယ်ဆောင်ဖို့ စီစဉ်ထားတယ်လို့လည်း ပြောကြပါတယ်။ သူကွယ်လွန်ချိန်မှာတော့ သား ၃ ယောက် ကျန်ရစ်ခဲ့ပါတယ်။

XS
SM
MD
LG