သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မောင်တောမှာ တာလီဘန် မသင်္ကာသူတွေကို လိုက်လံဖမ်းဆီး


မောင်တောမှာ တာလီဘန် မသင်္ကာသူတွေကို လိုက်လံဖမ်းဆီး
မောင်တောမှာ တာလီဘန် မသင်္ကာသူတွေကို လိုက်လံဖမ်းဆီး

ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ နယ်စပ် ရခိုင်ပြည်နယ် မောင်တောမြို့မှာ လူ ဒါဇင်ပေါင်းများစွာကို တာလီဘန် သောင်းကျန်းသူတွေနဲ့ ဆက်နွယ်မှု ရှိတယ်လို့ စွပ်စွဲပြီး မြန်မာအာဏာပိုင်တွေက ဖမ်းဆီး စစ်ဆေးနေပါတယ်။ တာလီဘန်အဖွဲ့နဲ့ ဆက်နွယ်မှု ရှိတယ်လို့ ယူဆရသူ ဘင်္ဂလားဒေ့ရှ် နိုင်ငံသား တဦးက အကြမ်းဖက် တိုက်ခိုက်ရေးဆိုင်ရာ သင်တန်းတွေ လာပေးသွားတယ်လို့ ဆိုပြီးနောက်မှာ အခုလို ဖမ်းဆီးမှုတွေ ဖြစ်လာတာပါ။ ဒီလို ဖမ်းဆီးမှုတွေကြောင့် မောင်တော ဒေသခံတွေ ကြားမှာလည်း စိုးရိမ်မှုတွေ ကြီးထွားလာနေပါတယ်။ ဘင်္ဂလားဒေ့ရှ် အစိုးရကတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး မြန်မာအာဏာပိုင်တွေက သူတို့ကို တစုံတရာ အသိပေးခြင်း မရှိဘူးလို့ ဗွီအိုအေကို ပြောခဲ့ပါတယ်။ အပြည့်အစုံကို ဆက်သွယ် စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

ရခိုင်ပြည်နယ် နတ်မြစ်ကမ်းခြေ မောင်တောမြို့နယ် အတွင်းမှာ အခုလို တာလီဘန်နဲ့ ဆက်နွယ်နေတယ်လို့ ဆိုသူတွေကို ဖမ်းဆီးပြီး ဒီကိစ္စမှာ အဓိက တာဝန်အရှိဆုံးလူလို့ ယူဆရသူကိုတော့ အခုချိန်ထိ ဖမ်းမမိသေးတဲ့အတွက် အာဏာပိုင်တွေက လိုက်လံ ရှာဖွေနေပါတယ်။ အခုချိန်ထိတော့ ဖမ်းမိထားတဲ့ သူတွေကို အာဏာပိုင်တွေက စစ်ဆေးမှုတွေ လုပ်နေတဲ့အကြောင်း မောင်တောမြို့နယ် ဒေသခံတဦးက အခုလို ပြောပြပါတယ်။

“အခုဖမ်းထားတဲ့ သူတွေကို မောင်တော နစက ဌာနချုပ်မှာ စစ်ဆေးနေပါတယ်။ အဲဒီကိစ္စနဲ့ ပတ်သက်လို့ ခေါင်းဆောင် ၈ ဦးကို စစ်ဆေးမေးမြန်းနေပါတယ်။ နောက်ပြီးတော့ လူပေါင်း ၃၀၊ ၄၀ ကိုတော့ ဌာနချုပ်က အချုပ်ထဲမှာ ထားပြီး စစ်ဆေးနေပါတယ်။ တာလီဘန်နဲ့ ဆက်နွယ်နေတယ်ဆိုပြီး စစ်ဆေးနေတယ်၊ ဒီလူတွေဟာ စစ်အစိုးရ စခန်းတွေကို ဗုံးဖောက်ခွဲမယ်ဆိုပြီး သတင်းတွေ ကြားနေရပါတယ်။ မောင်းတောမြို့နယ် အတွင်းက လူတွေကတော့ တအားကြောက်ပြီး တိမ်းရှောင်နေကြသလို ကွမ်းသီးပင်၊ ခမောက်ချိတ်၊ အောင်သပြေ၊ တောင်ပြို၊ ကတုန်းရွာ၊ မောကြီးရွာ စတဲ့ရွာတွေက လူတွေကတော့ တအားကို လန့်ပြီး ထွက်ပြေးနေကြတယ်။” လို့ ပြောသွားပါတယ်။

ဘင်္ဂလားဒေ့ရှ် အခြေစိုက် နိရဉ္စရာ သတင်းမှာတော့ တာလီဘန်နဲ့ ဆက်နွယ်မှု ရှိတယ်လို့ သင်္ကာမကင်းသူ ၈၀ လောက်ကို နစက က ဖမ်းဆီးထားပြီး ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ ဒါပေမဲ့ ဘယ်နှစ်ယောက်ကို ဖမ်းထားတယ် ဆိုတာကိုတော့ အတိအကျ မသိရသေးပါဘူး။

အခုလို မြန်မာနိုင်ငံအတွင်း အကြမ်းဖက်မှုနဲ့ ဆက်နွယ်တယ်လို့ သင်္ကာမကင်းသူတွေကို ဖမ်းထားတယ်ဆိုတဲ့ ကိစ္စနဲ့ ပတ်သက်လို့ သူတို့ဘက်ကို မြန်မာအာဏာပိုင်တွေဘက်က တစုံတရာ အသိပေး အကြောင်းကြားလာတာ မရှိသေးဘူးလို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီးဌာန အရှေ့တောင်အာရှဆိုင်ရာ ညွှန်ကြားရေးမှူး ဂူလန် ဆာဝန် (Gulan Sarwan) က ပြောပါတယ်။

“အကြမ်းဖက်မှုနဲ့ ပတ်သက်တဲ့ ကိစ္စတွေ ပေါ်လာရင် ပူးပေါင်း ဆောင်ရွက်နိုင်ဖို့အတွက် ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနိုင်ငံ အကြားမှာ ပူးတွဲကော်မရှင် ဖွဲ့ထားပြီးသားပါ။ အခု မြန်မာနိုင်ငံထဲမှာ အကြမ်းဖက်မှုနဲ့ ဆက်နွယ်တဲ့ သူတွေကို ဖမ်းမိတယ်ဆိုတဲ့ ကိစ္စနဲ့ ပတ်သက်လို့တော့ ကျနော်တို့ဆီကို မြန်မာအာဏာပိုင်တွေဘက်က တစုံတရာ အကြောင်းကြားလာတာမျိုး မရှိသေးပါဘူး။ ဒီကိစ္စနဲ့ ပတ်သက်လို့လည်း ကျနော်တို့ တစုံတရာ သိရှိခြင်း မရှိပါဘူး။”

အကြမ်းဖက် အဖွဲ့အစည်းတွေနဲ့ ဆက်နွယ်မှု ရှိတယ်လို့ သင်္ကာမကင်းသူတွေကို ဒေသခံ အာဏာပိုင်တွေက လိုက်လံ ဖမ်းဆီးနေတဲ့အတွက် ဒေသခံတွေအကြား စိုးရိမ်မှုတွေ ကြီးထွားပြီး လှုပ်လှုပ်ရွရွ ဖြစ်နေတဲ့ တချိန်တည်းမှာပဲ ဒီကိစ္စကို စုံစမ်းစစ်ဆေးဖို့အတွက် တိုင်းမှူးကိုယ်တိုင် ဆင်းလာတယ်ဆိုတဲ့ သတင်းတွေလည်း ဒေသခံတွေကြားမှာ ထွက်ပေါ်နေပါတယ်။

မြန်မာနိုင်ငံအတွင်း တခြား အကြမ်းဖက် ဆူပူမှုတွေနဲ့ ပတ်သက်လို့ ဖမ်းဆီး ထိန်းသိမ်းမှုတွေ အရင်က ရှိခဲ့ပေမဲ့ တာလီဘန် သောင်းကျန်းသူတွေက လာပြီး သင်တန်းပေးတယ်၊ တာလီဘန် သောင်းကျန်းသူတွေနဲ့ ဆက်နွယ်တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ဖမ်းဆီးတာ ဒါ ပထမဆုံး ဖြစ်ပါတယ်။

XS
SM
MD
LG