သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မော်လမြိုင်ရေကြီးရေလျှံ ကလေးသုံးဦးသေဆုံး


မွန်ပြည်နယ်၊ကျိုက်ထိုမြို့နယ်တွင်းရေကြီးရေလျှံတဲ့ဒေသတွေကို ကူညီဖို့ သွားနေတဲ့တပ်ဖွဲ့များ၊ သြဂုတ် ၁၂၊ ၂၀၁၉
မွန်ပြည်နယ်၊ကျိုက်ထိုမြို့နယ်တွင်းရေကြီးရေလျှံတဲ့ဒေသတွေကို ကူညီဖို့ သွားနေတဲ့တပ်ဖွဲ့များ၊ သြဂုတ် ၁၂၊ ၂၀၁၉
မွန်ပြည်နယ်၊ မော်လမြိုင်မြို့ပေါ်မှာ ရေကြီးတဲ့အတွက် ကလေးငယ် ၃ ဦး သေဆုံးခဲ့ရပြီး ကယ်ဆယ်ရေး စခန်းတွေလည်း ဖွင့်လှစ်ထားရတယ်လို့ ကယ်ဆယ်ရေး ဆောင်ရွက်သူတွေက ပြောပါတယ်။ မိုးဆက်ပြီး ရွာသွန်းနေမယ်ဆိုရင် အခုထက် အခြေအနေဆိုးရွားလာမှာကိုလည်း ဒေသခံတွေ စိုးရိမ်နေပါတယ်။ မော်လမြိုင်မြို့က ရေကြီးရေလျှံတဲ့ အခြေအနေတွေကို ရန်ကုန်ကနေ သတင်းပေးပို့ထားပါတယ်။
မွန်ပြည်နယ်၊ မော်လမြိုင်မြို့မှာ ဇူလိုင် ၁၈ ရက် ညပိုင်းကစလို့ ဇူလိုင် ၁၉ ရက် မနက်ပိုင်းအထိ မိုးအဆက် မပြတ်ရွာသွန်းနေတဲ့အတွက် မြို့ပေါ်က နေရာအချို့မှာ ရေကြီးရေလျှံနေတာပါ။ မြို့ရဲ့ အနိမ့်ပိုင်းရပ်ကွက် တွေ ဖြစ်တဲ့ သီရိမင်္ဂလာ၊ သီရိမြိုင်၊ ဇေယျာမြိုင်၊ ဈေးချိုရပ်ကွက် စတဲ့ရပ်ကွက် ၆ ခုမှာရေကြီး နေတာဖြစ်ပါတယ်။
ဇူလိုင် ၁၉ မနက်ပိုင်းမှာ ကလေးငယ် ၁ ဦး သေဆုံးခဲ့ပြီး နေ့လည်ပိုင်းမှာတော့ ဘောလုံးဆင်းကောက်ရာ ကနေ မြောင်းထဲပြုတ်ကျပြီး ကလေးငယ် ၂ ဦး၊ စုစုပေါင်း ကလေးငယ် ၃ ဦး ရေနစ်သေဆုံးခဲ့တာ လည်းဖြစ်ပါတယ်။ လက်ရှိ မော်လမြိုင်မြို့ပေါ်မှာ ကယ်ဆယ်ရေးစခန်း ၄ ခု ဖွင့်လှစ်ထားပြီး လူဦးရေ ၆၀၀ လောက် ရေဘေးဒုက္ခကြုံတွေ့နေရတယ်လို့ ဘိုဘိုဝင်း အရေးပေါ်ကူညီကယ်ဆယ်ရေး အဖွဲ့ ဥက္ကဌ ကိုဘိုဘိုဝင်းက အခုလို ပြောပါတယ်။
“ညပိုင်းမှာရွာတာ တော်တော်လေးကို ဆိုးလာတယ်။ မနက် ၃ နာရီလောက်ကနေ မနက် ၈ နာရီကျော် အထိကို တော်တော်လေးကို ရွာလာတဲ့အခါမှာ အဲ့မှာရေတွေက ရေကြီးရေလျှံဖြစ်သွားတာ။မနက်ပိုင်းမှာ ကလေး ၁ ယောက်သေဆုံးတယ်ပေါ့နော်။ ရေနစ်သေဆုံးတယ်။ ၃ နာရီလောက်မှာ ဘောလုံးဆင်း ကောက်ရာကနေ မြောင်းထဲ ကလေး ၂ ယောက်ကျသွားတာပေါ့။ အဲ့ကလေး ၂ ယောက်လည်း ဆုံးသွားတယ်။ စုစုပေါင်း ၃ ယောက်သေဆုံးတယ်။ ဈေးချို ဓမ္မာရုံမှာတခုရှိတယ်။ ဇေယျာမြိုင် ရွှေစေတီ ဘုန်းကြီးကျောင်းမှာ တခုရှိတယ်။ အ.မ.က ကျောင်းမှာတခုရှိတယ်။ ပြီးတော့ လှိုင် (ရပ်ကွက်) မှာရှိတယ်။ အားလုံး ၄ နေရာ လူဦးရေ ၆၀၀ ကျော်ဗျ။”
ကလေးငယ် ၃ ဦးသေဆုံးခဲ့တာအပြင် အုတ်တံတိုင်းပြိုကျတာတွေလည်းရှိပြီး ဒဏ်ရာရရှိသူအချို့လည်း ရှိတယ်လို့ ကူညီကယ်ဆယ်ပေးသူတွေက ပြောပါတယ်။
နေ့လည်ပိုင်းမှာ မိုးရွာသွန်းတာ နည်းသွားလို့ ရေအနည်းငယ် ကျသွားပေမယ့် မိုးဆက်ပြီးရွာလာရင် အခုထက်ပိုပြီး ရေကြီး ရေလျှံတာတွေ ဖြစ်လာမှာကိုလည်း ဒေသခံတွေက စိုးရိမ်နေပါတယ်။ ဒီအခြေအနေနဲ့ ပတ်သက်လို့ ဒေသခံတဦးက ခုလိုပြောပါတယ်။
“နည်းနည်းတော့ ပြန်ကျသွားပြီ။ မိုးတိတ်သွားရင် ပြန်ကျသွားတယ်။ မိုးရေပဲ။ မိုးရေက ခံနေတာ။ မိုးရေခံနေတော့ မကျဘူး။ အခုတော့ နည်းနည်းမိုးတိတ်သွားတော့ နည်းနည်းလေး လျှော့သွားပြီ။ နိမ့်တဲ့နေရာတွေကတော့ သူတို့ကတော့ မြုပ်နေတာပေါ့။ မိုးရွာရင် သိပ်မနေနိုင်ဘူး။ ဒီရေနဲ့မိုးနဲ့ဆုံရင် မနေနိုင်ဘူး။”
လက်ရှိမှာ မီးသတ်တပ်ဖွဲ့ဝင်တွေအပါအဝင် ကူညီကယ်ဆယ်ရေး အသင်းအဖွဲ့တွေက ရေကြီးရေလျှံနေတဲ့ ရပ်ကွက်က လူတွေကို အရေးပေါ်ရွှေ့ပြောင်းပေးတာတွေ လုပ်ဆောင်နေပြီး အနိမ့်ပိုင်းရပ်ကွက်တွေအပြင် ချောင်းနဲ့နီးတဲ့ ရပ်ကွက်တွေမှာ ရေကြီးရေလျှံ နေသေးတယ်လို့ ကယ်ဆယ်ရေး ဆောင်ရွက်ပေး နေသူ တွေက ပြောပါတယ်။
မိုးရွာသွန်းတဲ့အခြေအနေတွေနဲ့ ပတ်သက်လို့ မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ကပ္ပလီပင်လယ်နဲ့ ဘင်္ဂလား ပင်လယ်အော်တို့မှာ မုတ်သုံလေ အားကောင်းနေတဲ့အတွက် မွန်ပြည်နယ်၊ ကရင်ပြင်နယ်၊ ဧရာဝတီတိုင်း၊ မန္တလေးတိုင်းနဲ့ ရန်ကုန်တိုင်း စတဲ့နေရာတွေမှာ နေရာကွက်ပြီး မိုးကြီးနိုင်တယ်လို့ အသိပေးထုတ်ပြန်ထားပါတယ်။
XS
SM
MD
LG